
မန်းစည်ပင်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းအနောက်ဘက်ရှိ အိမ်ခြေ ၂၀၀ နီးပါးကို ကျူးကျော်အဖြစ် သတ်မှတ်ကာ ပြီးခဲ့သည့်ရက်ပိုင်းက စတင်ပြီး ဖြိုချ ဖျက်ဆီးမှုများ ပြုလုပ်နေသည်။
ပိုင်ဆိုင်မှုအတွက် တရားရုံးတွင် တရားဆိုင်နေသည့် နေအိမ်များကို ဖျက်ဆီးသည်ဟုဆိုကာ ဒေသခံအချို့က မန်းစည်ပင်နှင့် အုပ်ချုပ်ရေးဝန်ထမ်းများအား အမှုဖွင့်တိုင်ကြားထားသည်။
အခြားတစ်ဖက်တွင်လည်း စည်ပင်ဝန်ထမ်းများသည် အဆိုပါနေရာကို ပိုင်ဆိုင်သည်ဟုဆိုသည့် အောင်မြင်သူကုမ္ပဏီ အတွက် ကျူးကျော် ရှင်းလင်းရေး လုပ်ပေးခဲ့သည်ဟု စွပ်စွဲခံနေ ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းကို ယမန်နေ့တွင် Myanmar Now က ဖုန်းဖြင့် မေးမြန်းခဲ့သည်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
Myanmar Now ။ ။ ချမ်းမြသာစည် လေယာဉ်ကွင်း အနောက်ဘက်က ကျူးကျော်အိမ်ရာတွေကို ဘာလို့ ရှင်းတာလဲ။ ဘာစီမံကိန်းရှိလို့လဲ။
ဖြေ။ ။ မင်္ဂလာမန္တလေး (လေယာဉ်ကွင်းအနီးရှိ မြို႔ပြဖွံ႔ဖြိုးရေးစီမံကိန်း ) နဲ့ ဆက်စပ်ပြီးတော့ ဖွံ့ဖြိုးမှုနဲ့ မအပ်စပ်တဲ့ အနေအထားတွေဖြစ်လို့ ရှင်းတာပါ။ ဘာစီမံကိန်းရယ်တော့ မရှိပါဘူး။
Myanmar Now။ ။ အဲဒီမြေတွေက အစိုးရပိုင်မြေလား ကုမ္ပဏီပိုင်မြေတွေလား။
ဖြေ။ ။ အစိုးရမြေတွေရှိသလို ပုဂ္ဂလိကမြေတွေလည်း ရှိတာပေါ့။
Myanmar Now။ ။ အောင်မြင်သူကုမ္ပဏီက ခြံစည်းရိုးခတ်နေတာကရော ဘာ့ကြောင့်ပါလဲ။
ဖြေ။ ။ အောင်မြင်သူက သူ့ဂရန်ပိုင် အခြေအနေရှိလို့ ခတ်တာပါ။
Myanmar Now။ ။ ဂရန်က ဘယ်တုန်းကရတာလဲ။
ဖြေ။ ။ တပ်မတော်အစိုးရလက်ထက်လောက်ကပဲ။ သူတို့ဂရန်ရတာတော့ ကြာပြီ။
Myanmar Now။ ။ ဂရန်ပိုင်ဆိုင်ထားသူက ဘာတွေလုပ်ပိုင်ခွင့်ရှိလဲ။
ဖြေ။ ။ မြေကိုဂရန်ပိုင်ဆိုင်တဲ့သူသည် သူရဲ့မြေဟာ သူ့မှာ တာဝန်ရှိတယ်။ သူလည်း ပြည်သူတစ်ယောက်ဖြစ်သည့်အတွက် သူ့မှာ အစိုးရက ထုတ်ပေးထားသော အထောက်အထား ဂရန်ရှိတဲ့အတွက် သူကအခွန်တွေဘာတွေ ဆောင်ထားတဲ့အပေါ်မှာ ကျူးတဲ့သူကို သူ့မှာ ဥပဒေကြောင်းအရ တရားစွဲခွင့်ရှိတယ်။ ဒီလိုတော့ သိထားတယ်။
Myanmar Now။ ။ အဲဒီတော့ဆိုလိုတာက စည်ပင်ကလည်းဖျက်တယ် ကုမ္ပဏီကလည်း ဖျက်တယ်ပေါ့။
ဖြေ။ ။ စည်ပင်ကလည်းဖျက်တယ် ကုမ္ပဏီကလည်းဖျက်တယ်တော့ မဟုတ်ဘူး။ ကျူးရှင်းလင်းရေးအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့ထားတဲ့ အဖွဲ့အနေနဲ့ တာဝန်ရှိလို့ ဒါတွေကို ကျူးရှင်းလင်းရေးလုပ်တာပါ။ ကျူးရှင်းလင်းရေးအဖွဲ့က ဖျက်တာပါ။
Myanmar Now။ ။ ကျူးရှင်းလင်းရေးအဖွဲ့မှာ ဘယ်သူတွေပါလဲ။
ဖြေ။ ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပါတယ်။ မြို့တော်စည်ပင်သာယာရေးကော်မတီပါတယ်။ အဓိက ဒီဌာနကြီးသုံးခုက ဖျက်တာပါ။ စည်ပင်ဝတ်စုံတွေနဲ့ ဖျက်တယ်ဆိုတာက အလုပ်သမားက စည်ပင်မှာပဲရှိတာလေ။ အမှန်က အဖွဲ့စုံနဲ့ ကျူးရှင်းတာပါ။
Myanmar Now။ ။ အောင်မြင်သူကုမ္ပဏီက ကျူးရှင်းထားတဲ့နေရာမှာ ဝင်းခတ်နေတာကရော ဘယ်လိုပါလဲ။
ဖြေ။ ။ အောင်မြင်သူကုမ္ပဏီက သူ့ဘာသာသူ ဝင်းခတ်တာက သူ့အပိုင်းပါ။ ကိုယ်တွေက ကျူးရှင်းတယ်။ ရှင်းပေးထားတဲ့နေရာ ခတ်နေတယ်ဆိုတာက ကျူးရှင်းလင်းရေးက ကျူးရှိတဲ့ နေရာ ရှင်းမှာပဲ။ ဒီအောင်မြင်သူမို့လို့ ရှင်းပေးတာမဟုတ်ဘူး။ ဆိုလိုတာက အောင်မြင်သူနေရာမှာ အခြားသူဆိုလည်း ရှင်းမှာပါဘဲ။ ဘယ်သူဖြစ်ဖြစ် ရှင်းပေးမယ် ဒါမျိုးကို ဆိုလိုတာပါ။