(သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာနှင့် ဓာတ်ပုံများ ပါဝင်သည်)
စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ၊ ရဟတ်ယာဉ်နှင့် ပစ်ခတ်ပြီး နောက်တစ်ရက်ကြာ ယနေ့ (ဧပြီ ၁၂) အထိ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာရှိ မြေကွက်လပ်တစ်ခုအတွင်း ဟိုတစ်စသည်တစ်စ ပြန့်ကျဲနေသော အလောင်းများနှင့် ခန္ဓာကိုယ်အပိုင်းအစများကို လိုက်လံကောက်ယူနေရဆဲဖြစ်သည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်း မြေပြန့်လွင်ပြင်ပေါများသည့် ပဇီကြီးရွာ၌ ရွာပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးဖွင့်ပွဲ၊ အကျွေးအမွေးဖြင့် ဧည့်ခံနေချိန် ကလေး၊ ကျား၊မ အရွယ်စုံ ဦးရေ ၂၀၀ ခန့် ရှိနေစဉ် ဧပြီ ၁၁ ရက်၊ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး ရဟတ်ယာဉ်နှင့်ပါ ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
၂၄ နာရီကျော်သည်အထိ သေဆုံးသူဦးရေ၊ ကျား၊မ၊ ကလေးသူငယ် ခွဲခြားမရသည်အထိ ရုပ်အလောင်းများ၏ အခြေအနေမှာ ဆိုးရွားလှသည်။ တစ်ကိုယ်လုံး မီးကျွမ်းသေဆုံးနေသူများ၊ ခေါင်း၊ ကိုယ်၊ ခြေ၊ လက် တခြားစီဖြစ်နေသူများ၊ အသားစိုင်များ၊ အခွေလိုက်ကျနေသည့် အူများကို မြေကွက်လပ်အနှံ့တွင် ကူညီကယ်ဆယ်ရေးသမားတို့က လိုက်လံရှာဖွေ၊ စုဆောင်း၊ စိစစ်နေရဆဲ။
ယနေ့ နံနက်ပိုင်းအထိ ၁၅ နှစ်အောက် ကလေးသူငယ်ရုပ်အလောင်း ၃၀ ကျော် အပါအဝင် ရုပ်အလောင်း ၁၀၀ နီးပါးကိုသာ ကယ်ဆယ်ရေးအဖွဲ့က ကောက်ယူထားနိုင်သည်၊ မည်သူမည်ဝါ ခွဲခြား၍ မရဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ တပ်ရင်း (၄) တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
“လက်အရွယ်အစားနဲ့ ခြေထောက်အရွယ်အစား ပြန်ခန့်မှန်းရတာပေါ့။ ကျွန်တော်တို့လည်း ဆေးပညာ ဘာမှ မတတ်တဲ့သူတွေဆိုတော့ ခန့်မှန်းခြေပေါ့ဗျာ။ ဒီခြေထောက်နဲ့ ဒီလက်နဲ့ဆို (တစ်ယောက်တည်း) ဟုတ်လောက်တယ်။ ဒီအရွယ်အစားချင်း၊ ဒီအသားအရေနဲ့ ဒီပုံစံ ဟုတ်လောက်တယ်”။
“အလောင်းတွေက ဟိုလို (ခန္ဓာအစုံ) မရှိတော့ဘူး။ ခြေထောက်နဲ့ လက်နဲ့ လေးခုတွေ့ရင် အော်..ဒါ တစ်ဦးပဲ။ အဲဒီလိုပဲ တွက်နေရတာ”။
“ခြေထောက်ကလေး၊ လက်ကလေး ပီ(ပြင်)တဲ့ဟာကိုပဲ ထည့်တွက်ရတာ။ ဒီမနက် (ဧပြီ ၁၂) က ချုံကြားထဲမှာ ကျည်ဆန်မှန်ထားတဲ့ (ကလေး) နှစ်လောင်း တွေ့တယ်။ ချုံကြားတွေထဲ ပြေးပုန်းကြရတာကိုး”ဟု ၎င်းက ပြောသည်။
