သတင်း

နိုင်ကျဉ်း ၁၅ ဦးကို ဒိုက်ဦးထောင်အာဏာပိုင်တို့ ခေါ်ထုတ်သွား

ပဲခူးတိုင်း ဒိုက်ဦးထောင်ရှိ နိုင်ငံရေးအကျဉ်းသားအများအပြားကို ၎င်းတို့၏ အဆောင်များမှ ခေါ်ထုတ်သွားကြောင်း ဒိုက်ဦးထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက Myanmar now ကို ပြောသည်။

ယမန်နေ့ (မေ ၂၅) တွင်  နိုင်ကျဉ်း ၇ ဦးကို စတင် ခေါ်ထုတ်သွားသည်ဟု သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

“မင်းတို့ အသာတကြည် လိုက်ရင် လိုက်ခဲ့၊ မလိုက်ခဲ့ရင် အထူးနှိမ်နင်းရေးအဖွဲ့ကို ခေါ်ပြီး အင်အားသုံးမယ်လို့ ခြိမ်းခြောက်ခေါ်ဆောင်သွားတာတဲ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ဒိုက်ဦးထောင်တွင်းဖြစ်စဉ်များအကြောင်းကို သိရှိသူ အခြားရင်းမြစ်တစ်ခုကလည်း ယမန်နေ့က ဖြစ်ရပ်ကို အတည်ပြုသည်။

သို့သော်လည်း ခေါ်ထုတ်ခံရသည့် အကြောင်းရင်းနှင့် မည်သည့်နေရာသို့ ပို့ဆောင်ချုပ်နှောင်သည်ကိုမူ အထက်ပါ သတင်းရင်းမြစ်နှစ်ခုလုံးက ပြောဆိုနိုင်ခြင်း မရှိသေးပေ။

ယနေ့နံနက်တွင်လည်း အလားတူဖြစ်ရပ် ထပ်မံပေါ်ပေါက်လာသဖြင့် ခေါ်ထုတ်ခံရသူအရေအတွက် စုစုပေါင်း ၁၅ ဦး ရှိလာပြီ ဖြစ်ကြောင်း၊ အကျဉ်းသားများ အချုပ်ဆောင်အတွင်း သွားလာနိုင်ရန် အချုပ်ခန်းတံခါးများကို နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် ဖွင့်ထားပေးတတ်သော်လည်း ဤဖြစ်ရပ် ပေါ်ပေါက်ပြီးနောက်ပိုင်း ပိတ်ပင်ထားကြောင်း ဒုတိယသတင်းရင်းမြစ်က ပြောသည်။

“ဒီမနက် ထပ်ခေါ်သွားသေးတယ်။ မနေ့ကနေ အခုထိ တန်းပြန်မဖွင့်သေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ  အမျိုးသားက မေ ၂၆ နေ့လယ်ပိုင်းတွင် ပြောသည်။

“အရင်တုန်းကတော့ တစ်ယောက်တလေ ခေါ်စစ်တာတော့ ရှိတယ်။ လွန်ခဲ့တဲ့ ၃ လ ဝန်းကျင်ကပါ။ ဒီလိုမျိုး အများအပြားတော့ မထုတ်ဖူးဘူး။ ခါတိုင်း ခေါ်ထုတ်တာ စရဖက လာခေါ်တာပါ၊ ရိုက်စစ်ပါတယ်၊ PDF နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး စစ်ဆေး နှိပ်စက်တာပါ”

၂ ရက်အတွင်း အဆောင်မှ ခေါ်ထုတ်ခံရသည့် နိုင်ကျဉ်းများမှာ ပြည့်ဖြိုးဟိန်း(ခ)အောင်ပြည့်၊ အောင်သူရလှိုင်(ခ)ဇီလောင်း၊ အာကာထက်ပိုင်မျိုး(ခ)နေအေး၊ စောမာလကီး၊ ရာလေး၊ ဆန်းယုကျော်၊ ဗလကြီး၊ ရဲနောင်၊ သန့်စင်ဝင်း၊ ကိုဘိုဝင်း၊ ထက်လင်းနိုင်၊ အောင်မျိုးသူ၊ ဂျာကြီး၊ ကိုပြည့်၊ ချစ်ကောင်းတို့ ဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူများ၊ ဆန့်ကျင်သည်ဟု ယူဆခံရသူများ ဖမ်းဆီးထိန်းသိမ်းခံနေရပြီး အဆိုပါ နိုင်ကျဉ်းများကို ချုပ်နှောင်ထားသည့်နေရာမှ အစုလိုက်အပြုံလိုက် ခေါ်ထုတ်စစ်ဆေးမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။

