သတင်း

တရုတ်၏ မူဝါဒအပြောင်းကြောင့် မြန်မာဆန်အိတ်တစ်သိန်း တရုတ်ဘက်ခြမ်းတွင် သောင်တင်

နယ်စပ်မှတင်ပို့လိုက်သော မြန်မာဆန် အိတ်တစ်သိန်းတွင် စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပေးသည့် ပိုးမွှားကင်းရှင်းကြောင်း ဗဟိုအဆင့်ထောက်ခံချက်မပါ၍ တရုတ်နိုင်ငံက လက်မခံကြောင်းဆိုသဖြင့် ကျပ်သိန်း ၆၀၀ ခန့်အကုန်ခံပြန်သယ်ကာ စစ်ဆေးရမည်ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် တာဝန်ရှိသူတစ်ဦးကဆိုသည်။

တရုတ်ကို အကြွေးဖြင့်ရောင်းထားသည့် ဆန်အိတ်တစ်သိန်းတွင် စိုက်ပျိုးရေးဦးစီးဌာန(နေပြည်တော်) ၏ ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်မပါသဖြင့် မူဆယ်နှင့် ကပ်လျက် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ အရောက်တွင် ဆက်အဝင်မခံတော့သည့်အတွက် နယ်စပ်ဆန်ရောင်းဝယ်ရေးရပ်တန့်နေသည်မှာ တစ်လနီးပါးကြာပြီဖြစ်သည်။

ယခင် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းတွင် ကျပ် ၃၅,၀၀၀ ပေးသွင်းကာ ထုတ်ယူရသည့် ထောက်ခံချက်ကို ဧပြီဆန်းမှစ၍ တရုတ်ဘက်က လက်မခံတော့ဘဲ ရုတ်တရက် မူဝါဒပြောင်းလဲလိုက်သည့်အတွက် ယခုကဲ့သို့ပိတ်မိသွားကြောင်း၊ တရုတ်ပို့မည့် မူဆယ်ရောက် ဆန်တန်ချိန် ၃၀၀၀ ခန့်လည်း ဆက်လက်ဝယ်ယူမည်သူ မရှိတော့ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းကပြောသည်။

ယခင်စနစ်တွင် မူဆယ် ၁၀၅ မိုင်စစ်ဆေးရေးစခန်းက ပိုးမွှားကင်းစင်ကြောင်းထုတ်ပေးခဲ့ပြီး ဆန်ကားတစ်စီးလျှင် ကျပ် ၃၅,၀၀၀ ပေးသွင်းလိုက်ပါက အစစ်အဆေးမရှိဘဲ လက်မှတ်ထုတ်ပေးခဲ့သည်။ ယခုလို တရုတ်ဘက်က မူဝါဒ အပြောင်းအလဲလုပ်ရသည့်အကြောင်းရင်းကို တိတိကျကျ မသိရပေ။

“နေပြည်တော် စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပေးတာကိုပဲ လက်ခံတော့မယ်ပေါ့။ သူတို့ (နေပြည်တော်) ကလည်း အလွယ်တကူမထုတ်ပေးဘူး။ ပိုးထောင်ချောက်တို့ မီးထောင်ချောက်တို့နဲ့ သေချာစစ်ဆေးပြီးခါမှ ထုတ်ပေးတာ”ဟု ဦးမင်းသိန်းက ပြောသည်။

ပိုးထောင်ချောက်ဆိုသည်မှာ ပိုးမွှားရှိ/မရှိစစ်ဆေးလိုသည့် ဆန်အိတ်များအပေါ်မှ ပလတ်စတစ်အကြည်ဖြင့် လုံခြုံစွာအုပ်ထားစဉ် ဆန်ထဲမှထွက်ရှိလာသည့် ပိုးမွှားပမာဏကိုကြည့်သည့်စနစ်ဖြစ်ပြီး မီးထောင်ချောက်ဆိုသည်မှာ ဆန်ဂိုဒေါင်ထဲအမှောင်ချပြီး မီးများထွန်းထားစဉ် ထွက်ရှိလာသည့်ပိုးမွှား ပမာဏကိုကြည့်ပြီး လက်မှတ်ထုတ်ပေးရသည့်စနစ်ဖြစ်သည်။

