သတင်း

ထိုင်းရောက်မြန်မာလုပ်သား ၁၅,၀၀၀ ခန့် ၂ ရက်အတွင်း ပြည်တော်ပြန်

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ထိုင်းနိုင်ငံ တာ့ခရိုင်ရှိ မြန်မာနယ်စပ်ဂိတ်များကို မနက်ဖြန်မှစ၍ လူအဝင်အထွက် ပိတ်ထားရန် ထိုင်းအာဏာပိုင်များက ကြေညာပြီးနောက် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား တစ်သောင်းခွဲခန့် ပြည်တွင်းပြန်ဝင်လာကြောင်း ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ယနေ့(မတ် ၂၂) နံနက်ပိုင်းတွင် မြဝတီချစ်ကြည်ရေး တံတားအမှတ်(၂)မှတစ်ဆင့် လူနှစ်ထောင်ကျော် ဝင်ရောက်ခဲ့ကာ ငါးထောင်ခန့်မှာ ဂိတ်တွင်စောင့်ဆိုင်းနေကြောင်း၊ ယနေ့ည ၁၂ နာရီအထိ ဆက်လက်ဝင်ရောက်ခွင့်ရမည်ဖြစ်ပြီး ယမန်နေ့ကလည်း ၇,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသည့် AAC Myanmar တည်ထောင်သူ ဦးရဲမင်းကပြောသည်။

“မြန်မာပြည်သား ငါးသိန်း၊ ခြောက်သိန်းလောက်ရှိတဲ့ မဟာချိုင်မြို့နယ် တစ်ခုတည်းမှာတင်ကို ကုန်တိုက်တွေ ဈေးတွေ အကုန်ပိတ်သွားပြီဗျ။ လူတွေဟာ အကုန်လုံး တိုက်ခန်းမှာပဲနေရမယ်ဆိုရင် အဲဒီက မြန်မာပြည်သားတွေ ကြိုတင်စုဆောင်းထားတာလည်း မရှိဘူးဆိုတော့ တော်တော်လေး အခက်အခဲဖြစ်မယ့် အနေအထားမှာရှိပါတယ်။ အဲဒါတွေကို ကြောက်ပြီးတော့ စိုးရိမ်ပြီးတော့ ပြန်လာကြတာ” ဟု အမှတ်(၂)တံတားတွင် ရောက်ရှိ‌နေသည့် ၎င်းက ဆိုသည်။

အချို့မှာ ဗီဇာသက်တမ်းမကုန်သေးဘဲ ပြန်လာကြခြင်းဖြစ်ပြီး မတ်လကုန်လျှင် အလုပ်လုပ်ခွင့်သက်တမ်းကုန်မည့် အလုပ်သမား သုံးသိန်းခန့်ရှိပြီး ၎င်းတို့လည်း ပြန်လာကြမည်ဟု ၎င်းကဆက်ပြောသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနှင့်မဲဆောက် တရားဝင်နယ်စပ်ဂိတ်နှစ်ခုအနက် ချစ်ကြည်ရေးတံတားအမှတ်(၁)ကို မတ် ၂၁ မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပြီး မနက်ဖြန် (မတ် ၂၃) တွင် အမှတ်(၂)တံတားကို ကုန်ပစ္စည်းမှအပ လူအဝင်အထွက် ပိတ်တော့မည်ဟု တာ့ခရိုင်အုပ်ချုပ်ရေးမှူးက ပြီးခဲ့သည့်နှစ်ရက်က အမိန့်ကြော်ငြာစာ ထုတ်ခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းမြန်မာလုပ်သားများ အလုံးအရင်းဝင်ရောက်လာမှုသည် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနိုင်ခြေအတွက် စိုးရိမ်စရာဖြစ်သကဲ့သို့ နေရပ်ပြန်လာသူများကိုလည်း ဝင်ခွင့်ပိတ်ပင်၍ မရကြောင်း မြဝတီမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ကပြောသည်။

“မြန်မာနိုင်ငံသားတွေကနေ ကျွန်တော်တို့ မြန်မာပြည်ထဲပြန်ဝင်လာရင် ဘယ်လိုပဲဖြစ်ဖြစ် ခွင့်ပြုရမှာပဲလေ။ သူတို့အနေနဲ့ နိုင်ငံတွင်းဝင်လာတာ ကျွန်တော်တို့က မဝင်ပါနဲ့ ပြောလို့မရဘူး။ စိုးရိမ်တာက စိုးရိမ်တာ တစ်ပိုင်းပေါ့လေ” ဟုဆိုသည်။

ပြည်တွင်းဝင်လာသည့် မြန်မာနိုင်ငံသားများ၏ နေရပ်လိပ်စာ၊ မြန်မာနိုင်ငံတွင် နေထိုင်မည့်ကြာချိန်၊ ထိုင်းသို့ပြန်မည့်အချိန် စသည့်အချက်အလက်များအားလုံး ယူထားပြီး ဂိတ်တွင်လည်း ကိုယ်ပူချိန်တိုင်းခြင်း ကျန်းမာရေးစစ်ဆေးခြင်းများ လုပ်ပေးနေသည်ဟု ၎င်းကဆက်ပြောသည်။

