သတင်း

ကန့်ဘလူ၊ ပဇီကြီးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်၊ ၈၀ ထက်မနည်း သေဆုံး

(သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာများ၊ ဓာတ်ပုံများ ပါဝင်သည်)

ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အရှေ့ပိုင်းရှိ ပဇီကြီးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးဖွင့်ပွဲ ကျင်းပနေချိန် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် သေဆုံးသူ ၈၀ ထက်မနည်းရှိကြောင်း သိရှိရသည်။  

ပဇီကြီးရွာ အနောက်ဘက် မြေကွက်လပ်တွင် သစ်၊ ဝါးတို့ဖြင့် တည်ဆောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပလဖရုံးနေရာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သလို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၁၀ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတက်ရောက်လာသူများကို ထမင်းကျွေးနေချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ရုတ်တရက် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ ထိုနေရာတစ်ဝိုက်တွင် ရွာခံ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေး စုစုပေါင်း၂၀၀ ခန့် ရှိနေကြောင်း အခင်းဖြစ်ပွားရာဒေသတွင် နေထိုင်သည့် သတင်းရင်းမြစ်လေးဦးထံမှ သိရသည်။ ထိုသတင်းရင်းမြစ်လေးဦးအနက် သုံးဦးမှာ တော်လှန်ရေးအဖွဲ့ဝင်များဖြစ်ပြီး ကျန်တစ်ဦးမှာ အရပ်သား အမျိုးသားတစ်ဦးဖြစ်သည်။ 

ပဇီကြီးရွာအတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ဒေသခံ အမျိုးသားတစ်ဦး၏ အဆိုအရ ဒဏ်ရာရသူ ၄၀ ဝန်းကျင်ကို အရေးပေါ်ဆေးကုသမှု လုပ်ဆောင်နေကာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း၊ လတ်တလောတွင် ရုပ်အလောင်း ၅၀ ဝန်းကျင်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း မွန်းလွဲ ၂ နာရီတွင် ပြောသည်။

ကိုယ်ခန္ဓာအစိတ်အပိုင်းများ အပိုင်းပိုင်းပြတ်နေခြင်း၊ မီးလောင်ကျွမ်းထားခြင်းတို့ကြောင့် သေဆုံးသူဦးရေ အတိအကျနှင့် မည်သူမည်ဝါဖြစ်သည်တို့ကို အတည်မပြုနိုင်သေးကြောင်း ခန့်မှန်းခြေ ၈၀ ထက်မနည်း ရှိမည်ဖြစ်ကြောင်း ၎င်းတို့က နေ့လယ် ၁ နာရီခန့်တွင် ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် နေရာတွင် မီးကျွမ်းအဆောက်အအုံနှင့်တစ်ပါတည်း မီးလောင်သေဆုံးနေသူများ၊ ခြေ၊ လက်၊ ခေါင်းပြတ်၊ ဗိုက်ပွင့်၊ ခေါင်းပွင့် စသည့် ဆိုးရွားသော ဒဏ်ရာများဖြင့် သေဆုံးနေသူများကို Myanmar Now က ကြည့်ရှုခွင့်ရခဲ့သည့် ဓာတ်ပုံနှင့် ရုပ်သံများတွင် တွေ့ရသည်။

လက်နှစ်ဖက်ပြတ်နေပြီး အူတွင်းကလီစာများ ပွင့်ထွက်နေသည့် အမျိုးသားတစ်ဦး၊ ခါးအောက်ပိုင်းတစ်ခုလုံးပြတ်ထွက်ပြီး သေဆုံးနေသော အမျိုးသမီးတစ်ဦး၊ ပြန့်ကျဲနေသော ခြေပြတ်များ၊ လက်မောင်းပြတ်များနှင့် မီးလောင်ကျွမ်းနေသော မော်တော်ဆိုင်ကယ်များ၊ ဗုံးအရှိန်ကြောင့် မီးလောင်ထားသော သစ်ပင်ချုံပုတ်များကို ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရှိရသည်။ 

ကန့်ဘလူမြို့နယ်သည် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများ လပေါင်းများစွာဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး၊ ယခုတိုက်ခိုက်မှုဖြစ်သည့် ရွာတွင် လူဦးရေ ၈၀၀ ခန့် နေထိုင်နေသည်။ 

လူအုပ်စုထဲကို ပစ်မှတ်ထားတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု NUG လက်အောက်ခံ ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တာဝန်ခံတစ်ဦးက ပြောသည်။ 

“ဂျက်ဖိုက်တာနဲ့ ချတဲ့ ဗုံးနှစ်လုံးက လူတွေစုနေတဲ့ (တဲ) အထဲ တည့်တည့်ကျတာ။ ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးချပြီးတော့မှ Mi 35 (ရဟတ်ယာဉ်) နဲ့ လာပစ်သွားတယ်။ လူစုစုနေတဲ့နေရာကိုပဲ အဓိက ပစ်သွားတာ။ ပြည်သူတွေ စုနေတဲ့နေရာကို လုံးဝတည့်တည့်ကျတာဆိုတော့ ခြေပြတ်လက်ပြတ်တွေ အကုန်ဖြစ်ကုန်တာ” ဟု သူက ပြောသည်။

