မိုးမိတ်ရဲကင်းစခန်းကို ABSDF ဝင်တိုက်၊ ရဲ ၄ ဦး သေဆုံး

မန္တလေး-ရှမ်းနယ်စပ် ရဲကင်းစခန်းကို ဝင်တိုက်စဉ် ရဲတချို့ သေဆုံးပြီး လက်နက်များ ရရှိခဲ့သည်၊ ရဲမိသားစုဝင် အမျိုးသမီးများ၊ ကလေးများကို ပြန်လွှတ်ပေးခဲ့သည်ဟု ABSDF က ဆိုသည်။

ABSDF တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-ပေးပို့)

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ် မိုးမိတ်မြို့နယ်၊ ကျောက်မောရဲကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ ရဲ ၄ ဦး သေပြီး သေနတ် ၆ လက်နှင့် ခဲယမ်းများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ပြောသည်။

မေ ၂၄ နံနက်တွင် သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနှင့် မိုးမိတ်မြို့နယ် ကျောက်မောရွာကို ဆက်သွယ်ထားသည့် လမ်းမပေါ် ရဲနှင့် စစ်သား အင်အား ၂၀ ဝန်းကျင်ရှိသော ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ABSDF မြောက်ပိုင်း ထောက်လှမ်းရေးတာဝန်ခံ ကိုစောက Myanmar Now ကို ယနေ့ ပြောသည်။

“နာရီဝက်လောက်ပဲ ကြာတယ်။ နှစ်ဖက်ပစ်ခတ်မှုမှာ အသာစီးနဲ့ အနိုင်ရလိုက်ပါတယ်။ သေသေချာချာ လေ့လာစုံစမ်းပြီးမှ ကျွန်တော်တို့ဆီက မြေပြင်မှာ ကျွမ်းကျင်တဲ့၊ တော်တဲ့ စစ်ကြောင်းမှူးတွေ ဦးစီးပြီးတော့ လုပ်ခဲ့တာပါ” ဟု သူက ဆိုသည်။ 

ABSDF (မြောက်ပိုင်း) ကလည်း တိုက်ပွဲနှင့် ပတ်သက်ပြီး ယမန်နေ့က သတင်းထုတ်ပြန်ရာ ထိုတိုက်ပွဲတွင် ရဲတပ်ကြပ်ကြီး တစ်ဦးအပါအဝင် ရဲ ၄ ဦး သေဆုံးပြီး မောင်းပြန်သေနတ် ၆ လက်၊ ကျည်ဆန်နှင့် ဗုံးများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုစခန်းမှ ရဲ မိသားစုဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရဲစခန်းတိုက်ပွဲ သေဆုံးမှုအရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်မျိုးကို သတင်းထုတ်ပြန်လေ့မရှိပေ။

အဆိုပါရဲကင်းသည် ဒေသခံတို့ကို စစ်ဆေးငွေညှစ်သည့်နေရာဖြစ်သည်ဟု ကိုစောက ပြောသည်။

“ဒီဘက်မှာက တိုင်းရင်းသားတွေ များတယ်ပေါ့။ တောင်ယာတွေမှာ သစ်သမားတွေ၊ ကြံသမားတွေ များတယ်။ ဒီဂိတ်က ရဲရော၊ စစ်တပ်ရောက အမြဲတမ်းညှစ်နေတယ်။ အမြဲတမ်း ဒုက္ခပေးနေတယ်။ ဒါကို ပြည်သူဆီက အသံတွေကြားရတယ်။ တိုင်ကြားချက်တွေရတဲ့အတွက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပါတယ်”

ကျောက်မောရဲကင်းစခန်းမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းတချို့။ (ဓာတ်ပုံ- Northern ABSDF)

ရဲကင်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆောက်အအုံတချို့ကို ဖျက်ဆီးခဲ့ကြောင်း၊ ထွက်ပြေးသွားသူတချို့ရှိကြောင်း သိရသည်။

