သတင်း

မြန်မုအထည်ချုပ်စက်ရုံလုပ်သား ၆၀၀ ခန့်လျှော့ချမှု သုံးပွင့်ဆိုင်ညှိနှိုင်းသော်လည်း မပြေလည်

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ မြန်မုအထည်ချုပ်စက်ရုံတွင် အလုပ်သမား ၅၇၀ ခန့် လျှော့ချလိုက်သည့်အပေါ် အလုပ်သမား၊ အလုပ်ရှင်နှင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တို့ ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက ပြောသည်။

ကိုဗစ်နိုင်တင်း (COVID-19) ဂယက်ကြောင့်ဟုဆိုကာ မြန်မုအထည်ချုပ်စက်ရုံဝန်ထမ်း ၅၁၇ ဦးကို မတ် ၂၈ တွင် နစ်နာကြေးနှင့် လျော်ကြေးများပေးကာ အလုပ်ရှင်က အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အလုပ်ထုတ်ခံရသူ အလုပ်သမားများက အကြောင်းပြချက်မခိုင်လုံဟုဆိုကာ စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ပြီး အလုပ်ပြန်ခန့်ရန် မတ် ၂၉ မှစ၍ ဆန္ဒပြတောင်းဆိုနေကြသည်။

အလုပ်ရှင်ဘက်မှ အလုပ်သမားလျှော့ချမည်ဆိုပါက အလုပ်သမားများကို ကြိုတင်အကြောင်းကြားရန် လိုအပ်ပြီး အလုပ်ဖြုတ်လိုက်သူအများစုမှာလည်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များဖြစ်နေခြင်းကြောင့် အလုပ်ရှင်အနေဖြင့် အလုပ်သမားသမဂ္ဂဝင်များနှင့် ညှိနှိုင်းဆောင်ရွက်သင့်သည်ဟု ယူဆကြောင်း ဦးချစ်ကိုကိုလင်းက ပြောသည်။

“အလုပ်သမားတွေက သူတို့ကို ဖြုတ်ရတဲ့ တိကျခိုင်မာတဲ့ အကြောင်းရင်းကို သိချင်တယ်။ (အလုပ်ရှင်) သူတို့က အလုပ်သမားတွေကို ဖြုတ်တဲ့အခါမှာ အကြောင်းအရာက မခိုင်လုံဘူးဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

မြန်မုအထည်ချုပ်စက်ရုံ၏ အလုပ်သမား၊ အလုပ်ရှင် ပြဿနာမှာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွင် မပြေလည်သည့်အတွက် ခုံသမာဓိကောင်စီတွင် ဆက်လက်ဖြေရှင်းသွားမည်ဖြစ်သည်ဟု ၎င်းကပြောသည်။

အလုပ်ထုတ်ခံရသူ ၅၇၀ ခန့်တွင် သမဂ္ဂအဖွဲ့ဝင် အလုပ်သမား ၅၁၇ ဦးအထိ ပါဝင်ကြောင်း အလုပ်သမားများကဆိုသည်။

အလုပ်သမား၊ အလုပ်ရှင်နှင့်မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တို့ ယနေ့ (ဧပြီ ၂) နံနက် ၁၀ နာရီမှစ၍ လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အလုပ်သမားများက ၎င်းတို့ကို အလုပ်ထုတ်ရသည့် အကြောင်းရင်းကို မေးမြန်းခဲ့သော်လည်း အလုပ်ရှင်ဘက်က တိကျသည့် အဖြေကို ဖြေကြားခြင်းမရှိပေ။

အလုပ်သမား၊ အလုပ်ရှင်နှင့်မြို့နယ်ညှိနှိုင်းရေးအဖွဲ့တို့ လှိုင်သာယာမြို့နယ်ထွေအုပ်ရုံးတွင်ယနေ့တွေ့ဆုံစဉ် (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now)

မြန်မု အထည်ချုပ် စက်ရုံအလုပ်သမားသမဂ္ဂ အတွင်းရေးမှူးကိုမိုးက အလုပ်ရှင်ဘက်က အလုပ်သမား ၅၁၇ ဦးကို ဘာကြောင့် အလုပ်ထုတ်ရသည်ကို တိကျသည့် အဖြေမပေးကြောင်း၊ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေခဲ့သည်မှာ ၅ ရက်ကြာမြင့်လာပြီဖြစ်၍ အလုပ်သမားများဘက်မှ များစွာနစ်နာနေပြီး အစိုးရကတာဝန်ယူဖြေရှင်းပေးရန် လိုအပ်ကြောင်းပြောသည်။

“အလုပ်ထုတ်ရတဲ့ ခိုင်မာတဲ့ အကြောင်းအရာကို မေးတော့ ပြောဖို့မလိုသေးဘူး အချိန်စောသေးတယ်လို့ အလုပ်ရှင်ဘက်က ပြောပါတယ်” ဟု ၎င်းကပြောသည်။

အလုပ်ရှင်ဘက်မှ မြန်မုအထည်ချုပ်စက်ရုံ မန်းနေးဂျင်းဒါရိုက်တာ တောင်ကိုရီးယားအမျိုးသားနှင့် စက်ရုံ၏ အထွေထွေမန်နေဂျာ မြန်မာလူမျိုး အမျိုးသမီးတို့ တက်ရောက်ခဲ့ကြသည်။ ဝန်ထမ်းလျှော့ချရာတွင် အလုပ်ရှင်၏ အခက်အခဲကို Myanmar Now က မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ဆွေးနွေးပွဲပြီးသွားသည့် အခါတွင် အလုပ်သမားများက အလုပ်ရှင်ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးမှ ပြန်လည် ထွက်ခွာခွင့်မပေးဘဲ ပိတ်ထားခဲ့ကြပြီး ၎င်းတို့ကို အလုပ်ထုတ်သည့် အကြောင်းပြချက်ကို မေးမြန်းခဲ့ကြသည်။ ညနေ ၄ နာရီထိ လှိုင်သာယာ ထွေအုပ်ရုံးကို အလုပ်သမားများက ပိတ်ဆို့ထားပြီး အလုပ်ရှင်ကို ထွက်ခွာခွင့် မပေးပေ။

မြန်မု အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂမှာ အထည်ချုပ် အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ၏ အဖွဲ့ဝင် သမဂ္ဂတစ်ခုဖြစ်သည်။

Show More

Related Articles

Back to top button