သတင်း

မန္တလေးမှ ပုဂ္ဂလိကဆေးရုံ ၃ ရုံ လိုင်စင်ပိတ်သိမ်းခံရ

တော်လှန်ရေးကို ထောက်ပံ့သည်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CMD) တွင် ပါဝင်နေသည့် ဆရာဝန်များကို ကူညီသည်ဆိုသော စွပ်စွဲချက်များဖြင့် လုပ်ငန်းရပ်ဆိုင်းထားရသည့် မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံများထဲမှ ၃ ရုံကို လိုင်စင်ရုပ်သိမ်းကြောင်း စစ်ကောင်စီက အမိန့်ထုတ်ထားသည်။

အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်ထားသည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့က မေ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်သောစာများတွင် မန္တလေးမြို့မှ နာမည်ကြီးဆေးရုံများဖြစ်သည့် မြို့တော်၊ နန်းတော်၊ ကံ့ကော်တို့ကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) ပါ စည်းကမ်းမလိုက်နာမှုဖြင့် ၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက လုပ်ကိုင်ခွင့် ပယ်ဖျက်ထားကြောင်း ဖော်ပြထားသည်။

လုပ်ငန်းလုပ်ကိုင်ခွင့် ရုပ်သိမ်းခံရသည်ဆိုသောသတင်း မှန်ကန်ကြောင်း မြို့တော်ဆေးရုံတွင် ကျန်းမာရေးဝန်ဆောင်မှု ပေးခဲ့သည့် အမျိုးသားဆရာဝန်ကြီးတစ်ဦးက အတည်ပြုသည်။

“လိုင်စင်ပိတ်သိမ်းခံရတာ မှန်ပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဆရာဝန်ကြီးက ပြောသည်။

အထက်ပါ ဆေးရုံ ၃ ရုံနှင့်အတူ ၂၀၂၂၊ ဒီဇင်ဘာက လုပ်ငန်း ယာယီရပ်ဆိုင်းခံရသည့်ထဲတွင် ပါဝင်သည့် ထက်နေလင်း၊ စိန်ပန်း၊ ကြယ်စင်လင်းဆေးရုံတို့၏ နောက်ဆုံးအခြေအနေကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

အထက်မြန်မာပြည်၏ ကုန်စည်ကူးသန်းမှု ဗဟိုချက်မဖြစ်သော မန္တလေးမြို့တွင် ပုဂ္ဂလိဆေးရုံများမှာ ဒေသအသီးသီးမှ လာရောက်သူများကို ကျန်းမာရေး ဝန်ဆောင်မှုပေးနေသည်။ စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ဆက်လက်လုပ်ကိုင်ခွင့် ရှိနေသော ဆေးရုံများ၊ ဝန်ဆောင်မှု ရယူသူများအပေါ် မည်သို့သက်ရောက်မှုရှိကြောင်း မသိရသေးပေ။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီက အထက်ပါ ဆေးရုံ ၆ ရုံမှ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီ လက်နက်ကိုင်တို့ ဆေးရုံများအတွင်း လူနာဟန်ဆောင်ကာ ဝင်ရောက်ပြီး ဖမ်းဆီးမှုလည်း ပါဝင်သည်။ ဖမ်းဆီးခံရသူ အများအပြားမှာ CDM ကျန်းမာရေးဝန်ထမ်းများ ဖြစ်ပြီး နောက်ဆက်တွဲ အသေးစိတ်အခြေအနေများကို အတည်မပြုနိုင်သေးပေ။

CDM လှုပ်ရှားမှုသည် ၂၀၂၀ ရွေးကောက်ပွဲမဲစာရင်း မှားယွင်းသည်၊ နိုင်ငံရေးသမားတို့က နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုးစားသည်ဟု စွပ်စွဲပြီး စစ်တပ်က အာဏာသိမ်းရာမှ ပေါ်ပေါက်လာသည်။

အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းသည့် နှစ်နှစ်ကျော်အတွင်း အစိုးရဝန်ထမ်းများ လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ကြရာတွင် ကျန်းမာရေးကဏ္ဍမှ ဆရာဝန်နှင့် ကျွမ်းကျင်ဝန်ထမ်း အများအပြားပါဝင်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာခဏ မကျေမချမ်း ထုတ်ဖော်ပြောဆိုတတ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းစ ငြိမ်းချမ်းစွာ ဆန္ဒပြနေဆဲကာလတွင်ပင် ဆန္ဒပြလူထုနှင့် ဆေးဘက်ဆိုင်ရာ ကူညီပေးနေသည့် ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများပါ မချန် ပစ်ခတ်၊ ရိုက်နှက် ဖမ်းဆီးလေ့ရှိသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် ကျန်းမာရေးဝန်ထမ်း ၅၈ ဦး သေဆုံးကာ ၇၀၀ ကျော် ဖမ်းဆီးနှိပ်စက်ခံနေရကြောင်း၊ ဆေးရုံဆေးခန်း ၅၀ ကျော်နှင့် လူနာတင်ယာဉ် ၄၀ ကျော် တိုက်ခိုက်ဖျက်ဆီးခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button