ဆောင်းပါး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့က လူဖမ်းဆီးမှု အရှုပ်တော်ပုံ

ရခိုင်ပြည်နယ်တွင် အင်အားကောင်းသော ရခိုင်အမျိုးသားပါတီ ANP ၏ တောင်ကုတ်မြို့နယ် ခေါင်းဆောင်တစ်ဦး၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌဟောင်းတို့ကို ရဲက ဆက်တိုက်ဖမ်းဆီးခဲ့ပြီးနောက် ယခင်က နိုင်ငံရေးအရ ငြိမ်သက်နေခဲ့သည့် ရခိုင်အမျိုးသားရေး သိပ်မပြင်းထန်သော ပြည်နယ်တောင်ပိုင်းမြို့သည် လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။

ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စစ်မီးနှင့် နိုင်ငံရေးအတက်အကျ ရေချိန်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကဲ့သို့ မဟုတ်ပေ။ နိုင်ငံရေးထက် စီးပွားရေးကို ပို၍ အားစိုက်ကြသည်။ တောင်ကုတ်မြို့သည် ရခိုင်ပြည်နယ်နှင့် တိုင်းဒေသကြီးများကြား ကူးလူးဆက်ဆံရာမြို့ဖြစ်သလို မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာ လမ်းကြောင်းပေါ်တွင် အဓိကကျသည့် မြို့လည်းဖြစ်သည်။

၂၀၁၂ ခုနှစ်က မွတ်စလင်ခရီးသွား ၁၀ ဦး အသတ်ခံခဲ့ရသည့်ဖြစ်စဉ်ကြောင့် သတင်းများတွင် မြို့နာမည် ပါခဲ့သည်ကလွဲလျှင် သတင်းစာမျက်နှာများပေါ်တွင် တွေ့ရခဲသည်။

သို့သော် တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့ကို ရဲတပ်ဖွဲ့က မေ ၉၊ ၁၀ နှင့် ၁၁ တို့တွင် ဆက်တိုက်ဖမ်းဆီးခဲ့ပြီးနောက် တောင်ကုတ်မြို့၏ နိုင်ငံရေးအခြေအနေက စိတ်ဝင်စားစရာကောင်းလာခဲ့သည်။

၎င်းတို့သုံးဦး ဖမ်းဆီးမခံရမီ တစ်ပတ်ခန့်အလိုတွင်လည်း တောင်ကုတ်မြို့နယ် အနောက်မြောက်ဘက်ရှိ ဘူးရွှေမော် ကျေးရွာသား အမျိုးသားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၅ တွင် ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရသူမှာ အသက် ၅၂ နှစ်အရွယ် ဦးသန်းရွှေဆိုသူဖြစ်သည်။ “ဓားများ ကိုင်ဆောင်ထားသည့် AA အဖွဲ့ဝင်များက” ဦးသန်းရွှေကို မေ ၅ က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်။ ထို့ပြင် ၎င်းမှာ ကျေးရွာ ကိုဗစ်နိုင်တင်း (COVID-19) ကာကွယ်ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဦးသန်းရွှေမှာ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နှင့် နီးကပ်သူတစ်ဦးဖြစ်ပြီး အဆိုပါနေ့ နံနက် ၁ နာရီခန့်က ၎င်း၏အိမ်တွင် အိပ်နေစဉ် ဓားကိုင်ဆောင်ထားသည့် AA အဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု တပ်မတော်က ထုတ်ပြန်သည်။ ဦးသန်းရွှေကို ဖမ်းဆီးခံရမှုမှ နောက်ဆုံး ANP ဒုဥက္ကဋ္ဌကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ချိန်ထိ ရက်သတ္တတစ်ပတ်ကြာ ကာလအတွင်းအဖြစ်အပျက်များသည် သီးခြားစီဟု ထင်စရာရှိသော်လည်း နောက်ကွယ်တွင် ဆက်စပ်မှုများ ရှိနေသည်။

ANP ပါတီမှာ ရခိုင်ပြည်နယ်တွင် အင်အားအကြီးဆုံးပါတီဖြစ်ပြီး ရခိုင်အမျိုးသားရေးကို ရှေ့တန်းတင်ထားသော မူဝါဒများကြောင့် ရခိုင်ဘာသာစကားနှင့် ရခိုင်ယဉ်ကျေးမှုကို ပိုမိုပျံ့နှံ့သော မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် လူထုထောက်ခံမှု ရှိသည်။ ၎င်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၃၅ နေရာအနက် ၁၈ နေရာနှင့် ပြည်ထောင်စုလွှတ်တော်တွင် ၄၉၈ နေရာတွင် ၂၂ နေရာနှင့် တတိယအများဆုံးအနိုင်ရခဲ့သည်။

