အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

JMC ဆွေးနွေးပွဲများတက်ရေး RCSS က တပ်မတော်နှင့် အရင်ဆွေးနွေးဦးမည်

တပ်မတော်နှင့် ညှိနှိုင်းဆွေးနွေးပြီးမှသာ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)၏ အဆင့်ဆင့် အစည်းအဝေးများ တက်ရေးအတွက် ဆုံးဖြတ်သွားမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က နိုဝင်ဘာ ၁၂ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း RCSS ဌာနချုပ်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်သည့် အစည်းအဝေးအပြီးတွင် ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

JMC အဆင့်ဆင့်အစည်းအဝေးများတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်များနှင့်ပတ်သက်၍ တပ်မတော်နှင့် RCSS တို့အကြား နားလည်မှုလွဲမှားခြင်းများ ရှိနေပြီး JMC အစည်းအဝေးများတွင်လည်း အဆိုပါပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိကြောင်း RCSS ဘက်က ပြောသည်။

ထို့အပြင် တပ်မတော်က ၎င်းတို့အား တစ်ဖက်သတ် အပြစ်ပုံချ ဆွေးနွေးနေသောကြောင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူညီချက်များအပေါ် အပြန်အလှန် နားလည်မှု ရရှိစေရန်အတွက် နှစ်ဦးနှစ်ဖက်ပြန်လည် ဆွေးနွေးသွားမည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကိုလက်မှတ်ရေးထိုးထားသည့် RCSS အနေဖြင့် ယခုနှစ်အတွင်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA ၊ SSPP အစရှိသည့် အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသလို၊ တပ်မတော်နှင့်လည်း တိုက်ပွဲများ ကြိုးကြားကြိုးကြား ဖြစ်ပွားနေသည်။

ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေး (JMC) အဆင့်ဆင့်သည် NCA စာချုပ်ပါ အချက်အလက်များကို လိုက်နာနိုင်ခြင်း မရှိသလို၊ တရားမျှတမှုလည်း မရှိကြောင်း နိုဝင်ဘာ ၁ ရက်နေ့ ရက်စွဲဖြင့် RCSS က ထုတ်ပြန်ထားသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး(KNU) ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင်အစည်းအဝေးများတွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းကာ အလွတ်သဘောဆွေးနွေးမှုလမ်းကြောင်းမှ အဖြေရှာသွားမည်ဟု နိုဝင်ဘာလ ၁၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သေးသည်။

KNU သည် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းဖြစ်ပြီး နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် KNU အရေးပေါ်အစည်းအဝေးအပြီးတွင် ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ လုပ်ငန်းများ၊ ဖွဲ့စည်းပုံများ၊ လုပ်ငန်းလမ်းညွှန်များကို ပြန်လည်ပြင်ဆင်ရန်နှင့် JMC အဆင့်ဆင့်တွင် နိုင်ငံတကာ၏ ပါဝင်မှုအခန်းကဏ္ဍကို အကောင်အထည် ဖော်ရန်လည်း တိုက်တွန်းထားသည်။

အစိုးရကတင်သွင်းဆွေးနွေးထားသည့် ခွဲမထွက်ရေး သည် NCA စာချုပ်တွင် ပါဝင်ခြင်းမရှိသည့်အတွက် NCA အတိုင်း ရပ်တည်သွားပြီး တစ်ခုတည်းသောတပ်မတော်အတွက်ကိုမူ အစိုးရ၊ တပ်မတော်တို့နှင့် အလွတ်သဘော ဆွေးနွေးမှုများလုပ်ပြီး အဖြေရှာသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button