မေ ၂၁၊ ၂၂ နှင့် ၂၃ တို့တွင် မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှ နိုင်ကျဉ်း ၁၂ ဦးကို ခေါ်ထုတ်စစ်ဆေးခဲ့သည်။  

မြင်းခြံတွင် ထိုသို့ ခေါ်ထုတ်သွားမှုကြောင့် ထောင်တွင်းကျန်နေခဲ့သူများက အစာငတ်ခံဆန္ဒပြခဲ့ကြကြောင်း၊ နိုင်ကျဉ်းများ လက်ကိုင်ဖုန်းအသုံးပြုသည်ဟု စွပ်စွဲ ရိုက်နှက်စစ်ဆေးရာ ကိုဥက္ကာဆိုသူ သေဆုံးသွားသည်ဟု သိရကြောင်း မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက မေ ၂၄ တွင် Myanmar now ကို ပြောထားသည်။

စစ်ကောင်စီကမူ ဒိုက်ဦးထောင်၊ မြင်းခြံထောင်တို့မှ ဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။

ထိုထောင်နှစ်ခုတွင် ပေါ်ပေါက်နေသော ဖြစ်ရပ်များသည် စစ်ကောင်စီ၏ တရားလက်လွတ်ပြုမူမှုများ ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။

“၂၀၂၁ ခု စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဟာ သူတို့ကို ဆန့်ကျင်သူတွေအပေါ် အငြိုးတကြီးနဲ့ တရားလက်လွတ် ပြုမူလာတွေ ဆက်တိုက်ဖြစ်လာတယ်။ အကျဉ်းထောင်ဆိုတာ စောင့်ကြည့်လို့ မလွယ်ကူတဲ့ မျက်ကွယ်နေရာ ဖြစ်တဲ့အတွက် ညှဉ်းပန်းနှိပ်စက်မှုဟာ အရက်စက်ဆုံးနေရာတစ်ခု ဖြစ်လာခဲ့တယ်။ အခုလပိုင်းအတွင်း အကျဉ်းထောင်တွေထဲမှာ အာဏာပိုင်တွေက ပိုပြီး စိတ်ထင်တိုင်း ရမ်းကားလာတာကို ကြားသိရနေရတယ်” ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က  Myanmar now ကို ယနေ့ ပြောသည်။

နိုင်ငံအနှံ့ ထောင်များ၊ အကျဉ်းစခန်းများတွင် နိုင်ကျဉ်းအများအပြား ရှိသည့်အနက် AAPP က နိုင်ကျဉ်း ၁၈၃၉၆  ဦး၏ အမည်နှင့် အချက်အလက်များကို မှတ်တမ်းတင်ထားသည်။

(မေ ၂၈ နံနက်ပိုင်း ထပ်မံဖြည့်စွက်ချက်)

ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့ (မေ ၂၇) ရက်စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် မေ ၂၅ ရက်နေ့က ဒိုက်ဦးထောင်တွင်းမှ ခေါ်ထုတ်ခံရသူများထဲတွင် ကိုသန့်ဇင်ဝင်း ပါဝင်ကြောင်း၊ မေ ၂၆ တွင် ကိုသန့်ဇင်ဝင်း သေဆုံးသည်ဟု သိရကြောင်း ဖော်ပြထားသည်။

ကိုသန့်ဇင်ဝင်းသည် ထိုအဖွဲ့၏ လေ့ကျင့်စုဆောင်းရေး တာဝန်ခံဖြစ်ပြီး ထောင်ဒဏ် စုစုပေါင်း နှစ် ၈၀ ကျော် စီရင်ခံထားရသူဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မိသားစုကို အကြောင်းကြားခြင်း မရှိသည့်အပြင် ထောင်အာဏာပိုင်တို့ကို မေးမြန်းရာတွင်လည်း ဖြေဆိုခြင်း မရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button