သတင်း

အစိုးရကိုအပုပ်ချဟောပြောသည့် ပြည်ခိုင်ဖြိုး ပျော်ဘွယ်အမတ် ထောင် ၆ လကျ

​​​​အစိုးရအပေါ်မဟုတ်မမှန် အချက်အလက်များ ထည့်သွင်းဟောပြောမှုစွဲချက်ဖြင့် တရားရင်ဆိုင်နေရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းလွှတ်တော်အမတ် ဦးတင်စိုးကို ပျော်ဘွယ်မြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ ကျခံစေရန် ယနေ့အမိန့်ချလိုက်သည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပျော်ဘွယ်မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ် ဦးတင်စိုးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရမည်းသင်းခရိုင် ဒုတိယဥက္ကဋ္ဌ ဦးညီညီလွင်က ပျော်ဘွယ်မြို့နယ်တရားရုံးသို့ ၂၀၁၈ ဒီဇင်ဘာတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပျော်ဘွယ်မြို့နယ်တရားရုံးကလည်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် လက်ခံစစ်ဆေးခဲ့သည်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) သည် အစိုးရကို သို့မဟုတ် နိုင်ငံငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင် လုပ်ခြင်းကို တားမြစ်သည့်ပုဒ်မဖြစ်ပြီး အများဆုံးထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်ပါ ချမှတ်နိုင်သည်။

“တရားရုံးဆုံးဖြတ်ချက်ကို​တော့ ​ကျေနပ်တယ် မ​ကျေနပ်ဘူးလို့ မ​ပြောချင်ဘူး၊ ဒါ​ပေမဲ့ ကျွန်​တော်တို့က​တော့ တစ်နှစ်​လောက်ကျမယ် မှန်းထားတာ။ အခု​တော့ သူ့ကျန်းမာ​ရေးအ​ပေါ်​ထောက်ထားပြီး ​ခြောက်လချလိုက်ပါတယ်” ဟု ဦးညီညီလွင်ကဆိုသည်။

ယင်းနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ဦးတင်စိုးသည် ၂၀၁၈ နိုဝင်ဘာက ပျော်ဘွယ်မြို့နယ် ကြက်တည်ကျေးရွာတွင် ကျင်းပသည့် ဟောပြောပွဲတစ်ပွဲတွင် အငြင်းပွားစရာဟောပြောချက်များ ပါရှိသည်ဟုဆိုကာ တရားစွဲဆိုခံရခြင်းဖြစ်သည်။

၎င်းသည် အာမခံရခဲ့သဖြင့် ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်မရှိပေ။

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ၁၁ မိနစ်ကျော်ကြာ ရုပ်သံဖိုင်တစ်ဖိုင်တွင် ဦးတင်စိုးက “ကြံ့ခိုင်ရေးက လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူလူထုရဲ့ ဆင်းရဲမွဲတေမှုတွေကို လွှတ်တော်မှာ မဲခွဲပေးတယ်။ အဆိုတင်တယ်။ မဲခွဲတော့ NLD က ကန့်ကွက်တယ်။ ခင်ဗျားတို့ကြီးပွားချမ်းသာမယ့် ကိစ္စကို NLD အစိုးရက လိုက်ပိတ်ပင်နေတဲ့ ကိစ္စကိုပြောချင်တာ” ဟု ပြောကြားထားသည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေလက်ထက်က နေပြည်တော်အမြန်လမ်းဖောက်လုပ်စဉ် တစ်မိုင်အတွက် သိန်း ၆၀၀၀ သာကုန်ခဲ့သော်လည်း လက်ရှိအစိုးရသည် နိုင်လွန်ကတ္တရာခင်းရာတွင် တစ်မိုင်လျှင် ကျပ်သိန်း ၂၇,၀၀၀ သုံးစွဲကြောင်း၊ ပိုထွက်လာသည့် ငွေများကို ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအတွက် အိမ်ဆောက်ပေးကြောင်းလည်း စွပ်စွဲထားသည်။

ဦးတင်စိုးသည် ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် ပြစ်မှုဆိုင်ရာတရားရင်ဆိုင်ရသည့် သုံးယောက်မြောက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည် နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ်ကျခံနေရပြီး၊ ပဲခူးတိုင်း မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံနေရသည်။

Show More

Related Articles

Back to top button