နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိသည့် ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၁၇ ကြိမ်မြောက် ညီလာခံကို ယမန်နေ့ (ဧပြီ ၂၄) မှစ၍ ကျင်းပနေသည်ဟု ပါဝင်တက်ရောက်နေသည့် အမည်မဖော်လိုသော ခရိုင်အဆင့် KNU တာဝန်ရှိသူနှစ်ဦးက အတည်ပြုသည်။
လွန်ခဲ့သောနှစ်နှစ်က အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို အတိအလင်း ဆန့်ကျင်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေချိန်တွင် ပြုလုပ်နေရသည်ဖြစ်၍ ညီလာခံ ကျင်းပသည့် နေရာ၊ မည်မျှကြာမြင့်မည်၊ မည်သူတို့ တက်ရောက်နေသည်တို့ကို လုံခြုံရေးအရ မပြောလိုကြောင်း အဆိုပါသတင်းရင်းမြစ်တို့က ဆိုသည်။
KNU ညီလာခံကို လေးနှစ်လျှင် တစ်ကြိမ် ပြုလုပ်ရမည်ဟု သတ်မှတ်ထားသော်လည်း ၁၇ ကြိမ်မြောက် အချိန်စေ့ရောက်သည့် ၂၀၂၀ တွင် နိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေခြင်း၊ ၂၀၂၁ တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းခဲ့ခြင်းတို့ကြောင့် ရွှေ့ဆိုင်းထားရသည်။
ယခင်က ပြုလုပ်သည့် KNU ညီလာခံများကို အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ခရိုင် (တပ်မဟာ) အလိုက် စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ အစုံအလင်တက်ရောက်လေ့ရှိပြီး ခေါင်းဆောင်များ ရွေးချယ်သည်။
လက်ရှိပြုလုပ်နေသည့် ညီလာခံမှတစ်ဆင့် KNU ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ပြီး စစ်အာဏာရှင်တော်လှန်ရေးကို အားသန်သည့် ခေါင်းဆောင်များ နေရာရလာဖွယ်ရှိသည်ဟု ခရိုင်အဆင့် KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အခက်အခဲတွေကြားက လုပ်ရတာပါ။ ခရိုင်အဆင့်အနေနဲ့တော့ တာဝန်ယူရတာ မှန်ပါတယ်။
ကန့်သတ်ချက်တွေကြောင့် ထိန်းသိမ်းရတာတွေ ရှိတာအတွက် နားလည်ပေးပါ”။
“နွေဦးတော်လှန်ရေးနဲ့ သဟဇာတဖြစ်တဲ့ ခေါင်းဆောင်တွေ ဖြစ်ထွန်းမယ် ယုံကြည်ပါတယ်။ ခေါင်းဆောင်အပြောင်းအလဲက KNU တစ်ခုတည်းဆိုပေမဲ့ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်မှုတွေက ရှိနေတယ်လေ။ အဖိနှိပ်ခံဘဝတွေ စုစည်းမှုက တအားအရေးကြီးပါတယ်။ လူထုအသိတရား မြင့်မားလာဖို့က အရေးကြီးပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် KNU ဥက္ကဋ္ဌအဖြစ် အသက် ၉၀ အရွယ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ၊ ဒုဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ပဒိုစောတာဒိုမူးတို့က တာဝန်ယူထားသည်။
၂၀၁၅ တွင် စစ်တပ်နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သော KNU သည် စစ်အာဏာသိမ်းယူမှုကို အတိအလင်းရှုတ်ချခဲ့ပြီး စစ်ကောင်စီကို ဆန့်ကျင်သူများကို ၎င်းတို့နယ်မြေများအတွင်း ခိုလှုံခွင့်ပေးထားသည်။
စစ်ကောင်စီကို တွန်းလှန်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့ထားသည့် တပ်ရင်းတပ်ဖွဲ့အချို့သည်လည်း KNU ၏ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်အတူ ကရင်ပြည်နယ်ဒေသအချို့တွင် တော်လှန်ရေးဆင်နွှဲနေသည်။
ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီစခန်းအချို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်၊ ဖျက်ဆီးနိုင်သည့် ဖြစ်စဉ်များလည်း ရှိနေသည်။ စစ်ကောင်စီကလည်း KNU ထိန်းချုပ်ရာ နယ်မြေများအတွင်း လေကြောင်းပါ သုံး၍ အပြင်းအထန် တောက်လျှောက်တိုက်ခိုက်နေသည်။
KNU အုပ်ချုပ်ရေးအောက်တွင် တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၄) မြိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ တပ်မဟာ (၇) ဖားအံခရိုင်တို့ ရှိပြီး လက်နက်ကိုင်တပ်များအဖြစ် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့ ဖွဲ့စည်းတည်ရှိသည်။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)