သို့သော် မြန်မာပြည်မနှင့် ကူးလူးဆက်ဆံမှုပိုများသလို ရခိုင်စကားထက် ဗမာစကား ပိုတွင်ကျယ်သော ပြည်နယ်တောင်ပိုင်းမြို့များတွင်တော့ ၎င်း၏ ဩဇာမှာမူ ပြောပလောက်အောင် တောင့်တင်းမှုမရှိဘဲ ထိုမြို့နယ်များတွင် အဓိကပြိုင်ဘက်နိုင်ငံရေးပါတီ NLD ကို ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

ရခိုင်လူထုကြား ထောက်ခံမှုမြင့်နေသည့် AA ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရက “အမြစ်ပြတ်ချေမှုန်းရန်” ကြေညာထားပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ်လည်း ကြေညာထားသည်။ AA ကို ထောက်ခံမှုမြင့်နေသည့် ဒေသခံများ၏ ဆန္ဒမဲများကို အခြေတည်ရမည့် ANP ပါတီအနေနှင့်လည်း ယင်းကဲ့သို့ ကြားအခြေအနေတွင် လိပ်ခဲတည်းလည်း ဖြစ်နေသည်။

၂၀၁၉ ခုနှစ် အင်တာဗျူးတစ်ခုတွင် AA ၏ လက်နက်ကိုင်လမ်းစဉ်အပေါ်အမြင်နှင့်ပတ်သက်၍ ANP ပါတီခေါင်းဆောင် ဦးသာထွန်းလှအား Myanmar Now က မေးမြန်းရာ ယခုလို ပြန်ဖြေဖူးသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေမှာ လုပ်ပိုင်ခွင့်အာဏာ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆုံးရှုံးနေတဲ့အတွက်ကြောင့် နိုင်ငံရေးနည်းလမ်းအရ အဖြေမထွက်နိုင်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး လုပ်ကိုင်ဆောင်ရွက်လာတဲ့ သဘောရှိတယ်။ ဒါကြောင့် ကိုယ်အားသန်ရာ လက်နက်ကိုင်တဲ့လမ်းစဉ်နဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့ ဆုံးရှုံးနေတဲ့အခွင့်အရေးရရှိအောင် ကြိုးစားနေတယ်လို့ပဲ ကျွန်တော်တို့ သဘောပေါက်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ANP ပါတီ၏ခေါင်းဆောင်ပိုင်းများအတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့်ပတ်သက်၍ သဘောထားပျော့ပျောင်းသူများ ရှိမည်ဟု ယူဆရပြီး AA နှင့်ပတ်သက်ပြီး ခပ်ခွာခွာနေသော ရခိုင်ပြည်ရှိ NLD အင်အားစုများသည် ရခိုင်အမျိုးသားရေးကို လျစ်လျူရှုနေသည်ဟု ပြောဆိုမှုများရှိသည်။

ရန်ကုန်၊ တာမွေမြို့နယ်၊ အသောကလမ်းရှိ ရခိုင်အမျိုးသားပါတီ (ANP) ရုံးတွင် ဦးသာထွန်းလှအား ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ – ရိန်နူးအောင်/Myanmar Now)

ပါတီနှစ်ခုအကြား အထက်ပါကွဲလွဲမှုများမှဖြစ်ပေါ်လာသော မယုံကြည်မှုများ၊ သံသယများသည် ရခိုင်ပြည်နယ်တစ်ဝန်း AA ၏ လှုပ်ရှားမှုများ ကျယ်ပြန့်လာသည်နှင့်အမျှ ပို၍နက်ရှိုင်းလာသည်။

တောင်ကုတ်မြို့နယ်တွင်ဖြစ်ပေါ်နေသော အခြေအနေများသည် အထက်ပါအခြေအနေနှင့် ဆက်စပ်နေသည်။

