သတင်း

စစ်တွေ သဲချောင်းရွာမှ စက်လှေ ၅၀၀ ကျော် မုန်တိုင်းရှောင်နေရ

ရခိုင်ပြည်နယ်သို့ ဦးတည်နေသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့နှင့် သုံးမိုင်ခန့် ကွာဝေးသည့် သဲချောင်း (ရိုဟင်ဂျာ) ကျေးရွာမှ စက်လှေ ၅၀၀ ကျော် ပျက်စီးဆုံးရှုံးနိုင်သည်ဟု ရေလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

သဲချောင်းကျေးရွာသည် ပင်လယ်နှင့် နီးသည့် ဒေသဖြစ်သောကြောင့် မုန်တိုင်းဝင်ရောက်လာလျှင် အန္တရာယ်အလွန်များနိုင်သဖြင့် စက်လှေများမှာ ပြီးခဲ့သည့် ရက်ပိုင်းများကပင် ချောင်းများအတွင်းသို့ ဝင်ရောက် မုန်တိုင်းခိုလှုံနေကြသည်။

မုန်တိုင်းအရှိန်နှင့်အတူ ဒီရေလည်း မြင့်တက်လာနိုင်ခြေရှိသည်ဟု ရိုဟင်ဂျာအမျိုးသား ကိုကျော်ကျော်ခိုင်က ပြောသည်။

“ကျွန်တော်တို့စားဝတ်နေရေးကတော့ ငါးဖမ်းစက်လှေပဲ ရှိတာ။ လေမုန်တိုင်းကြောင့် ငါးဖမ်းစက်လှေတွေ တစ်စုံတစ်ရာဖြစ်သွားရင် တော်တော်လေး စားဝတ်နေရေးအခက်အခဲဖြစ်သွားမှာ။ အဲဒါကြောင့် ကျွန်တော်တို့ရွာသားတွေ ဝိုင်းဝန်းပြီးတော့ ရသလောက် ငါးဖမ်းစက်လှေတွေကို ချောင်းထဲကို ယူလာပြီးတော့ ပြင်ဆင်ထားတာ။ ဘာလို့လဲဆို‌တော့ ငါးဖမ်းစက်လှေတွေ တစ်ခုခုဖြစ်သွားရင် စားဝတ်နေရေးအခက်အခဲဖြစ်သွားမှာကို ကြောက်ပြီးတော့ ပြင်ဆင်ထားတာပါ” ဟု ၎င်းက ဆိုသည်။

သဲချောင်းဒေသခံများက ငါးဖမ်းစက်လှေများကို မုန်တိုင်းဒဏ်မှ ကင်းလွတ်စေရန် ချောင်းထဲသို့ ပို့ထားသည်ဟု ရိုဟင်ဂျာအမျိုးသားတစ်ဦးဖြစ်သော ကိုမောင်ကျော်သိန်းက ပြောသည်။

“လေနဲ့ အခက်အခဲဖြစ်တော့ တတ်နိုင်သလောက် ကြိုးစားမယ်။ မတတ်နိုင်ရင်တော့ ကျွန်တော်တို့ ထွက်ပြေးရမှာပေါ့။ မုန်တိုင်းကို ရင်ဆိုင်လို့မရဘူးလေ။ အခုတော့ လှေတွေကို ကြိုးနဲ့ ချည်နေတယ်။ လေပြင်းလာရင်တော့ ကျွန်တော်တို့ ထွက်ပြေးရတယ်။ အဲဒီလောက်ပဲ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ စက်လှေများကို သွင်းထားသည့် နေရာသည် ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်နေသောကြောင့် သဘာဝဘေးအန္တရာယ်နှင့် မလွတ်ကင်းကြောင်း၊ ဒီရေများ အဆမတန်ဝင်ရောက်လာနိုင်ပြီး စက်လှေများ ပျက်စီးသွားနိုင်ကြောင်း  သဲချောင်းကျေးရွာမှ ရိုဟင်ဂျာအမျိုးသား ကိုချစ်ဆွေဆိုသူက ပြောသည်။

