သတင်း

ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံ၌ လူ ၅ ဦး အသတ်ခံရကာ ရွာ ၃၀ နီးပါး မီးရှို့ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းဒေသတွင် မေလ ၂၆ ရက်မှစ၍ စစ်တပ်က သုံးရက်ကျော်ကြာ ဝင်ရောက်စီးနင်းခဲ့စဉ် ဒေသခံ ၅ ဦး သတ်ဖြတ်ခံရသည့်အပြင် ရွာပေါင်း ၃၀ နီးပါးလည်း မီးရှို့ခံခဲ့ရသည်။

ရွာပေါင်း ၄၀ ကျော်ရှိသည့်အနက် ၂၇ ရွာအထိ မီးရှို့ခံရပြီး နေအိမ် ၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်က အင်အားရာဂဏန်းဖြင့် နှစ်ဖက်ညှပ်ကာ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံနှင့် ဒေသခံ ရွာသားများထံမှ သိရသည်။

စတင်ဝင်ရောက်စီးနင်းသည့် မေလ ၂၆ ရက်နေ့တွင် မိဖုရားရွာမှ အသက် ၃၅ နှစ်အရွယ် မခင်အေးပို ကျည်ထိမှန် သေဆုံးခဲ့ကာ နောက်ရက်များတွင် နန်ဦး၊ ရေရှားနှင့် မဲကုန်းရွာတို့မှ အသက် ၄၀ နှင့် ၆၀ အရွယ် ရွာသားလေးဦး အနီးကပ်ပစ်သတ်ခံရသည်။

ချင်းတွင်းမြစ် အနောက်ဘက်ကမ်းပေါ်ရှိ ရေစကြိုမြို့မှ ထွက်လာသည့် စစ်သားများက မေ ၂၆ ရက်နေ့ နံနက်တွင် ရေလယ်ကျွန်းမြောက်ပိုင်းရှိ မိဖုရားရွာကို လက်နက်ကြီးများပစ်ခတ် စီးနင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မိဖုရားရွာမှ မခင်အေးပိုဆိုသည့် အမျိုးသမီးမှာ ထွက်ပြေးရန် ပြင်နေစဉ် ရွာအတွင်း ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရေလယ်ကျွန်းဒေသ ပကဖတာဝန်ခံက ပြောသည်။

“ရွာဝင်ဝင်ချင်းပဲ လက်နက်ကြီးနဲ့ ပစ်လိုက်တာ ရွာထဲ ကျသွားတာ။ သူက ရွာထဲကနေ ထွက်ပြေးမလို့ပဲ လုပ်နေသေးတာ၊ နောက်စေ့မှန်ပြီး သေသွားတာ”

နောက်တစ်ရက် မေ ၂၇ တွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း မြင်းခြံမြို့နယ်မှ လာသည့် စစ်တပ်က ဝင်ရောက် စီးနင်းစဉ် ဇရပ်တွင် ခိုလှုံနေသည့် ရွာသားနှစ်ဦး ပစ်သတ်ခံရသည်ဟု ရေလယ်ကျွန်းအနောက်ပိုင်း နန်းဦးရွာမှ ရွာသားတစ်ဦးက ပြောသည်။

အသက် ၄၀ အရွယ် ကိုသန်းဇော်မိုးဆိုသူမှာ ထွက်ပြေးစဉ် ပစ်သတ်ခံရပြီး ၄၄ နှစ်အရွယ် ကိုဝေလွင်မှာ အဖမ်းခံရပြီးမှ အနီးကပ်ပစ်သတ်ခံရခြင်းဖြစ်သည်ဟု နန်းဦးရွာသားက ဆိုသည်။

“သူတို့ပြန်တဲ့လမ်းမှာ သွားနေသလိုဖြစ်တာပေါ့။ (ဖမ်းမိတဲ့သူတွေကို) ရိုက်နှက်ပြီးတော့ ခေါင်းငုံ့ခိုင်းတယ်။

သူက လှမ်းလှမ်းကြည့်တော့ ကိုဝေလွင်ဆိုတဲ့သူကို နားထင်တေ့ပစ်လိုက်တာ။ နောက်တစ်ယောက်ကတော့ ထွက်ပြေးတဲ့အချိန် ရမ်းသန်းပစ်တော့ ထိသွားတာ”

ရွာသူရွာသားများ ခိုလှုံနေသည့် ဇရပ်အနီး လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ကလေး ၆ ဦးအပါအဝင် ၁၁ ဦးအထိ ဒဏ်ရာရခဲ့ပြီး ရွာသားတချို့ ဖမ်းဆီးခေါ်ဆောင်ခံရသည်။ ထို့ပြင် မီးရှို့ခံရသဖြင့် နန်းဦးရွာမှ နေအိမ် ၇၀ ကျော် မီးလောင်ပြာကျသည်ဟုလည်း အထက်ပါ ရွာသားက ဆိုသည်။