ဘူးရွှေမော်ရွာမှ ဦးသန်းရွှေကို AA ကဖမ်းသည်ဆိုသည့်ဖြစ်စဉ်နှင့်အတူ တစ်ချိန်တည်းမှာပင် တောင်ကုတ်မြို့နယ် NLD ပါတီခေါင်းဆောင်ပိုင်းအချို့ကို “ရဲအယောင်ဆောင်များ” က ဖမ်းဆီးရန်ကြိုးစားနေမှုကြောင့် ၎င်းတို့သည် ထွက်ပြေးပုန်းရှောင်နေရကြောင်း စစ်တွေအခြေစိုက် Development Media Group က မေ ၇ တွင် ရေးသားဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်များ၏နောက်ဆက်တွဲအနေဖြင့် တပ်မတော်က တောင်ကုတ်မြို့တွင် လုံခြုံရေးတင်းကျပ်ထားခဲ့သည်။

ထူးခြားသည်မှာ ဦးသန်းရွှေကို AA က မေ ၅ တွင် ဖမ်းဆီးပြီး နှစ်ရက်အကြာတွင် ၎င်းဖမ်းဆီးခံရမှုနှင့် ဆက်စပ်နေသည့် ကြေညာချက်တစ်စောင်ကို တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း (National Security Organization – NSO – Taungup Township) ဆိုသည့် Facebook Page တစ်ခုက တင်ခဲ့ခြင်းဖြစ်သည်။

တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းသည် ဧပြီ ၄ တွင်မှ ၎င်းတို့၏ Facebook Page တွင် စအသက်ဝင်ခဲ့သည့် အဖွဲ့ဖြစ်ကာ တောင်ကုတ်မြို့အပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ မှ အဖွဲ့ဝင် ၉၈ ဦးရှိသည်ဟု ၎င်းတို့၏ Facebook Page တွင်ရေးသားထားသည်။ ရခိုင်အမျိုးသားရေးကို အဓိကထား ရှေ့တန်းတင်သည့် အဆိုပါအဖွဲ့ကို မည်သူက ဦးဆောင်နေပြီး အဖွဲ့ဝင်များ မည်သူဖြစ်သည်ကိုလည်း မသိရပေ။

၎င်းတို့၏ ကြေညာချက်တွင် ဦးသန်းရွှေသည် NLD ၏ တောင်ကုတ်မြို့နယ်အလုပ်အမှုဆောင် ဦးသန်းဌေး (ခ) ငပြဲ ဆိုသူနှင့် အတူတကွ အလုပ်လုပ်သူတစ်ဦးဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့များကြား ရန်တိုက်ပေးနေသည်ဟု စွပ်စွဲထားသည်။

ထို့ပြင် ဦးသန်းဌေး (ခ) ငပြဲအပါအဝင် NLD ပါတီဝင်များသည် “ANP ပါတီဝင်များကို မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်များကြား ကြားညှပ်ထည့်သွင်းကာ မသိမသာ ပူးတွဲတိုက်ခိုက်လာခြင်းများကို မိမိတို့အဖွဲ့အစည်းမှ တွေ့မြင်လာရ” သည်ဟု ကြေညာချက်က ဆိုသည်။

ဦးသန်းရွှေကို ဖမ်းဆီးသွားပြီး နောက်တစ်ရက် မေ ၆ တွင် တောင်ကုတ်မြို့နယ်နေ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်က “တောင်ကုတ်မြို့နယ်ငြိမ်းချမ်းဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ” ဟူသည့် ရေးသားချက်တစ်ခုကို Facebook တွင် တင်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) က မဲအများစုဖြင့် အနိုင်ရခဲ့သော်လည်း NLD ပါတီဝင် ပြည်နယ်လွှတ်တော်အမတ် ဦးမင်းအောင်မှာ စည်ပင်ဝန်ကြီးဖြစ်လာခဲ့သည်။

သို့သော် နိုင်ငံတော်နှင့်အများပြည်သူအကျိုးစီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှုများ ရှိနေသည်ဟုဆိုကာ တိုင်ကြားခံရပြီးနောက် ၂၀၁၈ ဇန်နဝါရီက ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ ဆုံးဖြတ်ကာ ဦးမင်းအောင်ကို ဝန်ကြီးအဖြစ်မှ ရပ်စဲခဲ့သည်။

“ခုအချိန်မှာ ဘူးရွှေမော်ရွာ၊ ကျော်ကိုင်းရွာတို့က NLD ပါတီဝင်အမာခံတွေ ထွက်ပြေးနေကြရပါပြီ။ နောက်မကြာခင်ကာလမှာ ဘယ်သူတွေ ထွက်ပြေးကြရအုံးမှာလဲ။ သာမန်ပြည်သူတစ်ဦးဖြစ်တဲ့ ဘူးရွှေမော်ရွာက ဦးသန်းရွှေကို ဖမ်းထားပြီးကြပါပြီ။ သတ်ပြီးပြီလားမသိပါ” ဟု ဦးမင်းအောင် က Facebook တွင် ရေးခဲ့သည်။

