တိုင်းရင်းသားပါတီအမတ်များက မျှော်လင့်ချက်မထားဟု ထုတ်ဖော်ပြောဆိုထားကြသည့် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များ ပြည်ထောင်စုလွှတ်တော်၌ ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်သွင်းသည့် ပြင်ဆင်ချက် ၁၁၄ ချက်၊ အတိုက်အခံ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့က တင်ပြထားသည့် ၂၈ ချက် စုစုပေါင်း ၁၄၂ ချက်အထိ ရှိကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့ တနင်္လာနေ့၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေသော စာရွက်စာတမ်းများတွင် တွေ့ရသည်။
ယင်းတို့အနက် ပြည်ထောင်စုလွှတ်တော်အတွင်း အမတ်စုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းကျော်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ၂၅ ရာခိုင်နှုန်းရှိသော တပ်မတော်နှင့် ၆ ရာခိုင်နှုန်းကျော်ဖြင့် တတိယအများဆုံးအင်အားစုအဖြစ် ရပ်တည်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ မတူညီသော အဆိုပြုချက်များကို ဖော်ပြလိုက်ပါသည်။
နာမည်ကျော် ပုဒ်မ ၅၉(စ)
NLD ဦးဆောင်သော ၄၅ ဦးကော်မတီ၏ ဥပဒေကြမ်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ဆုံးရှုံးစေခဲ့သည့် ပုဒ်မ ၅၉ (စ) (နိုင်ငံခြားသား အိမ်ထောင်ဖက်၊ သား၊ သမီး၊ ချွေးမ၊ သမက် ရှိသူမဖြစ်စေရ) ကို ပယ်ဖျက်ရန် အဆိုပြုထားသော်လည်း တပ်မတော်ကမူ ထိုသို့မဟုတ်ချေ။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်တင်သွင်းသည့် ဥပဒေကြမ်း၌မူ ပုဒ်မ ၅၉ (စ)ပါ ကန့်သတ်ချက်ကို သမ္မတနှင့်ဒုသမ္မတအပြင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များအတွက်ပါ ထည့်သွင်းသတ်မှတ်ရန် အဆိုပြုထားခြင်းဖြစ်သည်။
ထို့အတူ သမ္မတနှင့် ဒုသမ္မတများ၏ အသက်ကို လက်ရှိသတ်မှတ်ထားသည့် နည်းတူ ၄၅ နှစ်ပြည့်ပြီး ဖြစ်ရမည်ဟူသော သတ်မှတ်ချက်အတိုင်း ပြည်ခိုင်ဖြိုးက ဆက်လက်ရပ်တည်ကြောင်း ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) မှ ဦးစိုင်းသန်းနိုင်တင်သွင်းသော ဥပဒေကြမ်းတွင် တွေ့ရသည်။
၄၅ ဦးကော်မတီကမူ သမ္မတနှင့် ဒုသမ္မတများကို အသက် ၄၀ ပြည့်ပြီးသူဟု ပြင်ဆင်လိုသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
လက်ရှိတွင် တပ်မတော်ကိုယ်စားပြုမှု ပိုများနေသည့် အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) တွင် တပ်ကိုယ်စားပြု နယ်စပ်ရေးရာဝန်ကြီးကို ထုတ်ပယ်ရန်၊ အရပ်သားများဖြစ်သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌနှစ်ဦးတို့ကို ထပ်ဖြည့်ရန် ၄၅ ဦးကော်မတီက ပြင်ဆင်ချက်တင်ထားသည်။
အဆိုပါပြင်ဆင်ချက်အရဆိုလျှင် အဖွဲ့ဝင် ၁၂ ဦး ရှိလာမည်ဖြစ်ပြီး အရပ်သားခုနစ်ဦး၊ တပ်မတော်သား ငါးဦးဖြင့် ကာ/လုံကို ဖွဲ့စည်းရမည်ဖြစ်သည်။
ထို့အတူ လက်ရှိအခြေခံဥပဒေက ပေးအပ်ထားသည့် ကာ/လုံနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ လုပ်ပိုင်ခွင့်များကို လျှော့ချ၍ သမ္မတ၏အခွင့်အာဏာများကို ပိုမိုတိုးမြှင့်မည့် ပြင်ဆင်ချက်များကိုလည်း ၄၅ ဦး ကော်မတီက အဆိုပြုထားသည်။
သို့ရာတွင် လက်ရှိအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိသည့် ကာ/လုံ၏ တာဝန်များကို ဖြည့်စွက်ထည့်သွင်းရန် ပြည်ခိုင်ဖြိုးအမတ် ဦးစိုင်းသန်းနိုင်က ပြင်ဆင်ချက်တင်ထားသည်။