“စဝင်ဝင်ချင်း ရှို့တာပဲ။ ဘုန်းတော်ကြီးကျောင်းထဲက ကားကို ယူပြီး မီးကျည်တွေနဲ့ အိမ်တွေ လိုက်ပစ်တာ”

ထိုနေ့၌ပင် နန်းဦးရွာနှင့် ကပ်လျက်ရှိ ရေရှားရွာလည်း မီးရှို့ခံရပြီး၊ မီးငြှိမ်းသတ်ရန် ကြိုးပမ်းသည့် အသက် ၄၄ နှစ်အရွယ် ကိုဇော်ဝင်းဆိုသူလည်း ပစ်သတ်ခံရသည်။

မေလ ၂၈ ရက်နေ့တွင်လည်း မဲကုန်းရွာအတွင်း ဝင်ရောက်မီးငြှိမ်းသတ်သည့် ဒေသခံများကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ၆၅ နှစ်အရွယ် ဦးဖိုးဌေးဆိုသူ သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကြောင်းနှစ်ကြောင်းဖြင့် နှစ်ဖက်ညှပ်စီးနင်းခံရသည့်အပြင် ဒေသခံရွာသားများကို ဖမ်းဆီးခေါ်ဆောင်ထားသဖြင့် ပြန်လည်ခုခံရန် အခွင့်မသာခဲ့ကြောင်း ပကဖတာဝန်ခံက ဆိုသည်။

“ထိတွေ့မှုက မဖြစ်လိုက်ဘူး။ ကျွန်တော်တို့ ပြင်ထားတဲ့နေရာကနေ မလာဘူး။ တောလမ်းတွေကနေ မထင်မှတ်တဲ့နေရာတွေကနေ ဖြတ်လာ။ နောက်ပြီး ဓားစာခံ ၂၀ လောက်လည်း ဖမ်းထားတော့။ ကျွန်တော်တို့လည်း ပြည်သူကို ငဲ့ပြီး ဘာလုပ်လို့ လုပ်ရမှာမှန်း မသိတော့ဘူး”

“သူတို့ ဝင်သမျှရွာတွေ အကုန်ရှို့တာ။ တစ်ရွာပဲ မရှို့တာ၊ အနည်းအများပဲ ကွာသွားတာ ရွာတိုင်းပဲ။ စထွက်လာကတည်းက ပစ်ခတ်ရှို့တာပဲ” ဟုလည်း ပကဖတာဝန်ခံက ပြောသည်။

မေလ ၂၉ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ခု ပူးပေါင်းကာ ရေစကြိုမြို့နယ်ဘက်သို့ ပြန်ဆုတ်သွားသည်ဟု သိရသည်။

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကောက်ယူထားသည့်စာရင်းအရ ရေလယ်ကျွန်းပေါ်ရှိ ရွာ ၂၈ ရွာကို စစ်တပ်က စီးနင်းခဲ့ခြင်းဖြစ်ကာ မီးရှို့ခံရသည့် ၂၇ ရွာမှ နေအိမ် ၆၀၅ လုံး မီးလောင်ပြာကျသည်ဟု သိရသည်။

ချင်းတွင်းမြစ်ကြောင်းနှင့် ဧရာဝတီမြစ်အကြားရှိ ရေလယ်ကျွန်းဒေသတွင် မေလလယ်ပိုင်းက တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် မြစ်ရေလွှမ်းကာ စိုက်ပျိုးရေးလုပ်ငန်းအများအပြား ထိခိုက်ပျက်စီးသည်ဟုလည်း သိရသည်။

လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ကာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင်လည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

“ရေကြီးတဲ့ဒဏ် ခံရတယ်။ စိုက်ခင်းတွေ ရစရာမရှိအောင် ပျက်စီးသွားတယ်။ ဆုံးရှုံးပြီးပြီးချင်းပဲ စစ်ကြောင်းနှစ်ကြောင်းနဲ့ စီးနင်းတယ်။ အကြမ်းဖက်စစ်တပ်ပီပီ ကျွန်တော်တို့ကို အကြမ်းဖက်ပြီး ဒုက္ခပေးတယ်။ ပြန်လည်ထူထောင်ရေးကို ဝိုင်းဝန်းပေးပါလို့ ပြောချင်ပါတယ်” ဟု ရေစကြိုပကဖ တာဝန်ခံက ပြောသည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့နှင့် ထိစပ်နေသော မကွေးတိုင်းအစွန်းအဖျားရှိ ရေလယ်ကျွန်းဒေသကို ပြီးခဲ့သည့်နှစ်အတွင်းကလည်း စစ်ကောင်စီတပ်က အကြိမ်ကြိမ်ဝင်ရောက်စီးနင်းကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button