သတင်း

စစ်တွေ ရိုဟင်ဂျာဒုက္ခသည်စခန်းများ ရေလွှမ်းခံရပြီး ၂၂ ဦး သေဆုံး၊ အရေးပေါ်အကူအညီများ လိုအပ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဖြတ်သန်း တိုက်ခိုက်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့အနီး ပင်လယ်ကမ်းစပ်ဘေးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ ရေလွှမ်းမိုးခံခဲ့ရ၍ ရိုဟင်ဂျာ ၂၂ ဦး သေဆုံးပြီး ရာနှင့်ချီ ပျောက်ဆုံးနေသည်ဟု မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များထံမှ သိရသည်။

မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည်အများစုမှာ ပင်လယ်ကမ်းရိုးတန်းဘေးရှိ ဘာဆာလာ စံပြကျေးရွာ၊ ဘာဆာလာ Camp ၊ ဒါးပိုင်၊ အုန်းတောကြီး၊ ဘောဒူဗနှင့် ဗေဒကျေးရွာတို့မှ ရိုဟင်ဂျာဒုက္ခသည်များဖြစ်ပြီး ရာနှင့်ချီပြီး ပျောက်ဆုံးနေဆဲဖြစ်သည်။

၎င်းကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် အလောင်း ၂၀ ရှိပြီး သေဆုံးသူအများစုမှာ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ဖြစ်သည်ဟု မုန်တိုင်းကြားမှ ထွက်ပြေး လွတ်မြောက်လာခဲ့သူ စစ်တွေမြို့၊ သက္ကယ်ပြင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာဒုက္ခသည် Brights Islam က ပြောသည်။

“အတည်ပြုလို့ရတဲ့ သေဆုံးမှုက ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရတာက ဒါးပိုင်ကယ်ဆယ်ရေးစခန်းမှာ ၁၅ ယောက်နဲ့ သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်းမှာ ၅ ယောက် ၂၀ ပေါ့။ ဒါကိုတော့ ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ရတာပေါ့။ ဒီထဲမှာတော့ အသက်အရွယ်အားဖြင့်ဆိုရင် ကလေးတွေ များတယ်။ အသက်ကြီးပိုင်းအမျိုးသမီးတွေလည်း ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် မုန်တိုင်းဒဏ်မှ ထွက်ပြေး လွတ်မြောက်လာခဲ့သူ မျက်မြင်သက်သေများ မြင်တွေ့ခဲ့ရသည့် အလောင်းများနှင့် သူမြင်တွေ့ခဲ့ရသည်ကို ပေါင်းစပ်မည်ဆိုပါက ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော် သေဆုံးနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော် လောလောဆယ်ပြောနေတာက ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ရတဲ့ဟာနဲ့ သေဆုံးတဲ့ အလောင်းတွေကို တွေ့ခဲ့ရသူ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်နဲ့ကို ခြုံပြီး ပြောမယ်ဆိုရင် စစ်တွေမြို့ ရိုဟင်ဂျာသီးသန့် ၁၀၀ ကျော်လောက် သေဆုံးသွားတာကို တွေ့ရတယ်။ ခုချိန်ထိ ပျောက်ဆုံးသွားတဲ့ သူတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

မုန်တိုင်းနှင့်အတူ ပါလာသည့် ဒီရေလှိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်များမှာ စားသောက်စရာများမရှိတော့ဘဲ ပျောက်ဆုံးသွားသူများနှင့် ဒဏ်ရာရလူနာများကို ကယ်ဆယ်နိုင်ရန် အရေးပေါ်ကယ်ဆယ်ရေး လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“ကယ်ဆယ်ရေးက ဘယ်လောက် အရေးကြီးနေလဲဆို​တော့ ဒဏ်ရာရတဲ့သူတွေ ဆေးကုသခွင့်ရဖို့ပေါ့။ ဒဏ်ရာရတဲ့သူတွေက တချို့က ဒဏ်ရာတွေ တော်တော်ကြီးတယ်။ သူတို့တွေက ဆေးကုသခွင့်မရသေးဘူး” ဟု ၎င်းက ပြောသည်။

ထို့ပြင် မုန်တိုင်းဖြစ်ပေါ်ချိန်တွင် ပင်လယ်ဒီရေလှိုင်းများ တစ်ရှိန်ထိုး မြင့်တက်လာသောကြောင့် ပင်လယ်ကမ်းစပ်အနီးရှိ ကျေးရွာများတွင် သေဆုံးမှုများရှိခဲ့ပြီး ရေထဲမျောပါလာသည့် အလောင်းများကို မျက်မြင်တွေ့ခဲ့ရသူများလည်း ရှိသည်။

