သင်္ကြန်အကြိုနေ့ဖြစ်သော ယနေ့ (ဧပြီ ၁၃) နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်အနီး ဗုံးပေါက်ကွဲရာ အမျိုးသား ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၆ ဦးရှိသည်ဟု လူမှုကူညီရေးအသင်းများက ဆိုပြီး မန္တလေးမြို့တွင်လည်း ပေါက်ကွဲဖြစ်သည်ဟု သိရသည်။
လားရှိုးမြို့အဝင် ရန်တိုင်းအောင်ဘုရားအနီး စစ်ကောင်စီက စီမံဆောက်လုပ်ထားသည့် သင်္ကြန်မဏ္ဍပ်အနီး နံနက် ၁၂ နာရီခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုပြင်းထန်သည်ဟု မြို့ခံလူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော့ဆီ ဖုန်းဝင်တော့ ၁၂ နာရီ ၁၃ မိနစ်ရှိပြီ၊ ၄ ယောက် သေပါတယ်။ ထိခိုက်ဒဏ်ရသူက ၆ ယောက် လို့ သိရတယ်။ ကျွန်တော်တို့ ကူညီဖို့သွားတော့ ဆေးရုံတွေ ရောက်နေပြီ။ ဒဏ်ရာရသူတွေက ပြင်းထန်တယ်”
သေဆုံးသူများကို လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ပေါက်ကွဲမှုပြင်းထန်သဖြင့် ရုပ်အလောင်းများမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်ဟု ၎င်းထံမှ သိရသည်။
“သေဆုံးသူတွေက အမျိုးသားတွေပဲဗျ။ အသက်အပိုင်းအခြားကတော့ မသိရဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အိမ်က မိသားစုတွေတောင် သူတို့ရုပ်တွေကို မမှတ်မိကြတော့ဘူးဗျ။ တစ်ယောက်ပဲ ရုပ်ပျက်ဆင်းပျက်မဖြစ်တာ။ အဲဒီတစ်ယောက်က ၂၀ ဝန်းကျင်လောက်ပဲ”
ဒဏ်ရာရသူ ၆ ဦးအနက် အမျိုးသမီးနှစ်ဦးပါဝင်ပြီး လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေကြောင်း ၎င်းက ဆက်ပြောသည်။
ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄ ဦးအထိရှိကာ ဒဏ်ရာရသူများလည်း ရှိကြောင်း အခင်းဖြစ်ပွားရာသို့ ဒဏ်ရာရသူများကို သွားရောက်သယ်ဆောင်ခဲ့သည့် ကမ္ဘောဇလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူကလည်း ပြောသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေ မသိရသည့်နည်းတူ လားရှိုးမြို့ဗဟိုမဏ္ဍပ်အနီး ပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
စစ်ကောင်စီ ဆောက်လုပ်ထားသည့် ဗဟိုမဏ္ဍပ်ကို မြိုခံများက စိတ်ဝင်စားမှုမရှိကြောင်း မြို့ခံအမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
“ကျွန်တော်တို့က သင်္ကြန်ကိစ္စလည်း စိတ်မဝင်စားတော့လေ။ ဘယ်နားမဏ္ဍပ် ဘာရှိမှန်းတောင် မသိဘူး။ သတင်းတွေ တက်လာမှပဲ သိရတယ်။ ဘုရားဝင်းထဲမှာပဲ ဗဟိုမဏ္ဍပ် လုပ်ထားတာ။ ခါတိုင်းကတော့ ဗဟိုမဏ္ဍပ်က မြို့တော်ခန်းမနားမှာပဲ လုပ်တာ” ဟု ၎င်းက ပြောသည်။
ယမန်နေ့ညပိုင်းကတည်းက လားရှိူးမြို့အဝင်ဂိတ်တွင် စစ်ကောင်စီက စစ်ဆေးရေးတင်းကျပ်ထားသည်ဟုလည်း ထိုမြို့ခံ အမျိုးသားက ဆိုသည်။
“မြို့ထဲက သာမန်လူတွေက မထွက်ကြဘူး။ တော်တော်များများ အသိတွေလည်း မထွက်ကြဘူး။ သူတို့လူတွေပဲ ထွက်ကြတာ များပါတယ်”
ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိူးသို့ သင်္ကြန်မတိုင်မီ ရက်ပိုင်းအတွင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မိသားစု လာရောက်ခဲ့သည်။
မြန်မာ့ရိုးရာ နှစ်သစ်အတာသင်္ကြန် စတင်သည့် အကြိုနေ့တွင် လားရှိုးမြို့၌ လူလေးဦး သေဆုံးသည်အထိ ပေါက်ကွဲမှုဖြစ်ခဲ့သည့်နည်းတူ မန္တလေးမြို့တွင်လည်း ပေါက်ကွဲမှုဖြစ်သည်ဟု သိရသည်။
ချမ်းအေးသာစံမြို့နယ် ၈၇ လမ်းနှင့် ၈၈ လမ်းအကြား ၃၃ လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နံနက် ၁၁ နာရီခန့်က ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း မြို့ခံသုံးဦးထံမှ သိရသည်။
“အုန်းတဲ့အသံတော့ အကျယ်ကြီး ကြားလိုက်ရတယ်။ ပစ်သံတွေလည်း သဲ့သဲ့ကြားရတယ်။ ဘယ်ဘက်ကမှ အထိအခိုက်မရှိဘူးလို့တော့ ပြောတယ်။ သွားတော့ မကြည့်ရဲဘူး” ဟု ပေါက်ကွဲမှုဖြစ်ရာ ရပ်ကွက်အနီး နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် စစ်ကောင်စီနှင့် ဆက်စပ်သည့် သင်္ကြန်မဏ္ဍပ်များကို မသွားရောက်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားကာ လူအစုလိုက်အပြုံလိုက်ရှိနေသည့် မဏ္ဍပ်များတွင် စစ်တပ်က ၎င်းတို့ကိုယ်တိုင် ဖောက်ခွဲမှုပြုလုပ်ကာ နိုင်ငံရေးအမြတ်ထုတ်နိုင်သည်ဟု သတိပေးထားသည်။
အာဏာသိမ်းစစ်တပ်က သင်္ကြန်ကာလအတွင်း ပြည်သူများ ပျော်ရွှင်မြူးထူးနေသည်ဟု ပုံဖော်နိုင်ရေး ၎င်းတို့ထိန်းချုပ်ရာ မြို့ကြီးများ၌ သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်စေကာ လမ်းလျှောက်သင်္ကြန်များ ပုံဖော်နိုင်ရေး ကြိုးပမ်းခဲ့သည်။
ယနေ့ သင်္ကြန်အကြိုနေ့တွင် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီက အကအလှများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖွင့်ပွဲများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ သို့သော် သင်္ကြန်မဏ္ဍပ်များတွင် လူစည်ကားသည်ကို မတွေ့ရဘဲ လူနေရပ်ကွက်များအတွင်း ရေပက်ကစားသူ မရှိသလောက်နည်းပါးသည်ဟု ရန်ကုန်မြို့ခံအချို့က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)