စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ကျွန်းလှမြို့နယ်အတွင်း ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ ခေါင်းဆောင်နှင့် မိသားစုဝင်တချို့ သေဆုံးသွားသည်။
ကျွန်းလှ- သဖန်းဆိပ်ဆည်ကားလမ်းပေါ်ရှိ ကျီးကုန်းရွာမှ နေအိမ်တစ်လုံးကို
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကန့်ဘလူ ခရိုင် တပ်ဖွဲ့နှင့် ဒေသခံ တော်လှန်ရေးအဖွဲ့က ယမန်နေ့(မေ ၁၇) နံနက် ၄နာရီက ဝင်ရောက် စီးနင်းခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားသည်။
တိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင်အဖြစ် လူသိများသူ အသက် ၅၃နှစ်အရွယ် ဦးမြင့်နိုင်၊ သူနှင့် သက်တူရွယ်တူ ဇနီးသည် ဒေါ်နုစိန်၊ အသက် ၂၀ အရွယ် သားဖြစ်သူ ကိုအောင်ချမ်းမြေ့၊ ထိုအိမ်တွင်ရှိနေသည့် ပျူစောထီးတပ်ဖွဲ့ဝင်တို့ သေဆုံးသည်ဟု စုံစမ်းသိရှိရသည်။
ထိုနေအိမ်မှ သေနတ်သုံးလက် သိမ်းဆည်းရမိခဲ့ကြောင်း၊ ဦးမြင့်နိုင်မှာ ကျွန်းလှ- သဖန်းဆိပ်ဆည်ကားလမ်းတွင် ပျူစောထီးဂိတ်စခန်းဖွင့်ကာ စစ်ဆေးခြင်း၊ ဒေသခံတို့ကို ပျူစောထီးသင်တန်းတက်ရန် ဖိအားပေးခြင်း စသည့် အမှုများ ကျူးလွန်ခဲ့သည်ဟု ဆိုသည်။
ဦးမြင့်နိုင်ကို ပစ်မှတ်ထား ဖမ်းဆီးရန် စီးနင်းခြင်း ဖြစ်သည်၊ ပြန်လည်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ကျွန်းလှမြို့နယ် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သူ့ကိုပဲ ပစ်မှတ်ထား ဝင်တိုက်တာပဲဗျ။ သူက ကျွန်းလှမြိုနယ်အနောက်ပိုင်းမှာ တော်တော် ကြီးစိုးနေတာရှိတယ်ဗျ။ ပြည်သူတွေကို ပိုက်ဆံတွေ လိုက်တောင်းတယ်၊ ပြည်သူတွေ မိပြီ ဆိုတာနဲ့ ရိုက်ပြီး ပိုက်ဆံတောင်းတာတွေ လုပ်တာ… သူ့အိမ်က သံဆူးကြိုးတွေနဲ့ပါ ကာထားတာ။ သူပစ်ကိုယ်ပစ်နဲ့ ခုခံတော့ သူသေသွားတာ” ဟု ၎င်းက ဆိုသည်။
ထိုတိုက်ခိုက်မှုအပြီးတွင် အရှေ့ဘက် သုံးမိုင်အကွာ ကျွန်းလှမြို့မှ စစ်ကောင်စီတပ်ဖွဲ့ ရောက်လာကာ ပစ်ခတ်မှုကြောင့် ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)ဝင်တစ်ဦး သေဆုံးသည်၊ စစ်ကောင်စီက ရုပ်အလောင်းများကို ထိုနေ့နေ့လယ်ပိုင်းတွင် ကျွန်းလှဘက်သို့ သယ်သွားသည်ဟု အထက်ပါ တာဝန်ရှိသူထံမှသိရသည်။
သေဆုံးသူ ဦးမြင့်နိုင်နှင့် ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့ဘက်မှ စွပ်စွဲချက်များ၊ အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြား အတည် မပြုနိုင်သေးပေ။ စစ်ကောင်စီဘက်ကလည်း နှုတ်ဆိတ်နေသည်။
ကျွန်းလှမြို့အနောက်ဘက် သုံးမိုင်အကွာရှိ ကျီးကုန်းရွာနှင့် ကပ်လျက် ဇီးတောရွာ၊ချောင်းကွေ့ရွာ စသည့်ကျေးရွာများတွင် စစ်ကောင်စီက လွန်ခဲ့သည့် ၇လခန့်မှစတင်က စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသည်ဟု တော်လှန်ရေး အင်အားစုများက ဆိုသည်။
ကျွန်းလှမြို့နယ်တွင်ကျေးရွာအုပ်စု၃၂အုပ်စုရှိသည့်အနက် ကျေးရွာဆယ်ရွာထက်မနည်းတွင် စစ်ကောင်စီ၏ ပျူစောထီးများတပ်စွဲထားကြောင်း ကျွန်းလှမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ အမျိုး သားက ပြောသည်။
လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူမြို့နယ်၊ ယင်းနှင့် ဆက်စပ်နေသည့် ကျွန်းလှမြို့နယ်အတွင်တွင် ပျူစောထီး အားကောင်းသည့် ကျေးရွာပေါင်း ၄၀ ကျော် ရှိသည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှသိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းက ပျူစောထီးများအခိုင်အမာတပ်စွဲထားသည့်ထားသည့် ကန့်ဘလူနှင့် ကျွမ်းလှမြို့နယ်အစပ်ရှိ ချပ်သင်းရွာပျုစောထီးစခန်းကို PDF ကအင်အားအလုံးအရင်းနှင့်စီးနင်းကာ လက်နက်မျိုးစုံ ၃၀ကျော်ထိသိမ်းယူနိုင်ခဲ့ရာ စစ်ကောင်စီက လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် တုံ့ပြန်တိုက်ခိုက်ခဲ့ဖူးသည်။
အာဏာသိမ်းပြီးနှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ပြောက်ကျား ခုခံစစ်နှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက ဒေသခံအချို့ကို စည်းရုံးကာ လက်နက်တပ်ဆင်ပေးနေသည်။ ပျူစောထီးဟု လူသိများသည့် ထိုအဖွဲ့များမှာ စစ်ကောင်စီ စစ်ကြောင်းများနှင့်အတူ နိုင်ငံအလယ်ပိုင်း ကျေးရွာများကို စီးနင်းမီးရှို့ရာတွင် ပါဝင်လေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)