သတင်း

တရုတ်နယ်စပ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ ဆက်တိုက်ဝင်ရောက်

တရုတ်နယ်စပ်မြို့များတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ ဆက်တိုက် ပြန်လည်ဝင်ရောက်လာနေသဖြင့် စနစ်တကျပြန်လည်လက်ခံကာ မန္တလေးတိုင်းအစိုးရကို လွှဲပြောင်းပေးနေကြောင်း ပြင်ဦးလွင်မြို့ ကိုဗစ်နိုင်တင်းကာကွယ်ရေး ဦးဆောင်ကော်မတီဝင် ဦးကိုကိုကြီးကပြောသည်။

တရုတ်နယ်စပ်မှ ဝင်ရောက်လာသော မြန်မာလုပ်သား ၇၀၈ ဦးကို မန္တလေးတိုင်းအစိုးရအား ဧပြီ ၂၆ ညနေပိုင်းက လွှဲပြောင်းပေးခဲ့ပြီး ယနေ့ (ဧပြီ ၂၇)တွင်လည်း ဆက်လက်ဝင်ရောက်မှုများ ရှိနေသည်ဟု စိမ်းလန်းပြင်ဦးလွင်အတွင်းရေးမှူးလည်းဖြစ်သည့် ၎င်းကဆိုသည်။

အဆိုပါအလုပ်သမားများသည် တရုတ်နယ်စပ်မြို့များဖြစ်သည့် မူဆယ်၊ တရုတ်ဘက်ခြမ်း ကျယ်ဂေါင်တို့ရှိ ကြံခင်းများတွင် သွားရောက်လုပ်ကိုင်နေသူများဖြစ်ပြီး အများစုမှာ မန္တလေး၊စစ်ကိုင်း၊ မကွေး၊ပဲခူး၊ ကျောက်ဆည် အစရှိသည့်မြို့များတွင် နေထိုင်သူများဖြစ်ကြောင်း နေရပ်လိပ်စာ စာရင်းကောက်ယူထားမှုကို ကိုးကား၍ ၎င်းကပြောဆိုသည်။

ကား ၅၈ စီးဖြင့် မြန်မာနိုင်ငံပြန်လာသော အဆိုပါ မြန်မာအလုပ်သမားများကို နောင်ချိုမြို့နယ်မှ တာဝန်ရှိသူများ၏ ချိတ်ဆက်ဆောင်ရွက်ပေးမှုဖြင့် ပြင်ဦးလွင်တွင်လက်ခံကာ မြို့နယ်ရဲမှူး၊ အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက မန္တလေးတိုင်းအစိုးရအဖွဲ့ထံသို့ ည ၇ နာရီခန့်တွင် လွှဲအပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့က တိုင်းဒေသကြီးအစိုးရညွှန်ကြားချက်နဲ့မှ လက်ခံရဲတာ၊ ရမ်းပြီးလက်မခံရဲဘူး၊ တော်ကြာ တစ်ဦးဦးက ရောဂါပါလာရင် သွားပြီလေ၊ ဒါ့ကြောင့် စနစ်တကျလေး တစ်ဦးချင်းစီ ဘယ်မြို့ ဘယ်ရွာက မေးပြီး စာရင်းဇယားနဲ့လက်ခံပြီး မန်းအစိုးရအဖွဲ့ကို လွှဲပြောင်းပေးခဲ့တာ”ဟု ၎င်းကဆိုသည်။

၎င်းတို့တစ်ဦးချင်းစီအား အပူချိန်တိုင်းခြင်းများပြုလုပ်ပြီး မိမိတို့နေရပ်တွင်ရှိသော ကွာရန်တင်းစင်တာ(ကန့်သတ်စောင့်ကြည့်သူများ ထားသည့်နေရာ)များတွင် စနစ်တကျ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် မှာကြား၍ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

လက်ရှိတွင် ထိုရွှေ့ပြောင်းလုပ်သားများအား နေရပ်စိစစ်ကာ သက်ဆိုင်သည့် တိုင်းနှင့်ပြည်နယ်များသို့ ထွက်ခွာစေပြီး မန္တလေးတိုင်းနှင့်သက်ဆိုင်သည့်အလုပ်သမား ၂၀၀ ကျော်ကို မန္တလေးတွင် လက်ခံထားကြောင်း မန္တလေးတိုင်းကျန်းမာရေးဌာနမှ ဒေါ်သန်းသန်းမြင့်ကပြောသည်။

“ကျွန်မတို့ သူတို့ကို အပူချိန်တိုင်း ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီး သံဃာ့ဆေးရုံမှာ ကွာရန်တင်းထားပါတယ်” ဟု ၎င်းကဆိုသည်။

ယနေ့တွင် ရွှေ့ပြောင်းလုပ်သားများတင်ဆောင်လာသော ကားအစီးရေ ၃၀ နောင်ချိုမြို့သို့ ထပ်မံ၍ ရောက်ရှိနေပြီး မန္တလေးတိုင်းအစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်နေရကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့ကဆိုသည်။

ကိုဗစ်နိုင်တင်းရောဂါ ပျံ့နှံ့ဖြစ်ပွားနေမှုကြောင့် အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားများမှာ မိခင်နိုင်ငံသို့ ပြန်လည်ဝင်ရောက်မှုများ ရှိနေပြီး ယခုလဆန်းကလည်း ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမား သောင်းဂဏန်းခန့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။

Show More

Related Articles

Back to top button