“ကြီးကြီးမားမား ဆိုးဆိုးရွားရွား ဖြစ်လာရင်တော့ ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး။ အခုက ပြောလို့လည်း မရဘူး၊ ဘယ်လိုဖြစ်လာမလဲဆိုတာကို။ ကျွန်တော်တို့ သဲချောင်းကျတော့ ပင်လယ်အဝနေရာဖြစ်တယ်၊ လုံးဝ ပင်လယ်အဝဖြစ်ပါတယ်။ လှိုင်းတက်လာရင်လည်း တိုက်ရိုက်တက်လာမှာပဲ။ လုံးဝ အကာအကွယ်နေရာမရှိဘူး” ဟု သူက ပြောသည်။

စစ်တွေမြို့ ဆတ်ရိုးကျချောင်းထဲတွင် မုန်တိုင်းခိုလှုံနေသည့် စက်လှေများကို တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

“ဒီစက်လှေတွေက ကျွန်တော်တို့မိသားစုတွေ အသက်မွေးဝမ်းကျောင်း လုပ်စားနေတာပေါ့။ ပြီးတော့ ဒီစက်လှေတစ်စီးမှာ ဒီစက်လှေကို မှီခိုပြီး လုပ်စားနေတာပါ။ ကျွန်တော်တို့မှာ တခြားလုပ်ငန်းလည်း မရှိဘူး။ ကျွန်တော်တို့ လုပ်တတ်တာလည်း ဒီတံငါလုပ်ငန်းပဲ ရှိတယ်” ဟု ထိုသူက ပြောသည်။

အလားတူ မုန်တိုင်းအန္တရာယ်ကြောင့် ရခိုင်ဒေသခံ ငါးဖမ်းစက်လှေများလည်း အန္တရာယ်ကင်းနိုင်သည့် ချောင်းများထဲသို့ ဝင်ရောက်နေသည်၊ ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ဒေသဖြစ်သောကြောင့် စက်လှေများ ပျက်စီးမည်ကို စိုးရိမ်နေကြသည်ဟု ပေါက်တောမြို့နယ်၊ ပတင်းကျေးရွာမှ ရခိုင်ဒေသခံ ဦးခင်မောင်က ပြောသည်။

“ငါးလုပ်ငန်းသမားတွေမှာတော့ စက်လှေတွေ မြစ်ထဲမှာ တစ်စီးမှ မရှိတော့ဘူး။ ချောင်းထဲကို သွင်းထားပြီ။ ကိုယ့်စက်လှေကိုယ​် ကြိုးနဲ့ ချည်နှောင်ထားပြီ။ အဲဒီချောင်းထဲမှာတော့ လုံခြုံမယ်လို့ မျှော်လင့်ထားကြတယ်” ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မိုခါမုန်တိုင်းသည် ယနေ့ (မေ ၁၂) သောကြာနေ့ တိုင်းထွာချက်များအရ တစ်နာရီလျှင် ၇၅ မိုင်နှုန်းဖြင့် ရွေ့လျားနေသည်၊ မေ ၁၄ ရက် မွန်းတည့်ချိန်တွင် ရခိုင်ပြည်နယ်သို့ ဝင်ရောက်မည်၊ မြေပြင်ကို တိုက်ခတ်ချိန်တွင် မုန်တိုင်းအရှိန်မှာ တစ်နာရီလျှင် မိုင် ၁၁၀ နှုန်းထိ ရှိမည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်သတိပေးချက်နှင့် ညှိနှိုင်းဆောင်ရွက်ရေးစနစ် (GDACS) က ထုတ်ပြန်ထားသည်။

အားအလွန်ကောင်းသော မိုခါမုန်တိုင်းသည် စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၅၀ ခန့်သို့ ရောက်ရှိနေကာ မေ ၁၄ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ နေ့လယ်ပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မြန်မာ့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button