
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တစ်ခု၏ စခန်းကို ပစ်ခတ်စီးနင်းခဲ့ပြီး အဖွဲ့ဝင်တချို့ကို ထိန်းသိမ်းစစ်ဆေးနေသည်။
ပြီးခဲ့သည့် ဧပြီ ၂၀ ရက် နေ့လယ်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဖြစ်သော Phoenix Defence Battalion (PDB) အမည်ရှိ အဖွဲ့စခန်းနေရာနှင့် အစည်းအဝေးလုပ်နေသည့်နေရာကို ပကဖအဖွဲ့က အင်အား ၃၀ ခန့်စီဖြင့် ဝင်ရောက်စီးနင်းပြီး အဖွဲ့ဝင်များအပါအဝင် လူ ၃၀ ကျော်ကို ဖမ်းဆီးသွားသည်ဟု ထိုအဖွဲ့က ဆိုသည်။
“ပထမအကြိမ် (သေနတ်) ပစ်ဖောက်နေတုန်းမှာ ကျွန်တော်တို့က တားသေးတယ်။ ဒီအတိုင်း လာကြ။ အေးအေးဆေးဆေး ပြောကြမယ်ဆိုပြီး (ပကဖကို) ခေါ်သေးတယ်။ အဲ့ဒီလိုပြောလို့ ပြည်သူတွေ ပြန်ထိုင်နေတဲ့အချိန်မှာ ဒုတိယအကြိမ် ထပ်ပြီးတော့ ပစ်ကြတယ်။ သူတို့ အော်လိုက်တာက ပစ်ဖမ်းဖမ်းဆိုပြီး (ပကဖ) ခေါင်းဆောင် တစ်ယောက်က အော်တယ်ဗျ။ အဲ့ဒီအချိန်မှာ ဆက်တိုက်ပစ်နေတဲ့အတွက် အကုန်လုံးက မလွှဲသာတဲ့အဆုံး ထွက်ပြေးလိုက်ရတယ်ဗျ” ဟု PDB အဖွဲ့၏ တပ်ရင်းမှူး ကိုဖြိုးဆိုသူက Myanmar Now ကို ပြောသည်။
ရုတ်တရက်စီးနင်းမှုကြောင့် ၎င်းအပါအဝင် စခန်းကြီးကြပ်သူ ကိုရခိုင်နှင့် အဖွဲ့ဝင်တစ်ဦး စုစုပေါင်း ၃ ဦးသာ လွတ်မြောက်ခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများထဲတွင် အဖွဲ့ခေါင်းဆောင်တစ်ဦး၏ ဇနီးဖြစ်သူ အပါအဝင် ထောက်ပို့ပြည်သူများလည်း ပါဝင်ကြောင်း ထိုသူက ဆက်ပြောသည်။
ဂန့်ဂေါခရိုင် PDF အမှတ် (၁၄) တပ်ရင်းနှင့် ကျေးရွာပကဖအဖွဲ့ဝင်များက လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ထိုသူက ဆိုသည်။
ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ဒုတာဝန်ခံကမူ PDB အဖွဲ့သည် ငွေကြေးအလွဲသုံးစားမှု၊ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ညှင်းပန်းမှုတို့ဖြင့် တိုင်ကြားခံထားရသည့်အတွက် ညှိနှိုင်းရန် သွားရောက်စဉ် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
PDB အဖွဲ့ဝင်ဟောင်းတချို့ကို နေရာပြခိုင်းပြီး သွားရောက်စဉ် ထိုအဖွဲ့က ပစ်ခတ်ခုခံသဖြင့် ၎င်းတို့က သေနတ်ကို မိုးပေါ်ထောင် ပစ်ဖောက်သတိပေးခြင်းဖြစ်သည်ဟု သူက Myanmar Now ကို ယနေ့ ညနေပိုင်းတွင် ပြောသည်။
“သူတို့ထဲက ထွက်ထားတဲ့ ရဲဘော်ဟောင်းတွေကနေ စခန်းနေရာသိတဲ့ ရဲဘော်ဟောင်းတွေကနေ (နေရာ) ပြပြီးတော့ ညှိနှိုင်းပြီး သွားရတဲ့အခါမှာ သူတို့က ဦးခံအောင်ပစ်ပြီးတော့မှ ပစ်လို့ မိုးပေါ်ထောင်ပြီး ဖောက်လိုက်တာမှာ သူတို့ဘာသာသူတို့ ထွက်ပြေးတာပေါ့” ဟု သူက ပြောသည်။
ဖမ်းဆီးလာသည့်အရေအတွက်အတိအကျကို ဂန့်ဂေါမြို့နယ် ပအဖဒုတာဝန်ခံက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
