သတင်း

မကွေး၊ ကျောက်ထု အမြောက်တပ်က အနီးရှိရွာကို မီးရှို့

စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းရှိ ရင့်ရဲရွာကို ယမန်နေ့ (မေ ၃၁) ညနေပိုင်းတွင် စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့ရာ အိမ်ခြေ ၂၇ လုံး ပျက်စီးခဲ့ပြီး ဒေသခံ အမျိုးသားတစ်ဦး မီးလောင်သေဆုံးသည်ဟု စုံစမ်းသိရှိရသည်။

ကျောက်ထုမြို့ တောင်ဘက်၊ ၅ မိုင်ခန့်အကွာ မင်းတပ်-ပခုက္ကူကားလမ်းပေါ်ရှိ ရင့်ရဲရွာကို အင်အား ၂၀ နီးပါးဖြင့် လာရောက်မီးရှို့သည့် တပ်ဖွဲ့မှာ ရွာအနီးတွင် အခြေစိုက်သည့် အမြောက်တပ်မှ ဖြစ်သည်ဟု စစ်ကောင်စီကို အာခံ၍ ဒေသတွင်း အရေးကိစ္စများကို စီမံခန့်ခွဲနေသည့် ကျောက်ထုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။

ရင့်ရဲရွာမှာ ကျောက်ထုအမြောက်တပ်နှင့် တစ်မိုင်ခန့်သာ ကွာပြီး စစ်ရေးတင်းမာနေသဖြင့် ရွာခံအများအပြား အိုးအိမ်စွန့်ခွာထွက်ပြေးနေကြသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်ကြောင်း၊ ယမန်နေ့က စစ်ကောင်စီမီးရှို့မှုကြောင့် ကျေးရွာအတွင်း သေဆုံးသူမှာ ကျန်းမာရေးမကောင်းသူဖြစ်ကြောင်း မြို့နယ်ပအဖခေါင်းဆောင် အမျိုးသားက ဆိုသည်။

“အရင်တစ်ခေါက်က ဝင်ပြီးဖျက်ဆီးထားတော့ စစ်ဘေးရှောင်အနေနဲ့ ဘေးမှာ ရှောင်နေရတာ များတယ်။ ရွာထဲမှာတော့ သွားနိုင်လာနိုင် ပြေးနိုင်လွှားနိုင် သန်သန်မြန်မြန်တွေပဲ ကျန်ခဲ့တယ်။ အဲဒီလို … အထဲကမှ ခဏပြန်လာနေတဲ့အထဲက တစ်ယောက်သေဆုံးသွားတယ်”။

သေဆုံးသူနှင့် အိမ်ခြေ ၁၀၀ နီးပါးရှိ ရင့်ရဲရွာမှ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတို့၏ အသေးစိတ်အချက်အလက်များကိုမူ ထိုသူက ထုတ်မပြောသလို ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကျောက်ထုနှင့် နယ်မြေစပ်လျက် ချင်းပြည်နယ် မင်းတပ်အနီးတစ်ဝိုက်တွင် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲများရှိသော်လည်း ရင့်ရဲရွာအနီးတွင် မည့်သည့်တိုက်ပွဲမျှမရှိဘဲ စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း ဆောမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

“ရွာက သူတို့နေတဲ့ အမြောက်တပ်နဲ့ နီးတယ်ပေါ့။ ဘာကြောင့်ရှို့တယ်ဆိုတာတော့ နားမလည်နိုင်ဘူး။ ဘာတိုက်ပွဲမှလည်း ရှိတာမဟုတ်ဘူး။ တိုက်ပွဲဖြစ်တာက အနောက်ဘက်မှာပေါ့။ တော်တော်ကွာပါသေးတယ်။ အမြောက်တပ်ရဲ့ လုံခြုံရေးကြောင့်ပဲ ဒီရွာကို မီးရှို့သွားသလား။ အဲ့လိုပဲ သုံးသပ်ပါတယ်”။

ရင့်ရဲရွာထဲ စစ်ကောင်စီတပ်ဝင်ရောက်မီးရှို့ချိန်တွင် တော်လှန်ရေးအဖွဲ့က လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားကြောင်း အထက်ပါ ပအဖခေါင်းဆောင်ထံမှ သိရသည်။

“အဲ့ဒီလိုပစ်တော့ သူတို့ဆုတ်သွားတဲ့အချိန်မှာ မီးဝင်ငြှိမ်းလိုက်နိုင်တဲ့ အနေအထားရှိတယ်။ မဟုတ်ရင်တော့ ဒီထက်ပိုပြီး ပျက်စီးမယ့်အနေအထားပေါ့”။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ရင့်ရဲရွာ တည်နေရာ။

ခုခံမှုအားကောင်းသည့် တောင်တန်းဒေသ ချင်းပြည်နယ်ရှိ မင်းတပ်မြို့နှင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော မကွေးတိုင်း ကျောက်ထုမြို့အနီးတစ်ဝိုက်တွင် လွန်ခဲ့သော နှစ်နှစ်ကျော် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။

မေလ ၂၆ ရက်ကပင် ကျောက်ထုမြို့မှတစ်ဆင့် မင်းတပ်မြို့သို့ ခြေလျင်တက်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ကန်ပက်လက်၊ မင်းတပ်အခြေစိုက် ချင်းဒေသကာကွယ်ရေးအဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မကွေးတိုင်း ဂန့်ဂေါခရိုင် တော်လှန်ရေးတပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

အဆိုပါ စစ်ကောင်စီ ခြေလျင်တပ်ဖွဲ့ မင်းတပ်အခြေစိုက် အမှတ် (၂၇၄) ခြေမြန်တပ်ရင်းမှတစ်ဆင့် ကျောက်ထုဘက်သို့ ပြန်လာချိန် မေ ၂၈၊ ၂၉ ရက်များတွင်လည်း ချင်း-မကွေး နယ်စပ်တစ်လျှောက် တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုများ ရှိသည်။ အသေးစိတ်ကိုမူ မသိရပေ။

ထိုစစ်ကြောင်းသည် ယနေ့တိုင် ကျောက်ထုမြို့သို့ ပြန်မရောက်သေးဘဲ ချင်း-မကွေးနယ်စပ်တွင် ရှိနေဆဲဖြစ်ရာ စစ်ရေးဆက်လက်တင်းမာနေကြောင်း အထက်ပါ တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းပြီး ချင်းပြည်နယ်နှင့် နယ်မြေချင်းကပ်နေသည့် မကွေးတိုင်း ဂန့်ဂေါ၊ ထီးလင်း၊ ဆောတို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ဖေဖော်ဝါရီလဆန်းက ထုတ်ပြန်ထားသည်။ တော်လှန်ရေးအင်အားစုများကလည်း ထိုဒေသများအတွင်း အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းကာ အရေးအရာများကို စီမံခန့်ခွဲနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button