တရုတ်ကတောင်းဆိုထားသည့် ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက်ရရှိရန် နောက်ဆုံးလိုအပ်လာပါက ကျယ်ဂေါင်မြို့ထဲရှိ ကုန်သည်လုပ်ငန်းရှင် ၃၀ ခန့်၏ ဆန်အိတ် တစ်သိန်းခန့်ကို ကျပ်သိန်း ၆၀၀ ခန့် ထပ်မံကုန်ကျခံပြီး မူဆယ်ဘက်ကိုသယ်ယူကာ မူဆယ်သို့ စိုက်ပျိုးရေးဦးစီးဌာနက လာရောက် စစ်ဆေးမည်ဟု ဦးမင်းသိန်းကဆိုသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့နေသည့် ဆန်အမျိုးအစား ၁၀၀ ခန့်ရှိပြီး ဆန်တစ်တန်(အိတ် ၂၀)လျှင် ကျပ် ငါးသိန်း(ယွမ် ၂၅၀၀ ကျော်)ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်ကုန်သည်များကပြောသည်။

ဧပြီလမတိုင်ခင်အထိ နှစ်ဖက်ကုန်သည်များအကြား နားလည်မှုဖြင့် မြန်မာ-တရုတ်နယ်စပ်မှတစ်ဆင့် ဆန်တန်ချိန်သိန်းနှင့်ချီပြီး နှစ်စဉ်တင်သွင်းခဲ့သော်လည်း ယခုကိုဗစ်နိုင်တင်းကာလတွင် တရုတ်ဘက်က စည်းကမ်းများ တင်းကျပ်လိုက်ခြင်းဖြစ်သည်။

မြန်မာ-တရုတ် နယ်စပ်မှဆန်တင်ပို့ရန် စီးပွားကူးသန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနက ထောက်ခံခွင့်ပြုထားသည့် လုပ်ငန်းရှင် ၄၃ ဦးရှိထားပြီး အဆိုပါလုပ်ငန်းရှင်များ၏ ဆန်များကိုမူ စစ်ဆေး၍ထောက်ခံချက်ပေးပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းကပြောသည်။

“ကျွန်တော်တို့က လွန်ခဲ့တဲ့ ခြောက်လ ခုနစ်လလောက်ကတည်းက စက်ရုံတွေ အလုပ်ရုံတွေ၊ နောက်ပြီး ဆန်စက်တွေ၊ သူတို့လှောင်မယ့် ဂိုဒေါင်တွေ အကုန်လုံးကို ဒီပိုးမွှားကင်းစင်ကြောင်းဆောင်ရွက်တဲ့ ဟာတွေကို စစ်ဆေးထားပြီးသားဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ယခု ကျယ်ဂေါင်ရောက်နေသည့် ဆန်များသည် စိုက်ပျိုးရေးဦးစီးဌာနက စစ်ဆေးပြီးခွင့်ပြုထားသည့် ကုမ္ပဏီဆန်များဟုတ်မဟုတ် စုံစမ်းနေကြောင်း ဒေါက်တာရဲတင့်ထွန်းကဆိုသည်။

အဆိုပါဆန်အိတ်တစ်သိန်းအတွက် တရုတ်က ငွေမချေသေးသဖြင့် ဆန်လုပ်ငန်းရှင် ၃၀ ခန့်မှာ ဆန်ဖိုး ကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော် မရရှိသေးကြောင်း ဦးမင်းသိန်းကပြောသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၁၈ သိန်းကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောသည်။

ယခုနှစ် ဇန်နဝါရီ ၂၃ မှစ၍ ဧပြီ ၁၈ အထိ မြန်မာ-တရုတ်နယ်စပ်ဂိတ်များမှ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော်သာရထားပြီး ယခင်နှစ်ကာလတူက ၁ ဒသမ ၆ ဘီလျံခန့် ရခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button