ဗုံးကျခဲ့သည့် အဆောက်အအုံထဲတွင် ရုံးဖွင့်ပွဲသို့ တက်ရောက်နေသည့် သက်ကြီးပိုင်း ရွာခံ ၃၀ နီးပါးရှိပြီး ထိုနေရာနှင့် မလှမ်းမကမ်း ထမင်းကျွေးသည့် နေရာတွင် ကလေးငယ်နှင့် အမျိုးသမီးအများစုရှိနေသည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ဆိုသည်။

“(အဆောက်အအုံထဲမှာ) အထပ်လိုက်တွေ သေနေတာ။ ဗုံးသီးက တည့်တည့်ကျသွားတာ။ အမိုးတွေရော၊ အကာတွေရော လွင့်ထွက်သွားတာ။ ၇ တောင်လောက် အကွာမှာ ကလေးပေါက်စတွေ။ သူတို့လည်း အကုန်လွင့်ပြီး ချုံတွေပေါ်တင်နေတာ” ဟု ကန့်ဘလူမြို့နယ် PDF တပ်ရင်း (၄) တာဝန်ရှိသူက ပြောသည်။ 

တစ်စစီပြန့်ကျဲနေသည့် ခန္ဓာရုပ်ကြွင်းများကို မီးလောင်ပြင်နှင့် အပျက်အစီးများအတွင်း မိသားစုဝင်တို့က လိုက်ကောက်ကာ တိုက်ဆိုင်စိစစ်နေရသည့် အခြေအနေဖြစ်၍ သေဆုံးသူတို့နှင့် ပတ်သက်သည့် အသေးစိတ်ကို မပြောနိုင်သေးဟု အထက်ပါ တပ်ရင်း (၄) တာဝန်ရှိသူက ပြောသည်။

“ဒါကတော့ ငါ့သားဆိုင်ကယ်လေး….(အဲသလိုမျိုး) ရွာကလူတွေ လိုက်ရှာနေကြတာပေါ့ဗျာ။ အလောင်းတွေက တစ်စစီဖြစ်ပြီး အကုန်လွင့်နေတဲ့အပြင် အသားစတွေပါ မီးတွေလောင်နေတာ။ ခြေထောက်တွေ၊ လက်တွေ၊ အူတွေ အခွေလိုက်လွင့်ပြီး အသားစတွေ မီးလောင်နေတာ” ဟု ထိုသူက ဆက်ပြောသည်။

ဧပြီ ၁၁ ရက်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အရှေ့ပိုင်းရှိ ပဇီကြီးရွာ။

စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပဇီကြီးရွာအတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

“ဗုံးကြဲခံရလို့ ဖရိုဖရဲဖြစ်နေတဲ့ လူအုပ်ကို ရဟတ်ယာဉ်နဲ့ လိုက်ပစ်တဲ့ပုံစံမျိုးပဲ။ သေဆုံးသူတွေထဲမှာ ၅ နှစ်‌ ၆ နှစ် ကလေးလေးတွေလည်း ပါတယ်။ တချို့ဆို အလောင်းကို မပီသတော့ဘူး။ အစိတ်အပိုင်းတွေ တခြားစီဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။​

လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်သုံးစီးပါ ပျက်စီးခဲ့ပြီး အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးပါ သေဆုံးခဲ့ရကြောင်း၊ ရွာခံများ မဟုတ်သဖြင့် မည်သူမည်ဝါမှန်း အတည်မပြုနိုင်သေးကြောင်း အထက်ပါ PLA တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရမှုမှ အသက်မသေဘဲ လွတ်မြောက်လာသူများ၊ သေဆုံးသူတို့၏ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

ကလေးငယ်များအပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ရသည့် ပဇီးကြီးရွာဖြစ်စဉ်မှာ စစ်ကောင်စီတပ်သည် အရပ်သားနှင့် လက်နက်ကိုင်ဟူ၍ သတ်မှတ်ခွဲခြားခြင်းမရှိဘဲ အလွန်အကျွံအင်အားသုံးတိုက်ခိုက်နေသည့် သက်သေများအနက် တစ်ခုဖြစ်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုပေါ် ကျုးလွန်သော ရာဇဝတ်မှုများဖြစ်သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း တော်လှန်မှုများကြောင့် နိုင်ငံအနှံ့ စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီက လေကြောင်းကို အားပြု၍ ခုခံသူများကို တိုက်ခိုက်နေရာ အရပ်သား အစုအပြုံလိုက်သေဆုံးသည့် ဖြစ်စဉ်များစွာရှိနေသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့်နေ့အကြို ဖြေဖျော်ပွဲလုပ်နေသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာကို ၂၀၂၂ အောက်တိုဘာ ၂၃ ရက်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ လူ ၁၀၀ နီးပါး သေဆုံးခဲ့ရဖူးသည်။

ထို့အတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို ယမန်နှစ် စက်တင်ဘာ ၁၆ ရက်က လေကြောင်းဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၇ ဦး၊ လူကြီး ၆ ဦး သေဆုံးသည့် ဖြစ်စဉ်များလည်း ထင်ရှားသည်။ ယမန်နေ့ (ဧပြီ ၁၀) ကပင် ချင်းပြည်မြောက်ပိုင်း၊ ဝေဘူလမြို့ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့၍ ၉ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

Show More

Related Articles

Back to top button