မန္တလေး-ဗန်းမော်ကားလမ်ပေါ်ရှိ တွင်းငယ်ရွာမှတစ်ဆင့် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်ထွက်နိုင်သည့် လမ်းမပေါ်တွင် ရှိသည့် ထိုရဲကင်းသည် စစ်ရေးအရ အရေးပါကြောင်း၊ ဒေသခံများနှင့် မဟာမိတ်များ၏ ပံ့ပိုးကူညီမှုကြောင့် တိုက်ခိုက်နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ABSDF သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) တို့နှင့် လက်တွဲ၍ အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်နေသည်။

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းနှင့် မန္တလေးတိုင်းတွင် ABSDF က စစ်ကြောင်း သုံးကြောင်းဖြင့် လှုပ်ရှားနေကာ ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် အင်းတော်၊ ဗန်းမောက် အပါအဝင် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများတွင်လည်း KIA, PDF တို့နှင့် ပူးတွဲလှုပ်ရှားနေသည်။

ယမန်နေ့ (မေ ၂၅ ) ညပိုင်းကလည်း မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့များ အထိုင်ချသည့် ဂန့်ဂေါ မြို့နယ် တောင်ခင်ရန်းရဲစခန်းကို ABSDF နှင့် ယောဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်တွင် ပါဝင် လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ABSDF တို့နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲများ ပြန်ဖြစ်ပွားလာခဲ့ပြီး မန္တလေး-ရှမ်းပြည်နယ်ကြား ဒေသများ၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းကြားရှိ ဒေသများတွင် ABSDF ၏ စစ်ရေးလှုပ်ရှားမှု ရှိနေကြောင်း သိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း တိုက်ခိုက်ရန် ပြင်ဆင်နေသော ABSDF တပ်ဖွဲ့ဝင်နှစ်ဦး။ (ဓာတ်ပုံ- Northern ABSDF)

ကလေးမြို့နယ်တွင် စာသင်ကျောင်း တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအနောက်ပိုင်း လက်ပံချောင်း-ရာဇဂြိုဟ်ကားလမ်းမကြီးဘေးရှိ ရွာစာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်သည်။

အဝေးထိန်းမိုင်း ထိန်းချုပ်စက်များ သုံးရန် စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားထား

တော်လှန်ရေးအဖွဲ့များ အဓိကသုံးစွဲလေ့ရှိသည့် မိုင်းဒဏ် မခံရစေရေး Jammer (ဆက်သွယ်ရေးလှိုင်း ဖြတ်တောက်စက်) ၆ မျိုး သုံးစွဲရန် စစ်ကောင်စီက အောက်ခြေတပ်များကို အမိန့်ပေးထားသည်။

ပြည်သူအပေါ် အကြမ်းဖက်နေသည့် မြန်မာစစ်တပ်ကို အင်ဒိုကာကွယ်ရေးဝန်ကြီး ဆုံးမ

လူထု၏ မုန်းတီးခြင်းခံနေရသည့် မြန်မာစစ်တပ်အနေဖြင့် နိုင်ငံရေးမှ ဖယ်ခွာပြီး ပြည်သူကို ကာကွယ်ရေးဆိုသော စစ်တပ်၏ ပဓာနတာဝန်ကိုသာ ထမ်းဆောင်သင့်ကြောင်း အင်ဒိုနီးရှားစစ်တပ် ဗိုလ်ချုပ်ဟောင်း၊ လက်ရှိ ကာကွယ်ရေးဝန်ကြီးက ပြောသည်။

မုန်တိုင်းသင့်ဒေသများကို ဝင်ရောက်ခွင့်မရသေးကြောင်း ကုလထုတ်ပြန်

မိုခါမုန်တိုင်းကြောင့် နေအိမ်၊ လယ်ယာနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရာ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ လူဦးရေ ၁ ဒသမ ၆ သန်းခန့်မှာ သေရေးရှင်ရေးတမျှ

လားရှိုးထောင်ရှိ အမျိုးသမီးတစ်ဦး နှစ်နှစ်ကျော်အထိ ဦးခေါင်းဒဏ်ရာ ဆေးကုခွင့်မရ

အသက် ၂၉ နှစ်အရွယ် အမျိုးသမီးမှာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အဖမ်းခံရခြင်းဖြစ်ကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ အမှတ် (၅၇) စစ်ကြောရေးတွင် တစ်ပတ်ခန့် အပြင်းအထန် နှိပ်စက်ခံခဲ့ရသည်။