စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးတွင် အပိုင်းပိုင်းပြတ်ပြီး မီးသင့်ထားသည့် ရုပ်အလောင်း ၅ လောင်းကို တွေ့ရပြီး စစ်တပ်က မတ်လတွင် ဖမ်းဆီးသွားသည့် မာန်ဟဲရွာဒေသခံ အမျိုးသား ၅ ဦး၏ ရုပ်အလောင်းများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မတ် ၂၂ တွင် အင်းတော်မြို့မြောက်ဘက် မိုင် ၂၅ ခန့်အကွာ မာန်ဟဲရွာကို အရပ်ဘက်သုံး ထရပ်ကားနှစ်စီးဖြင့် ရောက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့သည်။
ထိုသို့ စီးနင်းအပြီး နှစ်ရက်ခန့်အကြာတွင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် လေးတန်ချောင်းနံဘေးရှိ အဆိုပါ ကျေးရွာမှ အမျိုးသား ၅ ဦးကို ဖမ်းဆီးသွားခဲ့သည်။
လမ်းတွင် တိုက်ခိုက်ခံရမည့်အန္တရာယ်မှ ရှောင်ရှားနိုင်ရန် ထိုစစ်ကြောင်းက ရွာသားများကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ဓားစာခံများမှာ ကိုညီညီ ၂၅ နှစ်၊ ကိုလောရှုပ် ၂၅ နှစ်၊ ကိုအောင်မင်းသိုက် ၃၈ နှစ်၊ ကိုနေလင်းထွန်း ၃၈ နှစ်၊ ကိုဖိုးရှမ်း ၄၈ နှစ်တို့ ဖြစ်ကြသည်။
ဒေသတွင်း လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် Indaw Revolution (IR) အဖွဲ့၏ တာဝန်ခံ အမျိုးသားက ရုပ်အလောင်းများကို အင်းတော်မြို့မြောက်ဘက် မော်လူးမြို့အနီး တောထဲတွင် ဧပြီ ၂၅ ရက်နေ့က တွေ့ရသည်ဟု ဆိုသည်။
“အပိုင်းပိုင်းခုတ်ပြီးတော့ မီးရှို့ထားတာ ၅ လောင်းလုံးကို၊ လူရုပ်မပီတော့ဘူး။ တစ်ယောက်ချင်းစီကတော့ ဘယ်သူဘယ်ဝါဆိုတာတော့ ခွဲမရတော့ဘူး၊ ကြာပြီဆိုတော့။ တောထဲသွားတဲ့ ပြည်သူတွေက တွေ့လို့ လှမ်းအကြောင်းကြားမှ သိရတာ” ဟု သူက ပြောသည်။
ထိုနေ့တွင်ပင် ၎င်းတို့၏ အလောင်းများကို မိသားစုဝင်များက လာရောက်ယူဆောင်သွားသည်ဟု သိရသည်။
ဓားစာခံ ၅ ဦး ဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းမထုတ်ပြန်သေးပေ။
အင်းတော်တွင် ဒေသခံတို့ကို ဓားစာခံအဖြစ် ဖမ်းသွားပြီး သတ်ဖြတ် အလောင်းဖျောက်သည့် ဖြစ်စဉ်များ မကြာခဏ ပေါ်ပေါက်တတ်သည်။
ဇန်နဝါရီလတွင် အမျိုးသား ၃ ဦးကို ရိုက်နှက်ခံထားရသည့် ဒဏ်ရာများနှင့် သေဆုံးလျက် တွေ့ရသည်။
၂၀၂၂ နိုဝင်ဘာ ၂၇ တွင် နတ်မဟုတ်ကြီးရွာမှ ဒေသခံ ၈ ဦးတို့ ဖမ်းဆီးခံရပြီး ဦးခေါင်းများ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများနှင့် ရုပ်အလောင်းများကိုလည်း တစ်လအကြာတွင်မှ ပြန်တွေ့ရသည်။ ထို ၈ ဦးကို ခေါ်ဆောင်သွားရာတွင် ပါဝင်ခဲ့သည့် တပ်ရင်း အမှတ် (၄၁၆) မှ စစ်သားတစ်ဦးကို ဒေသခံ တော်လှန်ရေးသမားများက ဖမ်းမိပြီး စစ်ဆေးရာမှ မြေမြှုပ်ထားသည့် နေရာကို သိရခြင်း ဖြစ်သည်။
အင်းတော်မြို့ လတ်တလောအခြေအနေ
လတ်တလော အင်းတော်မြို့တွင် တိုက်ပွဲများဖြစ်ပွားခြင်း မရှိသော်လည်း မြို့အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာရှိ အောင်းကုန်းနှင့် နန့်သာရွာတွင် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းတစ်ခုက တပ်စွဲနေသည်ဟု သိရသည်။
အဆိုပါ စစ်ကြောင်းက ဧပြီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် အောင်းကုန်းရွာကို မီးရှို့ခဲ့ရာ အိမ်ခြေ ၁၅ အိမ်ခန့် မီးလောင်ကျွမ်းခဲ့သည်ဟု အသက် (၄၀) ကျော်အရွယ် အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်တာ မရှိဘူး၊ ဒလန်တွေကနေပြီးတော့ သတင်းပေးတာပေါ့၊ PDF တွေရဲ့နေအိမ်တွေ၊ PDF နဲ့ စပ်ဆက်နေသူတွေရဲ့ အိမ်တွေဆိုပြီး မီးရှို့သွားတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
စစ်ကောင်စီရန်ကြောင့် အင်းတော်မြို့နယ်ရှိ အောင်းကုန်း၊ နန့်သာနှင့် အင်ပင်ရွာတို့မှ ဒေသခံ ၂,၀၀၀ ကျော်မှာ နီးစပ်ရာကျေးရွာများသို့ စစ်ရှောင်နေရသည်ဟု ဒေသခံအချို့က ပြောသည်။
အဆိုပါ စစ်ကြောင်းမှာ ယနေ့ (ဧပြီ ၂၇) အထိ နန့်သာရွာတွင် ဆက်လက်တပ်စွဲထားသလို အင်အား ၁၀၀ ကျော်ပါ အခြားစစ်ကြောင်းတစ်ခုမှာလည်း အင်းတော်မြို့တောင်ဘက် ထီးချိုင့်နယ်စပ်သို့ စစ်ကြောင်းထိုးနေသည်ဟု သိရသည်။
အင်းတော်မြို့ပေါ်တွင်မူ စစ်တပ်က ပုံမှန်အတိုင်း စစ်ဆေးနေဆဲ ဖြစ်သည်၊ အင်းတော်မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ်က အင်အား ၃၀၀ ကျော်နှင့် လှုပ်ရှားနေသည်ဟု သိရသည်။
စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံအနှံ့ ကောင်စီကို ခုခံမှုများ ပေါ်ပေါက်နေရာ ထိုအထဲတွင် အင်းတော်မြို့နယ်အတွင်းရှိ ဒေသများလည်း ပါဝင်သည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင် ရှိသည့် အင်းတော်၊ ဗန်းမောက် စသည့် မြို့နယ်များတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များ အားကောင်းနေသည်။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)