သတင်း

ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့တွင် အိမ်ခြေ ၉၀ ရာခိုင်နှုန်း ပျက်စီး

ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယမန်နေ့ (မေ ၁၄) မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဗဟိုပြု၍ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု Joint Typhoon Warning Center က ထုတ်ပြန်သည်။ မုန်တိုင်းကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲဖြစ်ကာ မုန်တိုင်းဗဟိုချက်အတွင်း ကျရောက်ခဲ့သည့် စစ်တွေမြို့အပါအဝင် နေရာအများစုတွင် ဖြစ်ပေါ်ခဲ့သော ထိခိုက်ပျက်စီးမှုအခြေအနေကို အသေးစိတ် မသိရပေ။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်မြို့နယ်အတွင်း ရွာလုံးကျွတ်ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည့်အပြင် မြို့ပေါ်၌လည်း အပျက်အစီးများသည်ဟု ကျောက်တော်လူငယ်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ကိုကျော်စိုးလွင်ကို ယနေ့ (မေ ၁၅) နံနက်ပိုင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“မုန်တိုင်းအခြေအနေက တော်တော်ဆိုးဆိုးရွားရွားဖြစ်သွားတယ်။ ရှိသမျှအိမ် အကုန်လန်သွားတယ်။ RC ဆလပ်နဲ့ ဆောက်ထားတဲ့အိမ်ပဲ​ ကျန်တယ်။ ကျန်တဲ့အိမ် အကုန်လုံး ပါသွားတယ်။ မြို့ပေါ်မှာ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်” ဟု ၎င်းက ပြောသည်။

“တစ်မြို့လုံးအတိုင်းအတာနဲ့ဆိုရင် ပျက်စီးမှု တော်တော်များတယ်။ လောလောဆယ် ကျွန်တော်တို့ (ကုလားတန်မြစ်) အနောက်ဘက်ခြမ်းမှာပဲ။ အရှေ့ဘက်အခြမ်းကိုတော့ သွားကြည့်လို့မရသေးဘူး” ဟုလည်း ကိုကျော်စိုးလွင်က ပြောသည်။

ယမန်နေ့တွင် ကျောက်တော်မြို့၌ အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး အိမ်ပေါ်မှအဆင်း ခြေချော်ကျကာ သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ မြို့ပေါ်၌ လူထိခိုက်မှုနည်းသည်ဟုလည်း သိရသည်။

ကျောက်တော်မြို့ပေါ်၌ နေအိမ်အများစု ထိခိုက်ပျက်စီးသည့်အပြင် လူဦးရေ ၁၅၀၀ ခန့်နေထိုင်သည့် စစ်ရှောင်စခန်းသုံးခု ပျက်စီးသွားသည်ဟုလည်း သိရသည်။

“မြို့ပေါ်မှာ စစ်ရှောင်စခန်းက ၅ ခု ရှိတယ်။ ကျွန်တော်တို့ ဒီမနက် ရထားဘူတာ (၁)၊ (၂)၊ ဂဝိရတနာ စခန်းတို့ကို သွားကြည့်တယ်။ ရထားဘူတာ (၁) နဲ့ (၂) ကတော့ အကုန်ပြိုကျသွားပြီ။ ဘာမှ ရစရာမရှိတော့ဘူး။ စစ်ရှောင်တွေကိုတော့ မုန်တိုင်းမဝင်ခင် ကြိုရွှေ့ထားလိုက်နိုင်တယ်။ အဆောင်တွေကတော့ ဝါးလုံးတွေ၊ သစ်တွေနဲ့ ဆောက်ထားတာဆိုတော့ ယိုင်နဲ့နေတာ။ ဂဝိရတနာကလည်း ပျက်စီးတယ်”

ကျောက်တော်မြို့နယ် စေတီတောင်ရွာနှင့် အုပ်ကြွပ်ရွာတို့မှ ဒေသခံအချို့ကို ယနေ့ နံနက်ပိုင်း ဆက်သွယ်မေးမြန်းချက်အရ အိမ်ခြေရာနှင့်ချီ ပျက်စီးသွားသည်ဟု သိရသည်။

“ရွာမှာ နည်းနည်းပဲ ကျန်တယ်။ မနေ့က နေ့လယ် ၁ နာရီက စဝင်တာ။ အိမ်ခြေ ၁၀၀ လောက်ရှိတာ။ အိမ်တွေတော့ တော်တော်ပျက်စီးသွားတယ်။ စာရင်းတိတိကျကျ ပြန်ကောက်နေတုန်း။ စာရေးသောက်ရေးကတော့ လိုတယ်။ ရောင်းမယ့်ချမယ့်သူလည်း မရှိဘူး” ဟု ကျောက်တော်မြို့နယ် စေတီတောင်ရွာမှ ဒေသခံက ပြောသည်။

အိမ်ခြေ ၂၉၀ ရှိ အုပ်ကြွပ်ရွာ၌ အိမ် ၁၀ လုံးခန့်သာ ကျန်ပြီး အိမ်အများစု ပြိုကျသွားသည်ဟု သိရသည်။

“ကျွန်တော်တို့ရွာက အိမ်ခြေ ၂၉၀ ရှိတာ။ ၁၀ ဆောင်ပဲ ကျန်တော့တယ်။ ဘုန်းကြီးကျောင်းနှစ်ကျောင်းကလည်း ခေါင်မိုးတွေ အကုန်လုံး ပါသွားတာ။ ရွာအနေအထားတော့ အကုန်လုံး လန့်နေကြတုန်း။ ရွာသားတွေကတော့ ခေါင်းမိုးတွေ အကုန်လုံး ပါသွားတဲ့ ကျောင်းနဲ့ အိမ်တွေမှာပဲ နေတာ။ ကြိုတင်ဝယ်ထားတဲ့ မိုးကာလေးတွေ ပြန်မိုးပြီး နေကြတာ။ ကျန်ခဲ့တဲ့ အိမ် ၁၀ ဆောင်ကလည်း ခေါင်မိုးတွေ ပါသွားတာ။ အုတ်တိုက်တွေမို့ ကျန်ခဲ့တာ” ဟု အုပ်ကြွပ်ရွာသားတစ်ဦးက ပြောသည်။

မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးပေ။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနဩ၏ ယနေ့ နံနက်ပိုင်း ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် အားလျော့သွားက စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့အနီးမှ မြောက်ဘက်နှင့် အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး နောက် ၆ နာရီအတွင်း ကုန်းတွင်းပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်သည်ဟု ဆိုသည်။

စစ်ကိုင်း၊ မန္တလေး၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ကို အညိုရောင်အဆင့်၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့ကို မုန်တိုင်းဖြတ်ကျော်ပြီးဒေသများအဖြစ် အစိမ်းရောင်အဆင့်ဟု သတ်မှတ်ကြောင်းလည်း မိုးဇလထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button