
ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်နိုင်တင်းလူနာ ၃ ဦးကို အထောက်အကူပြုဆေးပစ္စည်းများ ပြည့်စုံသော အခြားဆေးရုံတစ်ခုသို့ လွှဲပြောင်းပေးရန် လိုအပ်နေသည်ဟု ပြည်နယ်အစိုးရဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် စေတနာ့ဝန်ထမ်းများက ပြောသည်။
ရောဂါပိုးတွေ့ရှိသူ ၃ ဦး၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာပါက တီးတိန် ခုတင် ၁၀၀ ဆေးရုံ၌ ကုသစောင့်ရှောက်မှု ပေးနိုင်မည့် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ မလုံလောက်သည့်အတွက် ကုသရန် ခက်ခဲနိုင်ကြောင်း တီးတိန်မြို့ ကိုဗစ်နိုင်တင်းအရေးပေါ်ကော်မတီ (စေတနာ့ဝန်ထမ်းများအဖွဲ့) ၏ ခေါင်းဆောင် ကိုနန်နိုးက Myanmar Now ကိုပြောသည်။
“ဘာပစ္စည်းမှ မရှိဘူး။ လူနာက အရေးပေါ် ဖောက်လာမယ်ဆိုရင် အောက်စီဂျင်ပေးစရာမရှိဘူး။ လျှပ်စစ်မီးကလည်း သုံးရက်တစ်ခါ အလှည့်ကျစနစ်နဲ့ပဲ ရတယ်။ ဒီလူနာကို တီးတိန်မှာ ဆက်မထားချင်လို့ မဟုတ်ဘူး။ ထားချင်တယ်။ ဒါပေမယ့် သူ့ရောဂါအခြေအနေ ဖောက်လာရင် ကုသပေးဖို့ ဘာပစ္စည်းမှမရှိဘူး” ဟု ကိုနန်နိုးက ပြောသည်။
ကိုဗစ်နိုင်တင်းလူနာများကို အနီးဆုံးမြို့နယ်များဖြစ်သော ဖလမ်း နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ဆေးရုံတစ်ခုသို့ ပြောင်းရွှေ့ရန် စီစဉ်နေစီစဉ် ကလေးမြို့ဒေသခံလူထုက ကန့်ကွက်သောကြောင့် ပြောင်းရွှေ့ရန် အခက်အခဲဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“ဒီလူနာကို တီးတိန်နဲ့အနီးဆုံးနေရာတွေက လက်မခံနိုင်ဘူးဆိုတဲ့အသံတွေကြားနေရတော့ ကျွန်တော်တို့အနေနဲ့ ပြောင်းရွှေ့ဖို့ မကြိုးစားချင်တော့ဘူး။ လူနာကို တရားခံပုံစံနဲ့ လက်မခံချင်ကြတော့ ခံစားရတာပေါ့။ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ သူတို့ကို ပိုကောင်းတဲ့ဆေးရုံမှာ ကျွန်တော်တို့က ထားချင်တာ။ ပစ်ထားချင်လို့ မဟုတ်ဘူး”ဟု ကိုနန်နိုးက ပြောသည်။
ချင်းပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန်၏ အဆိုအရ တီးတိန်ဆေးရုံတွင် အသက်ရှူစက်တစ်လုံးသာ ရှိသည်ဟု သိရသည်။
တီးတိန်ဆေးရုံမှ ကိုဗစ်နိုင်တင်းလူနာများကို စစ်ကိုင်းတိုင်း ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့မည့် သတင်းကြောင့် ကလေးမြို့မိမြို့ဖများနှင့် အရပ်ဘက်အဖွဲ့အစည်းများက အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ တီးတိန်မှ ကိုဗစ်နိုင်တင်းလူနာများကို လုံးဝ လက်မခံနိုင်ကြောင်း ဧပြီ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ကန့်ကွက်ခဲ့သည်။
အဆိုပါ ကိုဗစ်နိုင်တင်းလူနာများကို ချင်းပြည်နယ် ပြည်နယ်ဆေးရုံကြီး (ဟားခါး) သို့ ရွှေ့ပြောင်း ကုသသင့်ကြောင်း၊ သို့မဟုတ် ရန်ကုန်ရှိ ဝေဘာဂီကူးစက်ဆေးရုံသို့ ရွှေ့ပြောင်းကုသပါက ကုန်ကျစရိတ်ကို ကလေးမြို့လူထုက ထောက်ပံ့ပေးမည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“ကလေးမြို့ခံ တစ်ယောက်အနေနဲ့ ပြောရရင်တော့ ပြောင်းရွှေ့မယ့်ကိစ္စကို မလိုလားဘူး။ ဒါပေမယ့် ဒီပြဿနာက တစ်မြို့တည်းက မူချလုပ်ရမှာမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်နေတဲ့ ပြဿနာဆိုတော့ ပြည်ထောင်စုအစိုးရက ချမှတ်တဲ့စည်းကမ်းတွေကို လိုက်နာရမှာပါ”ဟု ကလေးလွင်ပြင် ကူညီထောက်ပံ့ရေးအဖွဲ့မှ ကိုသန့်ဇင်လင်းက Myanmar Now ကို ပြောသည်။