ပျက်စီးသွားသည့် ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခု။

မုန်တိုင်းအပြီးတွင် စစ်တွေလေဆိပ်အနီးရှိ ခြံစည်းရိုး သံဆန်ခါတွင် ချိတ်နေသည့် အလောင်း ၂ လောင်းကို အစ္စလာမ်ဘာသာရေး ဓလေ့ထုံတမ်းနှင့်အညီ သင်္ဂြိုဟ်ခဲ့ရသည်ဟု လေဆိပ်အနီး ဘုမေကျေးရွာတွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် ကိုဇော်သီဟက ပြောသည်။

“လေယာဉ်ကွင်း ခြံစည်းရိုး သံကွင်းမှာ လာချိတ်နေတာပါ။ အရွယ်တော့ မခန့်မှန်းပါ။ လူလတ်ပိုင်းတစ်ယောက်၊ ဆယ်ကျော်သက် တစ်ယောက်ပါ။ ကျွန်တော်တို့ ဘာသာရေးနဲ့အညီ ဆုတောင်းပြီး မြေမြှုပ်လိုက်ပါတယ်”

သေဆုံးစာရင်းထက် ပျောက်ဆုံးစာရင်းက ပိုများနေပြီး တစ်ရွာနှင့် တစ်ရွာ သွားလာရန် ခက်ခဲသလို ဖုန်းလိုင်းများလည်း ပြတ်တောက်နေ၍ သေဆုံးစာရင်း အတိအကျပြောရန် ခက်ခဲနေသေးသည်ဟု ရိုဟင်ဂျာဒုက္ခသည်များက Myanmar Now ကို ပြောကြသည်။

မိုခါမုန်တိုင်း မဝင်ရောက်မီ မေ ၁၃ ညနေပိုင်းတွင် ပင်လယ်နှင့် နီးသည့် ဒေသများရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများကို မုန်တိုင်းလွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးရန် စစ်ကောင်စီတပ်သားများက လာရောက် သတိပေးခဲ့သည်။

သို့သော်လည်း သိန်းနှင့်ချီသည့် ရိုဟင်ဂျာများအတွက် အာဏာသိမ်း စစ်တပ်က နေရာထိုင်ခင်း လောက်ငအောင် မစီစဉ်ပေးနိုင်ခဲ့ပေ။

သက်ကြီးရွယ်အို၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များကိုသာ စစ်တွေတက္ကသိုလ်၊ အစိုးရနည်းပညာကျောင်းနှင့် သက္ကယ်ပြင်ကျေးရွာရှိ စာသင်ကျောင်းတို့တွင် ပို့ဆောင်ထားနိုင်သည်ဟု သက္ကယ်ပြင်ကျေးရွာတွင် နေထိုင်ပြီး ရိုဟင်ဂျာဒုက္ခသည်အရေးဆောင်ရွက်နေသူတစ်ဦးက Myanmar Now ကို မုန်တိုင်းမဝင်ရောက်မီ မေ ၁၄ တွင် ပြောထားသည်။

“တချို့လူတွေကကျတော့ ခေါ်ရင်လည်း မလာဘူး။ အဲဒီလိုအနေအထားမှာ ရှိတယ်။ အခြေအနေကြည့်ပြီးတော့ အခြေအနေဆိုးလာမှ အဲဒီနေရာကနေပြီးတော့ အဆင်ပြေတဲ့နေရာကို ရွှေ့မယ်ဆိုတဲ့ သဘောမျိုး ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် မေ ၁၃ ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ရိုဟင်ဂျာများကို ပြောင်းရွှေ့ရန် ဖိအားပေးဆောင်ရွက်နေသော်လည်း ထိုစခန်းများတွင် မပြောင်းရွှေ့ဘဲ ကျန်ခဲ့သူ အများအပြားရှိနေသည်ဟု ထိုစခန်းများသို့ ကိုယ်တိုင်ရောက်ရှိခဲ့သည့် စစ်တွေအခြေစိုက် သတင်းထောက်တစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်ကောင်စီကတော့ သူတို့ထဲက တချို့တွေကို ကားပေါ်တင်ပြီးတော့ ဓာတ်ပုံတွေဘာတွေ ရိုက်ပြီး ဟန်ပြလုပ်ပြတာပေါ့။ စစ်သားတွေအများကြီးနဲ့ လက်နက်တွေနဲ့ လာပြီးတော့။ ဒါပေမဲ့ တကယ်မြေပြင်မှာ ရှိတဲ့သူတွေ အကုန်လုံးကို အသိပညာပေးတာတွေ ရွှေ့ပြောင်းပေးတာတွေ အကူအညီပေးတာတွေ ဘာမှမရှိပါဘူး”