“မဖမ်းပါဘူး။ သူ့ဆွေမျိုးအိမ်မှာ ထားတာပါဗျ။ ဖမ်းထားတာ မဟုတ်ပါဘူး။ ချုပ်နှောင်ထားတာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။
PDB အဖွဲ့အပေါ် တိုင်ကြားချက်များ၊ နစ်နာသူများ၏ ထွက်ဆိုချက်များကို NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံ ၎င်းတို့က တင်ပြထားပြီးဖြစ်ကြောင်း ပြောသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရ ဦးနေဘုန်းလတ်နှင့် MOD အတွင်းဝန် ဦးနိုင်ထူးအောင်တို့ကို Myanmar Now က ဆက်သွယ် မေးမြန်းခဲ့သော်လည်း မေ ၁ ရက်နေ့ ညနေအထိ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
PDB အဖွဲ့သည် ၂၀၂၁ ခုနှစ်မှစ၍ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ယင်းနှစ်ကုန်တွင် ယောဒေသကာကွယ်ရေးတပ် (YDF) ၏ ဂန့်ဂေါအခြေစိုက် YDF အမှတ် (၄) တပ်ရင်းအဖြစ် တစ်နှစ်ကျော်ကြာ ရပ်တည်ခဲ့သည်။
ယခုနှစ်ဆန်းတွင် YDF က လက်နက်တပ်ဆင်ခြင်း၊ တပ်ရင်းတပ်ဖွဲ့များအလိုက် ရန်ပုံငွေရှာဖွေရန် ခွင့်မပြုခြင်း စသည့် မူဝါဒများပြောင်းလဲလိုက်ချိန် PDB က ပြန်လည်ခွဲထွက်ပြီး သီးခြားရပ်တည်ခဲ့ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လုပ်နည်းလုပ်ဟန် မှားယွင်းနေသည်ဟု PDB အဖွဲ့မှ ကိုဖြိုးက ပြောသည်။
“ကျွန်တော်တို့ကို တိုင်ချက်ဖွင့်ထားတာရှိရင် အချိန်မရွေး ဖုန်းဆက်ပြီးတော့မှလည်း အမှုတိုင်ထားတာရှိတယ်၊ လာရောက်ဖြေရှင်းပါလို့ ပြောလို့ရတယ်။ ဒါမှမဟုတ်ရင်လည်း စာပို့ပြီးတော့ ပြောလို့ရတယ်။ အဲ့ဒါဆိုရင် သွားရှင်းရမဲ့တာဝန် ကျွန်တော်တို့ တာဝန်ပေါ့လေ။ အခုက အဲဒီလိုမျိုး ဖုန်းဆက်အကြောင်းကြားပြီးခေါ်တာလည်း မရှိဘူး။ စာပို့အကြောင်းကြားတာလည်း မရှိဘူး။ တစ်ခါတည်း ဝင်ရောက်စီးနင်းခံလိုက်ရတာ” ဟု သူက ဆိုသည်။
စခန်းစီးနင်းခံရပြီးနောက် လက်နက်ခဲယမ်းများ၊ လက်လုပ်မိုင်းများ၊ လက်လုပ်လက်နက်ကြီး ပစ်ခတ်သည့် ပြောင်းများ၊ တစ်လုံးထိုးသေနတ်များ၊ ကျည်ဆန် ၃,၀၀၀ ကျော်၊ ဒရုန်း ၃ စင်း၊ လက်နက်ခဲယမ်း ဝယ်ရန် ပြည်သူများ ထောက်ပံ့ထားသည့် ပိုက်ဆံ သိန်း ၂၀၀ ကျော်အပါအဝင် မွေးမြူထားသည့် ကြက်များပါမချန် သိမ်းဆည်းခံရကြောင်း ၎င်းက ဆက်ပြောသည်။
တိုင်ကြားမှုများရှိ၍ ထိုကဲ့သို့ NUG လက်အောက်ခံအဖွဲ့များက အင်အားသုံးစီးနင်းခြင်းထက် ထိုအဖွဲ့က အမှန်တကယ်ကျူးလွန်ပါက ဆွေးနွေးအဖြေရှာပြီး အရေးယူနိုင်ရန်သာ ဆောင်ရွက်သင့်ကြောင်း ယောအခြေစိုက် အခြားဒေသခံကာကွယ်ရေးအဖွဲ့ အနည်းဆုံး ၃ ဖွဲ့က ထောက်ပြကြသည်။