ဒဏ်ရာရသူ ၅၀ ကျော်ရှိနေပြီး ထိခိုက်မှုပြင်းထန်သဖြင့် သေဆုံးသူဦးရေ တိုးလာနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။ ထို့အတူ စစ်ကောင်စီ၏ လေကြောင်းရန်ကိုလည်း ကြောက်နေရဆဲဖြစ်၍ ကယ်ဆယ်ရေးအလုပ်လည်း မတွင်။ ကောက်ယူပြီးသည့် အလောင်းများ၊ ရုပ်ကြွင်းအပိုင်းအစများ၏ ထက်ဝက်ကျော်ကိုသာ မီးသင်္ဂြိုလ်ရသေးသည်။
ယမန်နေ့က နံနက်ပိုင်း ဗုံးကြဲပြီး ကလေးများအပါအဝင် အစုအပြုံလိုက် ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ရသဖြင့် ဒေသခံတို့ အရေးပေါ်ကယ်ဆယ်ရေး အပူတပြင်းလုပ်ဆောင်နေချိန် ညနေပိုင်းတွင် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခံရသည်။
အလောင်းကောက်နေသူများရှိရာ ပလဖရုံးနေရာတစ်ဝိုက်သို့ တိုက်လေယာဉ်က ဗုံး ၁၂ လုံးထိ ထပ်မံကြဲချသည်ဟု ကိုဘီအီး အမည်ရ ဒေသခံတော်လှန်ရေးသမားတစ်ဦးက ပြောသည်။
“အလောင်းတွေ ကောက်ပြီး မီးရှို့နေတာ၊ ဂျက် (တိုက်လေယာဉ်) တက်လာတယ်လို့ သတင်းရလို့ အကာအကွယ်ရှိတဲ့ နေရာတွေကို ပြေးပုန်းကြရတာ။ သီသီလေးပဲ။ ကျွန်တော်လည်း အကာအကွယ်အရောက် ဗုံးချတာပဲ” ဟု ၎င်းက ဆိုသည်။
ယနေ့အထိ ပဇီကြီးရွာ ကောင်းကင်ယံတွင် စစ်ကောင်စီ လေယာဉ်၊ ရဟတ်ယာဉ် ဝဲနေဆဲဖြစ်၍ ကယ်ဆယ်ရေးသမားများ စိတ်အေးလက်အေး အလုပ်လုပ်၍မရ၊ လေယာဉ်သံကြားလျှင် ပြေးရ၊ ပုန်းရဆဲ၊ အသက်မသေဘဲ ကျန်ရစ်သည့် ရွာခံများကလည်း လုံခြုံရေးအခြေအနေအရ ပဇီကြီးရွာကို စွန့်ခွာသွားကြပြီဖြစ်၍ အတည်ပြုရ ခက်နေဆဲပင်။
တော်လှန်ရေးသမားနှစ်ဦး၊ ဒေသခံအမျိုးသားတစ်ဦး၏ အဆိုအရ ပလဖရုံးဖွင့်ပွဲ အကျွေးအမွေးလုပ်နေစဉ် တိုက်လေယာဉ်ပေါ်မှ ကြဲချသည့် ဗုံးနှစ်လုံးအနက် တစ်လုံးမှာ ကလေးများ ထမင်းစားနေသည့် သစ်၊ ဝါးတို့ဖြင့် ဆောက်လုပ်ထားသော တဲငယ်ပေါ်သို့ ကျသည်ဟု သိရသည်။
ပဇီကြီးရွာကို ယမန်နေ့က လေကြောင်းမှ တိုက်ခိုက်သည်ဟု စစ်ကောင်စီက ဝန်ခံသော်လည်း ကလေးငယ်များအပါအဝင် ရာဂဏန်းရှိလာသည့် လူသေဆုံးမှုများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေ။ ၎င်းတို့ကို ခုခံနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ထိုနေရာတွင် ရှိ၍ ပစ်ခတ်သည်၊ PDF လက်နက်ခဲယမ်းများ ပေါက်ကွဲ၍ လူသေဆုံးမှုများခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
“သေတာကတော့ ပြည်သူတွေ သေကုန်ပြီဗျာ။ ..(သေတဲ့ထဲမှာ) ကိုယ့်ဘက်က ရဲဘော်တွေ ပါရင်ပါမယ်ဗျ။ အတည်ပြုလို့မရသေးဘူး။ သေတာကတော့ တစ်ရာကျော် သေသွားပြီ။ အဲဒီအဆောက်အအုံ ဖွင့်ပွဲလုပ်တာကို ရပ်ရွာပြည်သူလူထုကို အကုန်ဖိတ်ထားတယ်။ အဲဒီနားမှာ ပေါက်ကွဲစေနိုင်မဲ့ မိုင်းတွေကို ဘယ်သူက ထားမလဲ” ဟု ဒေသအခြေစိုက် တော်လှန်ရေးသမား နောက်တစ်ဦးက ပြောသည်။
