အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

‘ရုန့်ရင်းကြမ်းတမ်းသည့်’ အမူအရာမလုပ်ရန် တပ်ကိုယ်စားလှယ်ကို လွှတ်တော်နာယကသတိပေး

ရုန့်ရင်းကြမ်းတမ်းသည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာများ မပြုရန် ဗိုလ်ချုပ်အဆင့်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို ပြည်ထောင်စုလွှတ်တော်နာယက က ယနေ့အစည်းအဝေးတွင် သတိပေးခဲ့သည်။

ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှု စတင်ရန်လုပ်ဆောင်နေချိန်၌ တပ်မတော်သားအမတ် ဗိုလ်မှူးချုပ် အောင်စန်းချစ်က ၎င်းဦးဆောင်ပြီး တင်သွင်းထားသည့် အခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းပါ ပြင်ဆင်ချက်တစ်ခုကို လွှတ်တော်က “ပယ်ဖျက်” ခဲ့သည်ဟု ကန့်ကွက်ဆွေးနွေးခဲ့ပြီး ယနေ့ စတင်ဆွေးနွေးမည့် ဥပဒေမူကြမ်းများကိုလည်း ပြန်လည်စိစစ်ပေးရန် လွှတ်တော်သို့ တင်ပြခဲ့သည်။ 

အခြေခံဥပဒေပုဒ်မ ၂၆၂ (ဋ) ပါ ၎င်း၏ ပြင်ဆင်ချက်ဖြစ်သော “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အကြောင်းကြား၍ နိုင်ငံတော်သမ္မတထံသို့လည်း တင်ပြရမည်” ဟူသည့် အချက်ကို ပယ်ဖျက်ထားခြင်း ဖြစ်သည်ဟု ဗိုလ်မှူးချုပ် အောင်စန်းချစ်က ပြောသည်။

လွှတ်တော်နာယက ဦးတီခွန်မြတ်ကမူ ထိုအချက်ကို တမင်ပယ်ဖျက်ခဲ့ခြင်း မဟုတ်ဘဲ “ရိုးရိုး မှားယွင်းရေးသားမှု” ဟု ထင်ကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကလည်း “၂၆၂ (ဋ) နဲ့ပတ်သက်ပြီး တစ်လုံးတစ်ပါဒမျှ ပြင်ဆင်ထားခြင်း မရှိ” ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုသို့ ပြောဆိုမှုများအပြီးတွင် တပ်မတော်သားအမတ် ဗိုလ်ချုပ် တင်ဆွေဝင်းက “စာကျန်နေတာ၊ ဒီမှာရေးထားတာနဲ့ ဒီမှာရေးထားတာ မတူလို့ပြောနေတာ…..” ဟု အော်ဟစ် ပြောဆိုခဲ့သည်။

NLD  အမတ်တစ်ဦးဖြစ်သည့် ဦးသိမ်းဆွေက ထိုအပြုအမူသည် လွှတ်တော်၏ ဂုဏ်ဒြပ်ကို ထိခိုက်စေသည်ဟု ပြောဆိုကာ ထကန့်ကွက်ခဲ့သည်။ 

တပ်မတော်သား ကိုယ်စားလှယ်၏ ယင်းအပြုအမူနှင့်ပတ်သက်၍ နာယက ဦးတီခွန်မြတ်က “လွှတ်တော်ကိုယ်စားလှယ်အားလုံးကို မှာကြားလိုတာကတော့ မိမိတို့လွှတ်တော်ဟာ ပြည်ထောင်စုလွှတ်တော် ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြုမူ၊ ပြောဆိုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စိတ်ဆန္ဒကိုပဲ ဦးစားပေးဆောင်ရွက်မယ်ဆိုလို့ရှိရင် မလိုလားအပ်တဲ့ ချစ်ကြည်ရင်းနှီးမှုတွေ အားလုံး ထိခိုက်လာနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါကြောင့် အစောတုန်းကလို ရုန့်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာများ မပြုဖို့ ပြောကြားလိုပါတယ်။ အားလုံးကို သတိပေးလိုပါတယ်” ဟု ပြောသည်။

ယခု သတင်းရေးသားပေးပို့ချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းအပေါ် လွှတ်တော်အမတ်များ စတင်ဆွေးနွေးနေကြပြီ ဖြစ်ပြီး ယနေ့တွင် လွှတ်တော်အမတ် ၁၅ဦး ဆွေးနွေးမည် ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles