
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) နှင့် ဆက်သွယ်မှုများ ရှိသည်ဟုဆိုကာ ဖမ်းဆီးခံရပြီးနောက် တပ်မတော်သားများ၏ ညှဉ်းပန်းနှိပ်စက်ခံရသူ ပုဏ္ဏားကျွန်းဒေသခံ လူငယ် ၅ ဦးတွင် တစ်ဦးမှာ နားရွက်တွင် ပြတ်ရှဒဏ်ရာရှိနေပြီး နောက်တစ်ဦးတွင် မျက်ကွင်းနှစ်ခုလုံး ညိုပုပ်မည်းနေကြောင်း မကြာခင်က တွေ့ဆုံခွင့်ရခဲ့သည့် မိသားစုဝင်များက ဆိုသည်။
၎င်းတို့မှာ ဆေးကုသမှုလည်းကောင်းစွာမရရှိကြောင်း မိသားစုဝင်များက Myanmar Now ကို ပြောကြားသည်။
ထိုအမျိုးသား ၅ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဧပြီ ၁၉ က အခြားလူ ၃၃ ဦးနှင့်အတူ တပ်မတော် ခြေမြန်တပ်ရင်းတစ်ခုက AA နှင့် ဆက်စပ်သည်ဆိုကာ ဖမ်းဆီးခံခဲ့ရသူများဖြစ်ပြီး၊ ရက်အနည်းငယ်အကြာတွင် အခြားသူများ ပြန်လွတ်လာသော်လည်း ၎င်းတို့ ၅ ဦးမှာ ဆက်လက်ချုပ်နှောင်ခံခဲ့ရသည်။
၎င်းတို့ကို ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖမ်းဆီးခဲ့သော်လည်း ဆက်လက်စစ်ကြောရေးပြုလုပ်ရန် တပ်မတော်က စစ်ရေယာဉ်ဖြင့် ဧပြီ ၂၇ တွင်စစ်တွေမြို့သို့ ကုလားတန်မြစ်ကြောင်းအတိုင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထိုသို့ ခေါ်ဆောင်လာစဉ် ၎င်းတို့ကို တပ်မတော်သားများက စစ်ရေယာဉ်ပေါ်တွင် ထိုးကြိတ်ကန်ကျောက် နှိပ်စက်နေခဲ့ကြပြီး ထိုကဲ့သို့ ပြုလုပ်နေသည့် ရုပ်သံဖိုင် ၃ ခု လူမှုကွန်ရက်ပေါ်တွင် လွန်ခဲ့သည့်ရက်ပိုင်းက ပျံ့နှံ့ခဲ့သည်။ ထို့နောက်တပ်မတော်က ယင်းကိစ္စ မှန်ကန်ကြောင်း ဝန်ခံခဲ့သည်။
အမျိုးသား ၅ ဦးကို စစ်တွေမြို့ ရှိ“စစ်စခန်းတစ်ခုတွင်” တစ်ညတာ စစ်ဆေးမေးမြန်းခဲ့ကြပြီးနောက် စစ်တွေရှိ အမှတ်(၁) မြို့မရဲစခန်းသို့ ဧပြီ ၂၈ တွင် ပို့ဆောင်ခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
ထို ၅ ဦးသည် စစ်တွေရှိ ရဲစခန်းတွင် ဧပြီ ၂၈ မှ မေ ၇ ထိ နေခဲ့ရပြီး ရမန်ရက်ပြည့်သွားသည့်အတွက် ၄င်းတို့ကို ပုဏ္ဏားကျွန်းသို့ ပြန်ပို့ခဲ့သည်။ ယခုအချိန်တွင် ၎င်းတို့မှာ နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် ပုဏ္ဏားကျွန်းရဲစခန်းတွင် ရှိနေကြပြီး မကြာခင်အချိန်က ၎င်းတို့၏ မိသားစုဝင်များက ၄င်းတို့အား သွားရောက်တွေ့ဆုံခဲ့ကြသည်။
လူငယ် ၅ ဦးအနက် တစ်ဦးဖြစ်သူ ၂၄ နှစ်အရွယ် ကိုညီညီအောင်၏ မိခင် ဒေါ်နီနီက “နှာခေါင်းကလည်း သွေးတွေဘာတွေတော့ အခုတော့မထွက်တော့ဘူး။ အရင်တုန်းကဆိုရင် ခေါင်းမူးတယ်လို့ပြောတယ်။ ဘယ်ဘက်နားရွက်တွေကိုလည်း လှီးခံထားရတဲ့ ဒဏ်ရာတွေရှိတယ်။ မျက်နှာတွေလည်း နှာခေါင်းတွေက သွေးထွက်ပြီး ညိုမည်းနေတယ်” ဟု သူတွေ့ခဲ့ရသည့် သားဖြစ်သူ၏ အခြေအနေကို ပြန်ပြောပြသည်။
ကိုညီညီအောင်မှာ အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည့် ရုပ်သံဖိုင်တွင် မျက်နှာကို လက်သီးနှင့်ထိုးကာ ပါးရိုက်ခံနေရသူ စွပ်ကျယ်အင်္ကျီအဖြူနှင့် လူငယ်ဖြစ်သည်။ ဆင်းရဲသည့်မိသားစုမှ မွေးဖွားလာပြီး စတုတ္ထတန်းထိသာ ပညာသင်ဖူးသူဖြစ်ကာ ပုဏ္ဏားကျွန်းမြို့ရှိ အောင်မေတ္တာဆန်စက်တွင် ဆန်အိတ်ထမ်းသည့်အလုပ်လုပ်ကိုင်သူ ဖြစ်သည်။
ဖမ်းဆီးခံရသူများအနက်မှ ၃၈ နှစ်အရွယ် ကိုဦးမင်းစိုး၏ ညီကိုစိုးဝင်းက သူ၏အစ်ကိုအား ရဲစခန်းတွင် သွားရောက်တွေ့ဆုံရာ ယခုကဲ့သို့ တွေ့ရကြောင်း ဆိုသည်။
“သူပုဏ္ဏားကျွန်းကို ပြန်ရောက်တဲ့အချိန်မှာတောင် မျက်နှာတွေမှာ လက်သီးနဲ့ ထိုးခံထားရတာလား၊ သေနတ်ဒင်နဲ့ ထုခံထားရတာလား မသိဘူး။ လက်သီးနဲ့ ထိုးခံထားရတာလို့ ထင်ပါတယ်။ မျက်နှာတွေမှာ မျက်လုံးအနီးတဝိုက်မှာ နှစ်ဖက်လုံးမည်းပြီးပုပ်သလို ဖြစ်နေသေးတယ်။ လုံးဝသွေးပုပ်ရောင်တောက်နေတယ်” ဟု သူကဆိုသည်။
မိသားစုတွင် အကြီးဆုံးသား ကိုဦးမင်းစိုးသည် ယခင်ကပုဏ္ဏားကျွန်းမြို့တွင် ဓာတ်ပုံဆိုင်ဖွင့်ထားသူဖြစ်ပြီး ဖမ်းဆီးမခံခင်အချိန်က အခက်အခဲအချို့ကြောင့် ခတ္တဆိုင်ပိတ်ထားခဲ့သည်။ ၎င်းကို ပုဏ္ဏားကျွန်းမှ စစ်ရေယာဉ်ဖြင့် ခေါ်သွားပြီးနောက် စစ်တွေအမှတ်(၁) စခန်းတွင် ဖမ်းဆီးထားစဉ် တွေ့ဆုံခွင့်ရရန် မိသားစုဝင်များ သွားခဲ့ကြသေးသည်။
“ကျနော်တို့က စီစီတီဗီကပဲ ကြည့်ခွင့်မြင်ခွင့်ရခဲ့တယ်။ လူချင်းတိုက်ရိုက်တွေ့ခွင့်မရခဲ့ပါ။ ကျွန်တော့အထင်ဆိုရင် ရိုက်ပုတ်ထားတဲ့ဒဏ်ရာများနေလို့ အပြင်ကလူနဲ့ လုံးဝတွေ့မပေးတဲ့ပုံစံ” ဟု ကိုစိုးဝင်းဆိုသည်။
ကိုစိုးဝင်းနှင့် ဒေါ်နီနီအေးတို့ နှစ်ဦးလုံးမှာ စစ်တွေအမှတ်(၁) ရဲစခန်းသို့ သွားရောက်ရာတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ၎င်းတို့သားများအတွက် ထမင်းတစ်နပ်စာ ကျပ်၂၀၀၀ နှုန်းဖြင့် တစ်ရက် ကျပ် ၄၀၀၀၊ ချုပ်ရက်စုစုပေါင်း ၉ ရက်စာ ရဲစခန်းကို ပေးခဲ့ကြရသည်။
ဖမ်းဆီးခံရသူ နောက်တစ်ဦးဖြစ်သည့် အသက်၂၇နှစ်အရွယ် မောင်ချေ၏ဖခင်ဦးကျော်ကြီးကမူ ၎င်း၏သားနှင့်ပတ်သက်၍ “ထိုးကြိတ်ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ်တွေနာတယ်။ နံရိုးတွေအောင့်တယ်လို့ပြောပါတယ်” ဟုဆိုသည်။