တောင်ကုတ်မြို့နယ်မြေပုံ။ (ဓာတ်ပုံ- သံတွဲခရိုင်အထွေအထွေအုပ်ချူပ်ရေးဦးစီးဌာန)

ယင်းနောက် ANP ပါတီသည် AA နှင့်ပတ်သက်သည်ဟု တောင်ကုတ်မြို့နယ် NLD ပါတီဝင်များက Facebook တွင် စွပ်စွဲရေးသားနေသည်ဟုဆိုကာ တောင်ကုတ်မြို့နယ် ANP ပါတီက မေ ၆ တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၎င်းတို့ပါတီမှာ AA နှင့် ပတ်သက်မှုမရှိဘဲ တောင်ကုတ်မြို့နယ် NLD ခေါင်းဆောင်ပိုင်းအချို့က ၎င်းတို့ပါတီကို နိုင်ငံရေးအရ တိုက်ခိုက်ရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း တောင်ကုတ်မြို့နယ် ANP က ဆိုသည်။

ANP က ထိုကြေညာချက်ထုတ်ပြန်ပြီး တစ်ပတ်ခန့်အကြာတွင် တောင်ကုတ်မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ်စည်ပင် ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် ANP ၏ တောင်ကုတ်မြို့နယ် ဒုဥက္ကဋ္ဌ ဦးဝေသောင်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့်ပင် ရဲတပ်ဖွဲ့က ဆက်တိုက်ဖမ်းဆီးခဲ့သည်။

ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့ကို တရားစွဲဆိုထားသည့် တရားလိုမှာ ဘူးရွှေမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဆန်း ဖြစ်သည်ဟု ၎င်းတို့နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်သိင်္ဂီမောင်က Myanmar Now ကိုပြောသည်။

‘အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မအရ’ ဟု ဆိုသော်လည်း ၎င်းတို့နှစ်ဦးကို တောင်ကုတ်မြို့ နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း (NSO) အဖွဲ့အပါအဝင် “ရခိုင်ပြည်နယ်လုံးဆိုင်ရာ ဗဟိုသတင်း၊ တောင်ကုတ်ဟစ်တိုင်၊ တောင်ကုတ်မြို့ ဗဟိုသတင်းဌာန စသည့် အကောင့်များဖြင့် မဟုတ်မမှန်သတင်းများ အဆက်မပြတ် တင်ပြနေသည့်အတွက်” ဟုဆိုကာ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

သို့သော် ANP ၏ တောင်ကုတ်မြို့နယ် ဒုဥက္ကဋ္ဌ ဦးဝေသောင်းကိုမူ မည်သူကတရားလိုလုပ်၍ တရားစွဲဆိုသည်ကို “မသိရသေး” ဟု ရခိုင်အမျိုးသားပါတီ ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ရှေ့နေ ဦးတင်ညိုက Myanmar Now ကို ပြောသည်။

မေ ၁၁ တွင် ၎င်းတို့သုံးဦးလုံးကို တောင်ကုတ်မြို့နယ် တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) နှင့် တရားစွဲတင်နိုင်ရေး ရဲတပ်ဖွဲ့က တစ်ပြိုင်နက်တည်း ချုပ်ရမန်ယူခဲ့သည်။

ယခုကဲ့သို့ တောင်ကုတ်မြို့နယ်အတွင်းမှ ရပ်ရွာမတည်ငြိမ်မှုများ၊ ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးမှုများသည် ယခင်က တည်ငြိမ်နေသည့်ရေပြင်ကို ဂယက်ထသွားစေသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို ထောက်ခံအားပေးမှုနှင့် တစ်ဖက်မှ ဆန့်ကျင်နေသူများ၏ သဘောထားများမှာလည်း ထိပ်တိုက်တွေ့လာပြီး အမျိုးသားရေး ရှေ့တန်းရောက်လာမှုကလည်း အာဏာရပါတီနှင့် ရခိုင်ပါတီများအကြား ဒေသအတွင်းတွင် ယခင်ကထက် ပို၍တင်းမာမှုဖြစ်စေရန် တွန်းပို့ပေးသကဲ့သို့ ဖြစ်လာနေသည်။

Related Articles

Back to top button