လက်ရှိအထိ စောင့်ကြည့်ရမည့်လူနာ၊ သံသယရှိလူနာများ မတွေ့သေးဘဲ အကယ်၍ တွေ့ရှိလာပါက သီးသန့်ခွဲထားရန် နေရာနှစ်ခု ပြင်ဆင်ထားပြီး ယင်းအနီးရှိ ပြည်သူများ အစိုးရိမ်လွန်မည်စိုး၍ အတိအကျ မပြောလိုကြောင်း ပြည်သူများအနေဖြင့် လုံးဝစိတ်မပူစေလိုကြောင်း ၎င်းကဆိုသည်။

စောင့်ကြည့်လူနာ၊ သံသယလူနာများနှင့် ပတ်သက်ပြီး အသေးစိတ်စီစဉ်ထားမှုကို မြဝတီခရိုင်အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ စီစဉ်ထားပြီးဖြစ်ကြောင်းသာ ပြန်လည်ဖြေဆိုသည်။

မြဝတီခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရန်နိုင်ဦး၏ ပြောပြချက်အရ မြဝတီတွင် ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ၊ စောင့်ကြည့်လူနာ၊ အတည်ပြုလူနာ တစ်ဦးမျှမရှိသေးဟု သိရသည်။

“(စောင့်ကြည့်လူနာထားဖို့) လေးကေ့ကော်ဆိုတဲ့ ဆင်ခြေဖုံးမှာ စီစဉ်ထားတယ်။ အဲဒါက အုပ်ချုပ်ရေးမှူးကပိုသိတယ် ကျွန်တော်က တစ်ချက်ပဲ လိုက်ကြည့်ထားလို့။ အဆောက်အအုံနဲ့ ဆံ့တဲ့အရေအတွက်က ခရိုင်အုပ်ချုပ်ရေးမှူးပိုသိတယ်” ဟု ၎င်းကပြောသည်။

ယနေ့အထိ ခရိုင်ပြည်သူ့ဆေးရုံတွင် ထိုင်းမှပြန်လာပြီး ကိုယ်ပူချိန်မြင့်၍ ဆေးရုံရောက်သူ သုံးဦးရှိခဲ့ပြီး ကိုဗစ်လက္ခဏာမတွေ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း၊ လက်ရှိတွင် အမျိုးသားတစ်ဦးကျန်သေးသည်ဟု ဆေးရုံအုပ်ကပြောသည်။

“စောင့်ကြည့်လည်းမဟုတ်ဘူး သံသယထဲလည်းမဝင်ဘူး။ ကိုယ်ပူချိန်မြင့်ပြီးတော့ ဆေးရုံတက်ပြီး ရောဂါရှာဖွေကုသနေတဲ့အဆင့်။ သူတို့က သံသယလူနာလို့လည်းမခေါ်ဘူး စောင့်ကြည့်လူနာလို့လည်းမခေါ်ဘူး” ဟု ဆိုသည်။

သံသယလူနာများနှင့်ပတ်သက်ပြီး ဆေးရုံတွင်စီစဉ်ထားရှိမှုကို Myanmar Now က မေးမြန်းရာ ဒေါက်တာရန်နိုင်ဦးက အလုပ်များနေသည်ဟုပြောပြီး ဖုန်းချခဲ့သည်။ ထပ်မံ၍ ဖုန်းခေါ်ဆိုသော်လည်း ဖုန်းမကိုင်ခဲ့ပါ။

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် နိုင်ငံရပ်ခြား၌ နေထိုင်သူ နှစ်သန်းကျော်ရှိပြီး ၇၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံနှင့် ၁၅ ရာခိုင်နှုန်းမှာ မလေးရှားတွင် ရွှေ့ပြောင်းလုပ်သား အဖြစ်လုပ်ကိုင်နေကြသည်။

ကရင်ပြည်နယ် ဘုရားသုံးဆူ၊ မြဝတီနှင့် တနင်္သာရီတိုင်း ကော့သောင်းနယ်စပ်မြို့များသည် ထိုင်းနှင့် မလေးရှားနိုင်ငံသို့သွားသည့် အဓိက ဝင်ပေါက်၊ ထွက်ပေါက်များဖြစ်ကြပြီး မြဝတီနယ်စပ်ဂိတ်ကို အများဆုံးအသုံးပြုကြသည်။

နယ်စပ်ဂိတ်များမှတစ်ဆင့် နိုင်ငံခြားသားများ ဝင်ရောက်ခွင့်ကို မြန်မာနိုင်ငံအစိုးရက မတ် ၁၉ မှစ၍ ကန့်သတ်လိုက်ပြီး မြဝတီမှ မဲဆောက်သို့ နေ့စဉ်အလုပ်ဆင်းနေသော ဒေသခံများအတွက် အချိန်ပိုင်းဖွင့်ပေးထားသည့် ဆီးဂဲဂိတ်၊ သရက်ပင်ဂိတ်နှင့် ဘောဂိတ် တို့မှအပ တရားမဝင်လှေဂိတ်များတွင်လည်း အဝင်အထွက် ပိတ်လိုက်သည်။

ယနေ့အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ မရှိသေးသော်လည်း ထိုင်းနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ၇၈၇ ဦးနှင့် သေဆုံးသူ တစ်ဦး၊ မလေးရှားနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ၁,၁၈၃ ဦးနှင့် သေဆုံးသူ ၉ ဦးရှိပြီဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ရောဂါပိုးတွေ့ရှိသူ ၃၀၈,၇၂၀ ရှိပြီး သေဆုံးသူ ၁၃,၀၇၁ ဦး ရှိခဲ့ပြီဖြစ်သည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း မတ်လ ၂၀ တွင် ထိုင်းပြည်သူ့ ကျန်းမာရေးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button