မြန်မာ–ထိုင်း နယ်စပ်မြို့ မြဝတီမြို့အတွင်းရှိ ရွှေမြစန္ဒီအိမ်ရာ စီမံကိန်း မဖျက်သိမ်းရန် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ဆန္ဒပြခဲ့သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ အပါအဝင် လေးဦးအား မြဝတီမြို့နယ်တရားရုံးက ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့် ဥပဒေ ပုဒ်မ (၁၉) ဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်တွင် ထောင်ဒဏ် တစ်လ ချမှတ်လိုက်သည်။
အဆိုပါစီမံကိန်းသည် မူလက မဲကနယ်ရွာဟု လူသိများသည့် နေရာတွင်တည်ရှိပြီး ကရင်လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် DKBA မှ အရာရှိ စောညီညီဆိုသူက ဦးဆောင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း၊ စီမံကိန်းမြေနေရာအချို့သည် အစိုးရပိုင်မြေအတွင်း ကျရောက်နေကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ကိုးကားပြီး Frontier Myanmar သတင်းဌာနက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက ရေးသားခဲ့သည်။
ထို့အပြင် စီမံကိန်းကို ဦးဆောင်ခဲ့သည့် DKBA အရာရှိသည်လည်း ဖမ်းဆီးခံထားရပြီး ၎င်းကို တရားမဝင် မြေယာဖော်ဆောင်မှု၊ မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်းအတု ပြုလုပ်မှု စသည့် အမှုပေါင်းများစွာတို့ဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့က တရားစွဲထားသည်ဟု Frontier Myanmar က ရေးသားခဲ့သည်။
အစိုးရဘက်က တရားမဝင်ဟု သတ်မှတ်ကာ အဆိုပါစီမံကိန်းမြေနေရာကို ဖယ်ရှားရန် ကြိုးပမ်းခဲ့ပြီးနောက် ယင်းမြေနေရာကို ဝယ်ယူထားခဲ့သူများနှင့် နော်အုန်းလှတို့က အစိုးရ၏အစီအစဉ်ကို ရပ်ဆိုင်းရန် ၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက်တွင် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့ ဆန္ဒပြသော နေ့တွင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တစ်ဦး လမ်းကြောင်းရှိနေသည်ဆိုကာ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့က ရက်ပြောင်းခိုင်းခဲ့ရာ ရက်မပြောင်းသည့်အတွက် မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူရည်မှ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ က ယနေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) တွင် သတင်းထုတ်ပြန်သည်။
“… ပြည်သူတွေ နစ်နာတာကို၊ မတရားခံရတာကို၊ သူတို့ (နစ်နာသူတွေ) အခွင့်အရေးဆောင်ရွက်ပေးရတာကို ကျွန်မတို့ကိုပါ ထည့်ပြီးတရားစွဲတယ်” ဟု နော်အုန်းလှက ပြောသည်။
လက်ရှိအချိန်တွင် ထောင်ချခံခဲ့ရသည့် နော်အုန်းလှ၊ ဦးမောင်ဦး၊ ဦးငယ်(ခ)ဦးဆန်းလှိုင်၊ ဒေါ်စန္ဒာမြင့် တို့အား ဘားအံအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း တရားခွင်သို့ရောက်ရှိနေသူများက ဆိုသည်။