ကိုဗစ်နိုင်တင်းလူနာ ၃ ဦး၏ ကျန်းမာရေးအခြေအနေ၊ ၎င်းတို့ကို ဆေးရုံပြောင်းရွှေ့ကုသမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး တီးတိန်ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုသာမေးရန် ပြောသည်။
ကိုဗစ်နိုင်တင်းနှင့် ပတ်သက်ပြီး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသာထွန်းကျော်ကို Myanmar Now က ဆက်သွယ်မေးမြန်း၍ မရသေးပေ။ ၎င်းကို သတင်းဌာနများက ဆက်သွယ် မရသည်မှာ ငါးရက်ခန့် ရှိပြီ ဖြစ်သည်။ ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ “တည်ငြိမ်” လျက်ရှိသည်ဟု ဆိုထားသည်။
တီးတိန်နှင့် တွန်းဇံမြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်လေးဦးသည် ကိုဗစ်နိုင်တင်း ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတဦးမြင့်ဆွေထံ ဧပြီ ၁၂ရက်နေ့ရက်စွဲဖြင့် စာပို့ တောင်းဆိုခဲ့သည့် စာတွင် လူနာအမှတ် ၁ နှင့် ထိတွေ့မှုရှိခဲ့သူများကို ရောဂါပိုး ရှိ မရှိ စစ်ဆေးပေးရန်၊ ဓာတ်ခွဲနမူနာများကို ရန်ကုန်ရှိ အမျိုးသားဓာတ်ခွဲဆိုင်ရာဌာနသို့ ပေးပို့ရာတွင် လုပ်ဆောင်ရမည့် ပို့ဆောင်ရေးလမ်းကြောင်းများကို လမ်းညွှန်ပေးရန် နှင့် တီးတိန်ဆေးရုံ၌ လျှပ်စစ်မီး ၂၄ နာရီ ရရှိနိုင်ရေးတို့ ဆောင်ရွက်ပေးရန်တို့ ပါဝင်သည်။
“ကျွန်တော်တို့ဆီက ဆေးရုံမှာ နေရာလည်း များများမရှိဘူး။ (ပိုးတွေ့) သုံးယောက်ကို ထားတဲ့နေရာက ဆေးရုံဝန်ထမ်းတွေအတွက် ဆောက်ပေးထားတဲ့ နေရာ။ ဝန်ထမ်းတွေမနေသေးလို့ ခဏတဖြုတ်ထားတာ။ နောက်ထပ် ၉ ယောက်လောက်ပဲ ထားလို့ရတော့မှာ”ဟု ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပူဂင်ကမ်းလျန်က Myanmar Now ကိုပြောသည်။
တီးတိန်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်နိုင်တင်းရောဂါနှင့် ပတ်သက်ပြီး အသွားအလာကန့်သတ် စောင့်ကြည့်နေသူ ၁၃ ဦး၊ ကျေးရွာများအလိုက် စောင့်ကြည့်နေသူ ၂၀၀ ကျော်ရှိပြီး လူ ၇၆ ဦး၏ ဓာတ်ခွဲနမူနာများကို ဓာတ်ခွဲခန်းပေးပို့ စစ်ဆေးထားသည်ဟု ၎င်းက ပြောသည်။
တီးတိန်ဆေးရုံရှိ ကိုဗစ်နိုင်တင်းလူနာများကို ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းမပေးနိုင်ပါက တီးတိန်ပြည်သူ့ဆေးရုံအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ၊ ကူးစက်ရောဂါ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထူးကုသဆောင် (ICU) နှင့် လိုအပ်သော ပစ္စည်းကိရိယာများ တပ်ဆင်ပေးရန်၊ အရေးပေါ်လူနာများအတွက် သီးသန့်ဆောင် တည်ဆောက်ပေးရန်၊ လျှပ်စစ်မီး ၂၄ နာရီ ရရှိအောင် ဆောင်ရွက်ပေးရန် အစရှိသည့် အချက်များကို တီးတိန်မြို့ ကိုဗစ်နိုင်တင်းအရေးပေါ်ကော်မတီ (စေတနာ့ဝန်ထမ်းများ) က ဧပြီ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
တီးတိန်ရှိ ကိုဗစ်နိုင်တင်း လူနာ ၃ ဦးမှာ လူနာ အမှတ် ၁၊ ၂၃ နှင့် ၃၁ တို့ ဖြစ်သည်။ လူနာ အမှတ် ၂၃ သည် အမှတ် ၁ ၏ အမေဖြစ်ပြီး အမှတ် ၃၁ မှာ တီးတိန်တွင် အမှတ် ၁ ညအိပ်တည်းခိုခဲ့သည့် အိမ်မှ ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။