မောင်ချေ၏ မိခင်မှာ လေဖြတ်ဝေဒနာခံစားနေရသူဖြစ်ပြီး သူသည် ပန်းရန်၊လက်သမားစသဖြင့်ကြုံရာ အငှားလိုက်ငွေရှာသူဖြစ်သည်။ ကချင်ပြည်နယ်တွင် ကျောက်တူးခဲ့ဖူးပြီး ငွေအနည်းငယ်သာရသည့်အတွက် မိမိဒေသကိုပြန်လာခဲ့သူဖြစ်သည်။
ဖမ်းဆီးခံရသူများအနက် အသက်အငယ်ဆုံး၂၂နှစ်အရွယ်လူငယ်မှာ မောင်ကျော်ဝင်းဟိန်းဆိုသူဖြစ်သည်။ စတုတ္ထတန်းထိနေဖူးသူ မောင်ကျော်ဝင်းဟိန်းသည် ပန်းရန်အလုပ်လုပ်ကိုင်ဖူးပြီး တရုတ်နိုင်ငံတွင်လည်း သွားရောက်အလုပ်လုပ်ကိုင်ဖူးသည်ဟု မိသားစုကဆိုသည်။
သူ၏ဖခင်ဦးလှစိန်အောင်က“(ပုဏ္ဏားကျွန်းရဲစခန်းမှာ) သူနဲ့သွားတွေ့တဲ့အချိန်မှာ ကျန်းမာရေးနည်းနည်းပါးပါးကောင်းနေပါပြီ။ ကျနော်ကတော့ဆေးပေးထားပါတယ်။ ဒဏ်ရာက ရင်ဘတ်ထဲက အောင့်တယ်လို့ ပြောပါတယ်” ဟုဆိုသည်။
မြောက်ဦးမြို့ ဇာတိဖြစ်သူ မောင်ကျော်ဝင်းဟိန်းသည် ပုဏ္ဏားကျွန်းရှိ ၎င်း၏မွေးစားဖခင်ဦးအောင်ထွန်းကြိုင်ထံ အလုပ်ကူညီပေးရန်နှင့် သင်္ကြန်အလည်ရောက်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
မွေးစားဖခင် ဦးအောင်ထွန်းကြိုင်က“ သူ့မှာဒဏ်ရာတွေတော့ရှိတယ်။ ဦးခေါင်းတွေမျက်နှာတွေမှာ ညိုမည်းနေတာတွေတွေ့ရပါတယ်။ ကျနော်တို့တွေက မိဘဆိုတော့ မင်းတို့တော်တော် ရိုက်သတ်ခံရလားမေးတော့ သူတို့က ရပါတယ်အဖေလို့ပြောတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံရသူများအနက် နောက်ဆုံးတစ်ဦးမှာ အသက်၂၄ နှစ်အရွယ် ကိုမျိုးလင်းဦးဖြစ်သည်။ သူသည် ဖမ်းဆီးမခံရင်က ရဟန်းခံရှင်ပြုပြီး ထွက်လာခါစပင်ရှိသေးသည်ဟု ဖခင်ဖြစ်သူ ဦးဇင်းပညာဝံသကဆိုသည်။ သူသည်လည်း ကျပန်းလုပ်ကိုင်ကာ ဆန်စက်များတွင် အများအားဖြင့် အလုပ်လုပ်သူဖြစ်သည်။
“ကိုယ်တော်ဝင်ကြည့်တာ တစ်ရက်နှစ်ရက်ရှိနေပြီ။ ကိုယ်ခန္ဓာတွေတော့ နေကောင်းတယ်တဲ့။ သူတို့က သတ်တာရိုက်တာတွေကို ကိုယ်တော့ကိုမပြောဘူး” ဟု ဦးပညာဝံသမိန့်သည်။
နှိပ်စက်ခံရသူ လူငယ် ၅ ဦးကို မေ ၇ တွင် ပုဏ္ဏားကျွန်းသို့ ကားဖြင့်ပြန်ပို့ခဲ့ပြီး မေ ၈ တွင်ရေဖြူကန်ကျေးရွာတွင် တရားသူကြီးနှင့် သွားရောက်တွေ့ဆုံခဲ့ကြရသည်။ နောက်တစ်ကြိမ် ရမန်ထပ်ယူရန် လာမည့်မေ ၂၂ သို့ ချိန်းဆိုထားသည်။
လူငယ်များ ဖမ်းဆီးခံခဲ့ရသည့် ကျောက်ဆိပ်ကျေးရွာတွင် လူဦးရေနှစ်ထောင်ကျော်ရှိပြီး အများစုမှာ အိမ်တွင် မနေရဲကြတော့ဘဲ ထွက်ပြေးနေကြဆဲဖြစ်သည်။ လက်ရှိတွင် လူဦးရေ ၃၀၀ ကျော်သာ ရွာတွင်ကျန်ရှိတော့သည်။
ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးဒေသများသည် ရခိုင်လက်နက်ကိုင်(AA) တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားရာ နေရာများဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ စာရင်းများအရ လူပေါင်းတစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
ထို့ပြင် စစ်ပွဲဖြစ်ရာဒေသတွင် အရပ်သားများသေဆုံးမှု အရေအတွက်မှာ မြင့်တက်လာနေပြီး အရပ်သားများ ဖမ်းဆီးခံရမှုများမှာလည်း ဆက်တိုက်ဆိုသလိုဖြစ်လာခဲ့သည်။
ကိုညီညီအောင်၏ မိခင်မနီနီအေးက“အစ်မတို့ကသားလေးတွေကို ဒီပုဏ္ဏားကျွန်းရဲစခန်းက စစ်သားတွေကပြန်ပြီး ထုတ်သွားမှာကို ကြောက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရဲစခန်းမှာဆိုရင် အသတ်မခံရဘူး။ သူတို့လာထုတ်တယ်ဆိုရင် အစ်မတို့သားတွေအရိုက်ခံရမှာ” ဟုဆိုသည်။
ရခိုင်ပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်ဟုဆိုကာ ဗဟိုအစိုးကို လက်နက်စွဲကိုင်ပုန်ကန်နေသော AA နှင့် တပ်မတော်တို့၏တိုက်ပွဲများသည် ၂၀၁၈ နှစ်ကုန်ခါနီးမှစ၍ ပြင်းထန်လာခဲ့သည်။ AA က စည်းရုံးရေးလုပ်ငန်းများနှင့် လူစုဆောင်းရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်ရန်အတွက်ဆိုကာ အစိုးရက ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့ကို ယခုအချိန်ထိ အင်တာနက်သုံးခွင့်ပိတ်ပင်ထားသည်။

တပ်မတော်က AA သည် ရခိုင်လူထုကို ဖိအားပေးခြိမ်းခြောက်သည့် နည်းလမ်းများအသုံးချကာ လုပ်ဆောင်နေကြောင်း စွပ်စွဲထားသည်။ တစ်ဖက်တွင် မြန်မာ့တပ်မတော်သည်လည်း ဆယ်စုနှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ကျူးလွန်ကြောင်းစွပ်စွဲခံရသည့် သမိုင်းကြောင်းများရှိသည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်မြောက်ပိုင်းရှိ မွတ်စလင်ဘာသာကိုးကွယ်သူ ခုနှစ်သိန်းကျော် တစ်ဖက်နိုင်ငံကို ထွက်ပြေးစေခဲ့ရသော ရှင်းလင်းသုတ်သင် စစ်ဆင်ရေးများတွင် တပ်မတော်က လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်သည်ဟူသောစွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားရင်ဆိုင်နေရသည်။
လူနည်းစုမွတ်စလင်များအား ကာကွယ်စောင့်ရှောက်ရန် မည်ကဲ့သို့ ကြိုးပမ်းခဲ့ပြီဖြစ်ကြောင်း ICJ တရားရုံးသို့ မြန်မာနိုင်ငံက ယခုလကုန်တွင် အစီရင်ခံတင်ပြရမည်ဖြစ်သည်။