အစိုးရအပေါ်မဟုတ်မမှန် အချက်အလက်များ ထည့်သွင်းဟောပြောမှုဖြင့် ပြီးခဲ့သည့် သီတင်းပတ်ကမှ ထောင်ဒဏ်ခြောက်လ ချခံခဲ့ရသည့် ပျော်ဘွယ်အမတ် ဦးတင်စိုးသည် နောက်တစ်နေ့မှာပင် ရမည်းသင်းခရိုင်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည်ဟု ၎င်း၏ဆရာဝန်က ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးတင်စိုးသည် နှလုံးသွေးကြောကျဉ်း၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါတို့ခံစားနေရပြီး ယခင်ကလည်း လေဖြန်းဖူးသည့် အခြေအနေများရှိသည့်အတွက် ဆေးရုံတွင် ကုသမှုပေးနေရပြီးအခြေအနေ ပြန်လည်ကောင်းမွန်လာပါက ဆေးရုံမှဆင်းရမည်ဖြစ်ကြောင်း ရမည်းသင်းခရိုင်ဆေးရုံမှ အထွေထွေရောဂါအထူးကုသမားတော် ဒေါက်တာ စိုးထွဋ်ခေါင်က ပြောသည်။
ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံသို့ မတ် ၁၄ စနေနေ့ ညနေပိုင်းက ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လတ်တလောခံစားနေရသည့် ရောဂါများကို စစ်ဆေးခိုင်းသည့်အတွက် ဆေးရုံတွင် လတ်တလော အစောင့်အရှောက်နှင့် ကုသမှုပေးထားကြောင်းဒေါက်တာ စိုးထွဋ်ခေါင် က ပြောသည်။
“အပြင်းအထန်တော့ ရောက်လာတာမဟုတ်ဘူး သူတို့က ဒီရောဂါတွေ ဆေးစစ်ပေးပါဆိုပြီး ရောက်လာတာ။ ဒီရောဂါတွေက ဖြစ်တာလည်းကြာပြီပေါ့ ။ အခုလည်း အခြေအနေကောင်းပါတယ်။ ဒီရောဂါတွေက အထူးကုနဲ့ဆိုင်တဲ့ ရောဂါဖြစ်နေတယ်။
ထောင်ဆရာဝန်က အထူးကုမဟုတ်ဘဲ ရိုးရိုးဖြစ်နေတယ်၊ သူကလည်း အထူးကုကို ကြည့်စေချင်တဲ့အတွက် ရောက်လာတာပါ” ဟု ၎င်းက Myanmar Now ကို ယနေ့ မတ် ၁၆ နေ့လယ်ပိုင်းက အတည်ပြုပြောကြားသည်။
ဦးတင်စိုးကို ပျော်ဘွယ်မြို့နယ်တရားရုံးက မတ်လ ၁၃ ရက်နေ့တွင် ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပြီး တရားရင်ဆိုင်နေဆဲကာလတွင်လည်း ကျန်းမာရေးအခြေအနေ မကောင်းမွန်ကြောင်း ရမည်းသင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦး က ပြောသည်။
“သူဆေးရုံတက်တယ် မတက်ဘူးအခြေအနေကို ကျွန်တော်မသိဘူး ၊ တကယ်လို့ တက်တယ်ဆိုရင်လည်းပဲ သူမှမဟုတ်ဘူး ဘယ်အကျဉ်းသားမဆို ဆေးရုံတက်ရင် သူ့ရဲ့သတ်မှတ်ချက်နဲ့ တက်ခွင့်ရှိတယ်” ဟု ၎င်းက ဖုန်းဖြင့်ပြောသည်။
ဦးတင်စိုးသည် အများဆုံး ထောင်နှစ်နှစ်အထိ ချ၍ရသည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ (အစိုးရကို သို့မဟုတ် နိုင်ငံငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင် လုပ်ခြင်းကို တားမြစ်သည့်ပုဒ်မ) နှင့် ငြိစွန်းကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။
၎င်း၏ကျန်းမာရေးအခြေအနေနှင့် အသက်အရွယ်ကြောင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ထိုချမှတ်မှုနှင့်ပတ်သက်၍ အယူခံတက်၊ မတက်ကိုလည်း ပါတီ၏လမ်းညွှန်မှုအတိုင်း လိုက်နာသွားမည်ဟု ဦးတင်စိုးကို အမှုဖွင့်တရားစွဲခဲ့သည့် ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီလွင်က မတ် ၁၆ တွင် Myanmar Now ကိုပြောသည်။