ဒဏ်ရာသူ ၂၅ ဦးကို ဆေးကုသသည့် နေရာသို့ ပို့ပေးခဲ့သည့် ကန့်ဘလူခရိုင် PDF တပ်ရင်း (၄) တာဝန်ရှိသူ၏ အဆိုအရ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသော ခဲယမ်းများမှာ ဖျက်အားပြင်းကြောင်း သိရသည်။ လူနာအများစုမှာ ခြေထောက်၊ လက်၊ နံရိုးတို့တွင် ဒဏ်ရာရထားခြင်းဖြစ်ကာ အရိုးများ၊ အသားများ ကြေမွနေသည်ဟု ၎င်းက ဆိုသည်။
“(ကျည်ဆန်) မှန်တဲ့နေရာတွေက ကျိုးသွားပြီးတော့ ထုခြေထားသလို ကြေမွနေတာ”။
ကချင်ပြည်နယ် မြစ်ကြီးနားလေတပ်တွင် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် စစ်တပ်ကို စွန့်ခွာလာသူ တပ်ကြပ်ကြီး ထက်နိုင်အောင်ကလည်း စစ်ကောင်စီက ပဇီကြီးရွာတိုက်ခိုက်မှုအတွင်း အပြင်းစားလက်နက်များ သုံးခဲ့သည်ဟု ပြောသည်။
“တိုက်လေယာဉ်က ဗုံးကြဲပြီးနောက်ပိုင်း Mi-35 (ရဟတ်ယာဉ်) နဲ့ ဂိမ်းကစားသလို သွေးအေးအေးနဲ့ ပစ်လို့နေမှာပါ။ ကျည်ကလည်း ထိကွဲကျည်တွေမို့” ဟု ၎င်းက ဆိုသည်။
အပြင်းအထန်ဒဏ်ရာရသူများကို ကုသမှုပေးရာတွင် အခက်အခဲများ ကြုံတွေ့နေရပြီး ၎င်းတို့ ကုသပေးနေသူ ၂၅ ဦးအနက် အမျိုးသမီးလေးဦး၊ အမျိုးသားတစ်ဦးတို့မှာ အချိန်မီ သွေးသွင်းမကုသနိုင်ခဲ့၍ ယမန်နေ့ညကပင် သေဆုံးသွားသည်ဟု ကန့်ဘလူခရိုင် PDF တပ်ရင်း (၄) တာဝန်ရှိသူက ပြောသည်။
“အရေးပေါ် သွေးလိုအပ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။
စပါး၊ သီးနှံ၊ ပဲ၊ ပြောင်း၊ ကြံစသည့် လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည့် ပဇီကြီးရွာနှင့် ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် နည်းသည်။ စစ်ကောင်စီ၏ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအချို့ကလည်း ရှုတ်ချထားသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ခုခံမှုများကို စစ်ကောင်စီက နှိမ်နင်းရာတွင် တော်လှန်ရေးသမားတို့ ကာကွယ်နိုင်စွမ်းမရှိသေးသည့် လေကြောင်းတိုက်ခိုက်မှုများကို အဓိက အသုံးပြုနေရာ နိုင်ငံအနှံ့တွင် အရပ်သား ထိခိုက်သေဆုံးသည့် ဖြစ်စဉ်များစွာ ပေါ်ပေါက်နေသည်။
လူဦးရေ ၈၀၀ ခန့် နေထိုင်သည့် ပဇီကြီးရွာ တည်ရှိသည့် ကန့်ဘလူမြို့နယ်သည် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများ လပေါင်းများစွာဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ မြို့နယ်တစ်မြို့နယ်ဖြစ်သည်။
“ဒီဒေသက လေကြောင်းတိုက်ခိုက်မှုကလွဲ၍ (တော်လှန်ရေးအဖွဲ့တွေက) အုပ်ချုပ်နိုင်တယ်၊ လွှမ်းမိုးနိုင်တဲ့နေရာဖြစ်တယ်။ လေကြောင်းတိုက်ခိုက်မှုကို အထင်သေးတဲ့သဘောမျိုး၊ ပေါ့ဆသွားတဲ့ သဘောမျိုးဖြစ်တာတော့ မှန်ပါတယ်” ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။