“ကျွန်တော်တို့ဖြစ်စေချင်တာက အမှန်တရားအတိုင်း စားပွဲပေါ်မှာ လက်နက်မပါဘဲနဲ့ ခေါ်ယူ စစ်ဆေး မေးမြန်း၊ အပြစ်ရှိရင် အပြစ်ပေး၊ အဲ့ဒီလို တရားမျှတတဲ့ နည်းလမ်းကို လိုချင်တာပေါ့” ဟု လင်းယုန် Defense Force အမည်ရှိ ယောအခြေစိုက်ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့၏ အဖွဲ့တာဝန်ခံ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မကွေးတိုင်းမြောက်ပိုင်း ယောဒေသ ဂန့်ဂေါမြို့နယ်တွင် NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များအပြင် YDF, YPDF (ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) နှင့် ချင်းကာကွယ်ရေးအဖွဲ့ CDF – KKG စသည့် ဒေသကာကွယ်ရေး ၅ ဖွဲ့ထက်မနည်း စစ်ရေးလှုပ်ရှားနေသည်။
“ဒေသတွင်းမှာ ဝိုင်းဝန်းပြီးတော့ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းတစ်ခုကို ဖန်တီးပြီးတော့မှ ဖြေရှင်းလို့ရတဲ့ ကိစ္စကို လက်နက်နဲ့ ဖြေရှင်းလိုက်တယ်ဆိုတော့ တစ်ဖက်သတ်ဆန်သွားသလို ဖြစ်တာပေါ့။ အဲ့ဒါလေးအတွက်တော့ ကျွန်တော်တို့ တော်တော်စိတ်မကောင်းဖြစ်ရတယ်။ ဖြစ်လည်း မဖြစ်သင့်ဘူး။ တခြားနည်းလမ်းတွေ ဖြေရှင်းလို့ရတယ်” ဟု ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုမှ အသက် ၄၀ ကျော်အရွယ် ကိုစူပါက ပြောသည်။
ဖမ်းဆီးသွားသူများအနက် အချို့ကို ပြီးခဲ့သည့်ရက်ပိုင်းက ပအဖက ပြန်လွှတ်ပေးခဲ့သော်လည်း အရေအတွက်အတိအကျ မသိရသေးဟု ဂန့်ဂေါမြောက်ပိုင်းအခြေစိုက်အဖွဲ့များက ဆိုသည်။
တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ အားကောင်းသည့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်လည်းယမန်နှစ် ဩဂုတ်လကုန်တွင် မြို့နယ်ပကဖက ဒေသအခြေစိုက်အဖွဲ့တစ်ခုကို ပစ်ခတ်ဖမ်းဆီး ရာ ၂ ဦး သေဆုံးပြီး ၁၂ ဦး ဖမ်းဆီးခံရသည့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဖြတ်သန်းသွားလာနေသည့် ခရီးသွားယာဉ်များထံမှ ဗိုလ်ကျားကြီးအဖွဲ့က ငွေကြေးတောင်းခံနေသဖြင့် မြို့နယ်ပကဖက ညှိနှိုင်းတားမြစ်ရန် သွားရောက်စဉ် ဗိုလ်ကျားကြီးအဖွဲ့က စတင်ပစ်ခတ်ခြင်းဖြစ်သည်ဟု ရွှေဘိုခရိုင် တပ်ရင်း (၂) ဘက် က တုံ့ပြန်ခဲ့သည်။
ထိုစဉ်ကလည်း ထိုကာကွယ်ရေးအဖွဲ့က ငွေကြေးတောင်းခံသည်ဆိုလျှင်ပင် ပစ်ခတ်တိုက်ခိုက်ရန် မလိုအပ်ကြောင်း ဝက်လက်အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့များက မှတ်ချက်ပြုထားသည်။
NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တွဲဖက် စစ်ရေးလှုပ်ရှားသလို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က တရားစီရင်ရေး၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့က တရားဥပဒေစိုးမိုးရေးတို့ကို လုပ်ဆောင်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)