နိုဗယ်ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် မန္တလေးတွင် ကေတီဗီနှင့် ဘားများ ပိတ်ရန် ညွှန်ကြားထားကြောင်း မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က မီဒီယာများကို ပြောသည်။
ဗိုင်းရပ်ပြန့်ပွားမှုကို ကာကွယ်ရန် မြန်မာနိုင်ငံအတွင်း လူစုလူဝေးဖြစ်နိုင်သည့် အခမ်းအနားများ၊ အစီအစဉ်များ ပြုလုပ်ခြင်းကို အစိုးရက ပြီးခဲ့သည့် သီတင်းပတ်တွင် စတင်ပိတ်ပင်ခဲ့သည်။
“လူစုလူဝေးမဖြစ်ရဘူးဆိုတဲ့အတွက် ဖြစ်နိုင်တဲ့နေရာတွေကို ပိတ်ခိုင်းထားတယ်။ စီမံခန့်ခွဲမှု နည်းလမ်းပေါင်းစုံတွေနဲ့ ပိတ်သွားမှာပါ။ ကျွန်တော်တို့ ပိတ်ခိုင်းထားပါတယ်” ဟု ယနေ့ (မတ် ၁၉) မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးအပြီးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်ပွားသည့် COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ်လဆန်းပိုင်းတွင် ကြေညာခဲ့ရာ မြန်မာနိုင်ငံအစိုးရက သင်္ကြန်ပွဲတော်အပါအဝင် လူစုလူဝေးဖြစ်နိုင်သည့် အခမ်းအနားများကို ဧပြီလကုန်အထိ ပိတ်ထားရန် ညွှန်ကြားခဲ့သည်။
ထို့အပြင် အခြေခံအဆင့် အစိုးရစာသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကိုလည်း ဧပြီလကုန်အထိ နွေရာသီသင်တန်းများနှင့် ဟောပြောပွဲများ ပိတ်ထားရန် ညွှန်ကြားထားခဲ့သည်။
မတ် ၁၈ ည ၈ နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ စောင့်ကြည့်လူနာ ၁၅၅ ဦးနှင့် သံသယလူနာ ၂ ဦး ရှိပြီး ထိုသူတို့အနက် ဓာတ်ခွဲခန်းအဖြေ စောင့်ဆိုင်းဆဲ ၁၃ ဦး ရှိကြောင်း သိရသည်။
စောင့်ကြည့်လူနာများအနက် သေဆုံးသွားသူ ၄ ဦးအထိ ရှိခဲ့သော်လည်း ယင်းလူနာများသည် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရခြင်းကြောင့် မဟုတ်ဘဲ ယင်းတို့ မူလခံစားနေကြရသည့် ရောဂါများဖြင့် သေဆုံးခဲ့ခြင်းသာ ဖြစ်ကြောင်း ဓာတ်ခွဲခန်းအဖြေများကို ကိုးကားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆိုသည်။
ယင်းအနက် မန္တလေးတိုင်းအတွင်းမှ စောင့်ကြည့်လူနာနှစ်ဦးလည်း ပါဝင်ခဲ့ပြီး သေဆုံးသူ အမျိုးသမီးနှစ်ဦးသည် အဆုတ်ရောဂါများကို မူလကတည်းက ခံစားနေခဲ့ကြရကာ ဆေးရုံရောက်ရှိချိန်တွင် ရောဂါပြင်းထန်နေခဲ့ကြောင်းနှင့် ၎င်းတို့အား စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေများတွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရခြင်း မတွေ့ရှိဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆိုသည်။
လက်ရှိတွင် မန္တလေးတိုင်းအတွင်းရှိ ဆေးရုံများတွင် စောင့်ကြည့်လူနာ ၃၁ ဦး ရှိနေသည်။ ကိုရိုနာဗိုင်းရပ် ရှိ၊ မရှိ မန္တလေးတွင်ပင် ဓာတ်ခွဲစစ်ဆေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို တင်ပြထားကြောင်းလည်း ဦးဇာနည်အောင်က ပြောသည်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှုနှုန်း ပြင်းထန်လာချိန်တွင် မြန်မာနိုင်ငံသည် ကိုရိုနာဗိုင်းရပ်ပိုး ရှိ၊ မရှိကို နိုင်ငံအတွင်း ဓာတ်ခွဲ စစ်ဆေးနိုင်ခြင်း မရှိခဲ့ဘဲ လူနာများ၏ တို့ဖတ်နမူနာများကို ထိုင်းနိုင်ငံသို့ ပို့ဆောင် စစ်ဆေးခဲ့ရသည်။ ထို့နောက် ဖေဖော်ဝါရီနှောင်းပိုင်းမှစ၍ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) တွင် စစ်ဆေးနိုင်ခဲ့သည်။
လက်ရှိတွင် မန္တလေးအပါအဝင် မြန်မာပြည်အထက်ပိုင်းတွင် ဓာတ်ခွဲစစ်ဆေးရန် လိုအပ်လာပါက လေယာဉ်ဖြင့်ဖြစ်စေ၊ ကားဖြင့် ဖြစ်စေ ရန်ကုန်သို့ ပို့ဆောင်စစ်ဆေးနေကြရသည်။
“ဒီမှာရှိလိုက်ရင် အထက်မြန်မာပြည်တစ်ခုလုံးအတွက် မြန်မြန်ပေါ့ဗျာ၊ ဒီဗိုင်းရပ်ပိုး ရှိ၊ မရှိကို မြန်မြန်အတည်ပြုပေးနိုင်မှာ။ ကန်တော်နဒီဆေးရုံမှာ တစ်ခုခုဆို အားလုံးက ပျာယာခတ်နေကြရတယ်။ အားလုံးက သိချင်ကြတာပေါ့” ဟု ဦးဇာနည်အောင်က ပြောသည်။