သတင်း

ရခိုင်မြောက်ပိုင်း ၅ မြို့နယ်ထက်မနည်း သောက်သုံးရေ အခက်ကြုံနေ

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် သောက်သုံးရေရနိုင်သည့်နေရာများအထိ သွားရောက်ခပ်ယူရသလို အမှိုက်ပါသည့် ရေကို ကျိုချက်သောက်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ‌ပေါက်တော၊ ကျောက်တော် အပါအဝင် မြောက်ပိုင်းမြို့နယ်များမှာ မေ ၁၄ ရက်နေ့က တိုက်ခတ်သော မိုခါမုန်တိုင်းအပြီး သောက်သုံးရေကန်များအတွင်း ဆားငန်ရေ ဝင်သွားသောကြောင့် ရေအခက်အခဲနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ပြည်နယ်မြို့တော် စစ်တွေမြို့တွင် ပုဂ္ဂလိကရေသန့်စက်ရုံများမှ ရောင်းချနေသော ကျပ် ၅၀၀ တန် ၂၀ လီတာ ရေသန့်ဘူးကြီးမှာ ကျပ် ၇၀၀ မှ ၁၀၀၀ အထိ ပေါက်စျေးရှိလာသည်ဟု မြို့ခံများထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် ကျေးလက်များတွင်မူ ကျပ် ၁၅၀၀ နှုန်းဖြင့် ဝယ်ယူ သုံးစွဲနေရသည်ဟု သိရသည်။

“နယ်ဘက်က ရွာတွေမှာ ကန်တွေက အစကတည်းကနေ ရေတွေက ခန်းနေတာ။ အခု မုန်တိုင်းတိုက်ပြီး မိုးရွာတော့ ရေတွေက နောက်သွားတယ်၊ သုံးလို့မရတော့ဘူး။ တချို့ကန်တွေဆိုရင် ဆားငန်ရေ ဝင်သွားတာဆိုတော့ သောက်သုံးရေ အခက်အခဲဖြစ်တာပေါ့” ဟု ပုဏ္ဏားကျွန်းမြို့မှ အသက် ၆၀ ဝန်းကျင် အရွယ်ရှိသည့် ဦးမောင်ကျော်နုက ပြောသည်။

မြို့အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာ ခမောင်းတောကျေးရွာရှိ သောက်သုံးရေကန် ၃ ကန်မှာ မုန်တိုင်းတိုက်စဉ်က ဒီရေဖုံးလွှမ်းခံရသောကြောင့် သောက်သုံးရေအခက်အခဲနှင့် ပိုမို ရင်ဆိုင်နေရသည်ဟု သူက ပြောသည်။

သောက်သုံးရေရရှိရေးအတွက် ခမောင်းတောရွာမှ ၂ မိုင်ခွဲခန့် ဝေးသော ကျွဲထိုးရွာဘက်သို့ ဟွန်ဒါစက်လှေများဖြင့် ခက်ခက်ခဲခဲ သွားရောက် ခပ်ယူသုံးစွဲနေရသည်ဟု ဆိုသည်။

“ကျွဲထိုးရွာကို သွားခပ်တယ်ဆိုတာကလည်း ကျွန်တော်တို့မှာ ငါးရှာစားတဲ့ စက်ကလေးတွေတော့ ရှိတာ မှန်တယ်၊ အဲဒီစက်တွေအကုန်လုံးက ရေနစ်သွားတယ်ဆိုတော့ စက်တွေကလည်း အခက်အခဲရှိတယ်။ သွားဖို့လာဖို့ ခက်ခက်ခဲခဲနဲ့ ခပ်နေရတာတောင်မှ ကျွဲထိုးမှာလည်း ဒီရေဝင်ထားတာဆိုတော့ ရေက ငန်တယ်” ဟု ဦးမောင်ကျော်နုက ပြောသည်။

မြို့ပေါ်တွင် သောက်ရေသန့် ဝယ်ယူနိုင်သော်လည်း ကျေးလက်ဒေသတွင်မူ ရှိသည့်ရေကို ကျိုချက်ကာ သောက်သုံးနေရကြောင်း သိရသည်။

ပရဟိတအဖွဲ့အစည်းများ လာရောက်ကူညီသော်လည်း လုံလောက်မှုမရှိကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသတွင် သစ်ရွက်ခြောက်နှင့် အမှိုက်သရိုက်အကျနည်းသည့် လက်ယက်တွင်းငယ်များမှ ရေကို ခပ်ယူပြီး ကျိုချက်သောက်သုံးနေရသည်ဟု သိရသည်။

“ကျွန်တော်တို့ရွာမှာက ကန်တွေက ရေတွေပုပ်နေတာ၊ အရွက်တွေကျပြီးတော့။ စုပ်ပစ်မယ်ဆိုရင်လည်း မိုးမရွာရင် ရေငတ်မှာကြောက်လို့ မစုပ်ပစ်ဘဲ တခြား ကိုယ့်နည်းကိုယ့်ဟန်နဲ့ တခြားဝေးက ကွမ်းခင်းတွေမှာ ရေပေးတဲ့ တွင်းငယ်တွေက ခပ်ပြီးတော့ သောက်နေကြရတယ်။ ရွာကန်က ရေတွေက ကျိုချက်ပြီး သုံးရင်တောင် နံတယ်” ဟု တောဖျားချောင်းဒေသခံ ကိုလင်းမောင်ဆိုသူက ပြောသည်။

ပေါက်တောမြို့နယ် မြစ်ကမ်းဘေး ကျေးရွာအများစုရှိ သောက်သုံးရေကန်များမှာ မုန်တိုင်းကြောင့် အားလုံးနီးပါး ပျက်စီးခဲ့ရသည်။

အလားတူ ငပြီကျွန်း၊ သဲခုံ၊ ကြိမ်ခွေမော် စသည့် ကျေးရွာများရှိ သောက်သုံးရေကန်များမှာ မိုခါမုန်တိုင်း တိုက်ခိုက်ခဲ့စဉ် ဆားငန်ရေ ဝင်ရောက်ခဲ့မှုကြောင့် ပျက်စီးခဲ့သည်ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။

“သောက်သုံးရေက ရွာတိုင်းနီးပါးမှာ အဆင်မပြေကြဘူး။ ကန်တွေက လုံးဝပျက်သွားတဲ့ ရွာတွေရှိသလို တချို့ရွာတွေမှာ လုံးဝမပျက်ရင်တောင် အများစုက ပျက်ပြီးတော့ သုံးမရဖြစ်နေကြတာ။ အခုက သောက်သုံးရေ ရနိုင်တဲ့ ရွာတွေက လောင်းတွေနဲ့ သွားခပ်နေကြတာလည်း ရှိတယ်” ဟု သူက ပြောသည်။

“ငပြီကျွန်းအုပ်စုက ရွာ ၃ ရွာမှာရှိတဲ့ ရေကန်တွေက ဆားငန်ရေဝင်ပြီး အားလုံးပျက်စီးသွားတယ်။ လုံးဝ သောက်သုံးလို့မရ ဖြစ်သွားတယ်။ မြို့ပေါ်မှာတော့ နည်းနည်း အဆင်ပြေသေးတယ်။ ဆိုးတာက နယ်ဘက်တွေမှာ ပိုဆိုးတာပါ” ဟု ထိုဒေသခံအမျိုးသားက ပြောသည်။

ကျောက်တော်မြို့နယ်တွင် ရေချို ရရှိသည့် မြစ်ချောင်း၊ အင်းအိုင်များမှ လိုအပ်သည့်နေရာများသို့ သယ်ယူနိုင်ရေး အခက်အခဲရှိနေသည်ဟု ကျောက်တော်မြို့ခံ ကိုကျော်လှမြင့်က ဆိုသည်။

ကုလားတန်မြစ်အထက်ပိုင်း မျောက်တောင်၊ သာစည်၊ ရွှေပြည် စသည့် ကျေးရွာများနှင့် တခြား မုန်တိုင်းဒဏ်သင့် ကျေးရွာများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် သောက်ရေသန့်များ မသယ်ယူနိုင် ဖြစ်နေကြသည်။

“‌ရေရှိတဲ့နေရာက ရေတစ်ခေါက်ရောက်ရှိဖို့အရေး မလွယ်ကူဖြစ်နေကြတယ်။ လျှပ်စစ်မီးကလည်း အဆင်မပြေ။ ရာသီဥတုကလည်း ပုံမှန်မကျဆိုကာ သောက်သုံးရေတွေက သန့်ရှင်းမှုမရှိ၊ အဲဒီလို အနေအထားတွေ ရှိတယ်။ ရေသန့်ဘူးတွေရတဲ့နေရာက သွားသယ်မယ်ဆိုရင်လည်း လမ်းတွေမှာ အပင်အခက်တွေနဲ့ ပိတ်ဆို့နေဆဲဆိုတော့ သယ်ယူလို့ မရဘူး” ဟု ကိုကျော်လှမြင့်က ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းပေါ်ရှိ ကျေးရွာများတွင် ဆားငန်ရေ ဝင်ရောက်ခဲ့ရာ ရွာ ၉ ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော် သောက်သုံးရေ ပြတ်လပ်နေသည်။

မုန်တိုင်းနောက်ဆက်တွဲအကျိုးဆက်အဖြစ် ရေငန်ဝင်ရောက်ပြီး ရေပြတ်လပ်နေရာ ဝမ်းရောဂါအပါအဝင် ကူးစက်ရောဂါများ ဖြစ်ပွားမည်ကို စိုးရိမ်နေရသည်။

Show More

Related Articles

Back to top button