အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုန်တိုင်းဒဏ်ကြောင့် ရခိုင်ဒေသတချို့တွင် ရွာလုံးကျွတ် ပျက်စီး

ယနေ့ (မေ ၁၄) မွန်းလွဲပိုင်းမှ စတင်ဝင်ရောက်သည့် အင်အားအလွန်ပြင်းသော မိုခါဆိုင်ကလုန်းကြောင့် ရခိုင်ပြည်နယ်ရှိ ကျေးရွာအချို့ ရွာလုံးကျွတ် ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများနှင့် ဒေသအခြေစိုက် သတင်းမီဒီယာများထံမှ သိရသည်။

ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်း အိမ်ခြေ ရာနှင့်ချီ ရှိသည့် ကျေးရွာအများအပြားမှာ ရွာလုံးကျွတ် ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

မြောက်ဦးမြို့နယ်၊ ရုပ်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦးက ၎င်းတို့ရွာမှာ မုန်တိုင်း၏ ကနဦး ကာလမှာပင် အကြီးအကျယ် ပျက်စီးသွားသည်ဟု Myanmar Now ကို ပြောသည်။

“အခိုင်အမာအိမ်တွေလည်း ပါသွားတယ်။ ပျဉ်ထောင်အိမ်တွေရော အကုန်လုံးပါသွားတာပဲ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေတော့ မရှိဘူးဗျ။ စာသင်ကျောင်းလည်း အကုန်လုံးပါသွားတယ်။ တစ်ဆောင်ပဲ ကျန်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသည့် ရုပ်ချောင်းရွာတွင် အခိုင်အမာတည်ဆောက်ထားသည့် အလယ်တန်းကျောင်းခွဲ စာသင်ကျောင်း၊ ပျဉ်ထောင်အိမ်များအပါအဝင် နေအိမ်အဆောက်အအုံအားလုံးနီးပါး ပျက်စီးသွားကြောင်း၊ ထိုရွာအနီးရှိ ထိပ်ဝပြင်၊ ကြခပ်ပြင်၊ ခွဆုံကျေးရွာများသည်လည်း ထိခိုက်မှုပြင်းထန်နိုင်ကြောင်း ၎င်းက ဆိုသည်။

ရုပ်ချောင်းကျေးရွာခံ ၁၃၀၀ ခန့်မှာ လတ်တလောတွင် ကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း အပါအဝင် မုန်တိုင်းထိခိုက်မှုဒဏ်မှ ကျန်နေခဲ့သည့် အဆောက်အအုံအချို့တွင် ခိုလုံနေကြောင်း၊ စိုးရိမ် ထိတ်လန့်နေကြကြောင်း ၎င်းက ဆိုသည်။

အခြားကျေးရွာတစ်ခုဖြစ်သည့် မြောက်ဦးမြို့နယ် ငစွယ်ကျေးရွာတွင် ဘုန်းတော်ကြီးအပါအဝင် သိမ်ဆောင်နှင့် ဥပုသ်သီလဆောက်တည်သည့် ဇရပ်အပါအဝင် ရွာလုံးကျွတ်နီးပါး ပြိုကျပျက်စီးကြောင်း ကျောင်းထိုင်ဆရာတော် ဦးပညာဝံသကို ကိုးကား၍ ဒေသတွင်းသတင်းဌာန Western News ၏  သတင်းတစ်ပုဒ်တွင် ရေးသား ဖော်ပြထားသည်။

“လေစတိုက်ကတော့ ၁ နာရီက တိုက်တာပေါ့။ ၄ နာရီလောက်မှာ ကျောင်းဆောင်က စပြိုတယ်၊ ပြီးတော့ သိမ်ကျောင်းဆောင်ရယ်၊ ဇရပ်တစ်ဆောင် ပျက်စီးသွားတယ်။ အာလုံးပျက်စီးသွားပြီဆိုတော့ နေရာစရာလည်း မရှိတော့ဘူး။ ရွာမှာလည်း အိမ်တွေ မရှိတော့ဘူး။ ညပိုင်း ရေတက်လာမှာကိုလည်း စိုးရိမ်ရတယ်” ဟု ဆရာတော်က Western News ကို မိန့်သည်။

အိမ်ခြေ ၈၀ ခန့်ရှိသည့် ငစွယ်ကျေးရွာတွင် နေအိမ် ၄ လုံးသာ ကျန်ပြီး ထိုအိမ်ထဲတွင် ရွာသားများ စုပေါင်းနေထိုင်နေရကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

မုန်တိုင်းတိုက်ခိုက်မှုကြောင့် မြောက်ဦးမြိုနယ်တစ်ဝိုက်တွင် ထိခိုက်ပျက်စီးမှု ပြင်းထန်နိုင်သော်လည်း ပင်လယ်ဒီရေ ဝင်ရောက်မှု မရှိသေးကြောင်း ရုပ်ချောင်းရွာဒေသခံက ဆိုသည်။

မြောက်ဦးမြို့နယ်တွင် ဖုန်းလိုင်း ပြတ်တောက်နေပြီး စစ်တပ်ပိုင် Mytel ကွန်ရက်တစ်ခုတည်းသာ လတ်တလောအသုံးပြု၍ရနေသေးကြောင်း၊ အခြားကျေးရွာများ၏ ထိခိုက်ပျက်စီးမှုအခြေအနေကို လတ်တလောတွင် အသေးစိတ်မသိရသေးကြောင်း ၎င်းက ဆိုသည်။

မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ကာ မွန်းလွဲပိုင်းတွင် စစ်တွေမြို့အနီး ဝင်ရောက်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၃၀ မှ ၁၃၇ မိုင်အထိ ရှိခဲ့သည်။

ပြည်နယ်မြို့တော် စစ်တွေတွင် နံနက် ၁၀ နာရီခန့်က လေပြင်းတိုက်ခတ်ကာ လမ်းဘေးသစ်ပင်များ ကျိုးကျခြင်း၊ နေအိမ်ခေါင်မိုးများ ပျက်စီးခြင်းနှင့် တဲအိမ်များ ပြိုလဲပျက်စီးခြင်းတို့ ဖြစ်ပေါ်လာပြီး မွန်းလွဲပိုင်းတွင် စစ်တွေဆက်သွယ်ရေးရုံးအတွင်းမှ တာဝါတိုင်တစ်ခု ကျိုးကျပျက်စီးသွားသည်။

စစ်တွေမြို့ လမ်းမတောင်ရပ်ကွက် လမ်းမများနှင့် အိမ်ခြံဝင်းအတွင်း ပင်လယ်ဒီရေ လျှံတက်လာပြီး ရေနစ်မြုပ်နေမှုကြောင့် ကူညီကယ်ဆယ်ရန် တောင်းခံသူများရှိသည်ဟု ကယ်ဆယ်ရေးအဖွဲ့များကို ကိုးကား၍ ဒေသတွင်းသတင်းဌာနများက ဖော်ပြသည်။

မုန်တိုင်းသည် ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့ကို ဆက်လက်ရွေ့လျားလျက်ရှိကြောင်း၊ ဆက်လက် အားကောင်းဆဲဖြစ်ကာ တစ်နာရီ မိုင် ၉၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။ ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားလာသည့် အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ (မေ ၁၄) မွန်းလွဲ ၁၂ နာရီခွဲတွင် တစ်နာရီလျှင် မိုင် ၁၃၀ ကျော်ဖြင့် ရခိုင်ပြည်နယ်ကမ်းရိုးတန်းဒေသများကို ဖြတ်ကျော်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button