မိုခါမုန်တိုင်းဒဏ်ခံရမည့် ရိုဟင်ဂျာဒုက္ခသည်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများက အကူအညီပေးခွင့်ရရန် မုန်တိုင်းမတိုင်မီကပင် စစ်ကောင်စီထံ တောင်းဆိုခဲ့သော်လည်း အကူအညီပေးခွင့် မရရှိခဲ့ပေ။

ပျက်စီးသွားသည့် ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခု။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများက ရိုဟင်ဂျာများကို ကူညီခွင့်ရရှိရန် စစ်ကောင်စီထံ မုန်တိုင်းမတိုင်မီက ခွင့်ပြုချက် လျှောက်ထားသော်လည်း ခွင့်ပြုမိန့် မကျသေးသည့်အတွက် စောင့်ဆိုင်းနေရသည်ဟု အထက်ပါသက္ကယ်ပြင်စခန်းတွင် နေထိုင်သည့် ကူညီပေးနေသူက မေ ၁၄ နံနက်တွင် ပြောသည်။

“တခြားလူတွေ၊ NGO အဖွဲ့အစည်းတွေ၊ လူသားချင်း စာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေကတော့ သူတို့ကတော့ လှုပ်ရှားလို့မရဘူး။ သူတို့မှာ ခွင့်ပြုချက်မရှိတဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင် ကွင်းဆင်းပြီးတော့ ဘာတစ်ခုမှ လုပ်လို့မရဘူး” ဟု ၎င်းက ဆိုသည်။

မိုခါမုန်တိုင်း ဝင်ရောက်နိုင်ခြေရှိသည်ဟု ခန့်မှန်းခဲ့ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူဦးရေ တစ်သန်းနီးပါးရှိသည့် ကော့ဘဇား (Cox’s Bazar) ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မုန်တိုင်းအန္တရာယ် ကာကွယ်ရန် စေတနာ့ဝန်ထမ်း ၁၀၀ အပြင် အလံသတိပေးစနစ်များကိုပါ ပြင်ဆင်ထားသည်ဟု BBC သတင်းဌာနက ဖော်ပြထားသည်။

နိုင်ငံအနောက်ဘက်ပိုင်း ရခိုင်၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းဒေသတို့သည့် စစ်ဘေးဒဏ်ကို အလူးအလဲခံနေရသလို သန်းနှင့်ချီသော စစ်ဘေးရှောင်များသည် အမိုးအကာမရှိဘဲ နေထိုင်နေကြရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

မုန်တိုင်းဒဏ်ခံရသည့် လူမှုအသိုင်းအဝိုင်းအတွက် အကူအညီပေးရန် အသင့်ရှိကြောင်း၊ မုန်တိုင်းပြီးသည်နှင့် တစ်ပြိုင်နက် အရေးပေါ်တုံ့ပြန်မှုအစီအစဉ်များ စတင်မည်ဖြစ်ကြောင်း UNOCHA က ဆိုသည်။

မုန်တိုင်း အပြင်းအထန်ကျော်ဖြတ်မည်ဟု ခန့်မှန်းထားကြသည့် ရခိုင်ပြည်နယ်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့များ ကူညီကယ်ဆယ်ရေးလုပ်ငန်း နှစ်ပေါင်းများစွာ လုပ်ကိုင်နေကြသော ဒေသဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် အနီးဝန်းကျင်မှ လူဦးရေ ၄၀၀,၀၀၀ စာအတွက် စားနပ်ရိက္ခာအသင့်ရှိနေသည်ဟု ရန်ကုန် ကုလသမဂ္ဂရုံးက မေ ၁၃ တွင် သတင်းထုတ်ပြန်ထားသည်။

သို့သော်လည်း မုန်တိုင်းသင့်ဒေသခံများထံ “သွားရောက်ကူညီခွင့်” လိုအပ်ဦးမည် ဖြစ်သည်။

“အပြည့်အဝ သွားရောက်ကူညီခွင့်ရှိမှသာ ဆိုင်ကလုန်းမုန်တိုင်း၏ လတ်တလောအကျိုးဆက်များကို တုံ့ပြန်ဆောင်ရွက်ရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button