အခြေခံဥပဒေအရ အပ်နှင်းထားသော တာဝန်များကို ထမ်းဆောင်ရန်၊ ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးကိစ္စများ၊ ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးတို့ အပြန်အလှန်ထိန်းကျောင်းမှု ယိုယွင်းချိန်တွင် လွှတ်တော်များ ဖျက်သိမ်းရန်သင့်မသင့် သမ္မတကို အကြံဉာဏ်ပေးရန် စသည့်တာဝန်များကို ကာ/လုံ အား ပေးအပ်ရန် ၎င်းက အဆိုပြုထားခြင်းဖြစ်သည်။
ထို့အတူ အစည်းအဝေးကို သာမန်အားဖြင့် နှစ်လတစ်ကြိမ် ကျင်းပရန်၊ အဖွဲ့ဝင် ငါးဦးက တောင်းဆိုလျှင် အစည်းအဝေးခေါ်ရန်နှင့် အဖွဲ့ဝင်များ၏ ဆန္ဒသဘောထားကို အလေးထား၍ သမ္မတက အဆုံးအဖြတ်ပေးရန်ဆိုသည့် အချက်များကိုလည်း ဦးစိုင်းသန်းနိုင်တင်သွင်းသည့် ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်ခြင်း
သမ္မတက ခန့်အပ်တာဝန်ပေးခွင့်ရထားသည့် ယင်းကိစ္စကို NLD အများစုဖြစ်သော ၄၅ ဦးကော်မတီက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အဆိုပြုခြင်းမရှိပါ။
ပြည်ခိုင်ဖြိုး၏ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်းကမူ တိုင်းနှင့်ပြည်နယ် လွှတ်တော်များက ဆိုင်ရာဝန်ကြီးချုပ်ကို ရွေးခွင့်ပေးရန် ပြင်ဆင်ချက်တင်ထားသည်။
သို့သော် တိုင်းနှင့်ပြည်နယ် လွှတ်တော်တစ်ရပ်က ရွေးချယ်လိုက်သည့် ဝန်ကြီးချုပ်သည် အရည်အချင်းမပြည့်မီကြောင်း ခိုင်လုံသော အကြောင်းပြချက်ရှိပါက နိုင်ငံတော်သမ္မတက ငြင်းပယ်နိုင်ကြောင်းကိုပါ ဦးသိန်းထွန်းက တစ်ပါတည်းအဆိုပြုထားသည်။
ထိုသို့ပေါ်ပေါက်လျှင် သက်ဆိုင်ရာလွှတ်တော်များ၌ ဝန်ကြီးချုပ်ပြန်လည်ရွေးချယ်ပြီး သမ္မတထံ ထပ်မံတင်သွင်းရမည်ဟု အဆိုပါပြင်ဆင်ချက်၌ ပါဝင်သည်။
တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၏လုပ်ပိုင်ခွင့်
၄၅ ဦးကော်မတီက ပြင်ဆင်ချက်တင်မထားသည့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်ဆိုင်ရာများကိုလည်း တပ်မတော်က အဆိုပြုထားသည်ကို တွေ့ရ၏၊
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ဆန်းချစ် တင်သွင်းသည့် ဥပဒေကြမ်း၌ လက်ရှိအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတထံ တင်ပြရမည့် တိုင်း/ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများခန့်အပ်ရန်၊ နုတ်ထွက်ခွင့်ပြုရန် ကိစ္စတို့ကို သက်ဆိုင်ရာဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့်အတွင်း ထည့်သွင်းရန် အဆိုပြုထားခြင်းဖြစ်သည်။
ထို့အတူ သက်ဆိုင်ရာဝန်ကြီးချုပ်ကိုသာ တိုင်း/ပြည်နယ်ဝန်ကြီးများက တာဝန်ခံဆောင်ရွက်ရမည်ဟုလည်း ဗိုလ်မှူးချုပ်အောင်ဆန်းချစ်က ပြင်ဆင်ချက် တင်ထားသေးသည်။ လက်ရှိတွင် တိုင်း/ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာဝန်ကြီးချုပ်အပြင် နိုင်ငံတော်သမ္မတကိုပါ တာဝန်ခံဆောင်ရွက်နေရခြင်းဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း
လက်ရှိပြဋ္ဌာန်းချက်အရ သမ္မတက တိုင်းနှင့်ပြည်နယ် လွှတ်တော်အသီးသီး၏ သဘောတူညီချက်ဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။ ၄၅ ဦးကော်မတီ၏ ပြင်ဆင်လိုချက်တွင် အဆိုပါကဏ္ဍ မပါဝင်ပေ။
ပြည်ခိုင်ဖြိုးပါတီ၏ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမောင်သင်းကမူ ယင်းကိုပြင်ဆင်လိုကြောင်း အဆိုပြုထားသည်။
တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းရန် သမ္မတသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်လည်း ရယူရန်လိုအပ်ကြောင်း ဒေါက်တာမောင်သင်း၏ ပြင်ဆင်ချက်၌ တွေ့ရသည်။
အထက်ပါကဏ္ဍတွင် NLD ဦးဆောင်သည့် ၄၅ ဦးကော်မတီနှင့် မတူသောပြင်ဆင်လိုချက်ကိုလည်း ဒေါက်တာမောင်သင်းက တင်သွင်းထားသေးသည်။
တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းမည့် တပ်မတော်သားများသည် ခန့်အပ်ခံရချိန်မှစ၍ တပ်မှအငြိမ်းစားယူပြီးဖြစ်စေရမည်ဟု ၄၅ ဦးကော်မတီက ပြင်ဆင်လိုခြင်းဖြစ်သည်။
ဒေါက်တာမောင်သင်းကမူ ယင်းသို့မဟုတ်ဘဲ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ တာဝန်ရပ်စဲခံရမှုနှင့် စပ်လျဉ်းသည့် လက်ရှိသတ်မှတ်ချက်များထဲတွင် ‘အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရန် ပျက်ကွက်မှု’ ကိုပါ ထည့်သွင်းရန် အဆိုပြုထားသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
အထက်ပါကိစ္စနည်းတူ ၄၅ ဦးကော်မတီ၏ ပြင်ဆင်လိုချက်တွင်မပါဝင်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပါ လက်ရှိပြဋ္ဌာန်းချက်အချို့ကိုလည်း ပြင်ဆင်ရန် ဒေါက်တာမောင်သင်းက အဆိုပြုထားသည်။
လက်ရှိ၌ ပြည်ထောင်စုလွှတ်တော်နှင့် အခြားသောလွှတ်တော်အသီးသီးအပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့ ပြဋ္ဌာန်းသောဥပဒေများ အခြေခံဥပဒေနှင့်ညီမညီ ခုံရုံးက စိစစ်ခွင့်ရှိသည်။
ယင်းကို လွှတ်တော်များနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များ အခြေခံဥပဒေနှင့်ညီမညီ ခုံရုံးကအနက်အဓိပွာယ်ဖွင့်ဆိုရမည်ဟု ပြင်ဆင်ရန် ဒေါက်တာမောင်သင်းက အဆိုပြုထားခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ထို့အတူ ၄၅ ဦးကော်မတီ၏ ပြင်ဆင်ချက်တွင်မပါဝင်သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲရန်လည်း ဒေါက်တာမောင်သင်းက ကြိုးပမ်းထားသည်။
လက်ရှိအခြေခံဥပဒေအရ အပြီးအပြတ်အတည်ဖြစ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့်များကို လျှော့ချရန် ၎င်းက ကြိုးပမ်းထားခြင်းဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များအပေါ် ဥပဒေနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံခွင့်ရှိစေရမည်ဟု ဒေါက်တာမောင်သင်းက ပြင်ဆင်ရန်တင်ပြထားခြင်း ဖြစ်သည်။
မကွဲလွဲသည့်သဘောထား
NLD ဦးဆောင်သည့် ၄၅ ဦးကော်မတီ၊ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့၏ ပြင်ဆင်လိုချက်စုစုပေါင်း ၁၄၂ ချက်တွင် လုံးဝမကွဲလွဲဘဲ ထပ်တူညီသည့်ကိစ္စမှာ တစ်ခုသာပါဝင်သည်။ သို့သော် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အနှစ်သာရများစွာ ကွဲပြားခြားနားမှုမရှိသော ပြင်ဆင်ချက်သာ ဖြစ်၏။
၂၀၀၈ အခြေခံဥပဒေတွင် ‘သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို တိုင်း/ပြည်နယ် ဝန်ကြီးအဖြစ် ရွေးချယ်ရန်’ ဟု ဖော်ပြထားသည်။
ယင်းကို ‘သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသင့်လျော်သည့် ပုဂ္ဂိုလ်အားရွေးချယ်ရန်’ ဟူသော စာသားပြင်ဆင် ပြောင်းလဲရန် ၄၅ဦးကော်မတီရော၊ ဗိုလ်မှူးချုပ်အောင်ဆန်းချစ်ကပါ ထပ်တူအဆိုပြုထားခြင်းဖြစ်သည်။
ကော်မတီသဘောထားအတိုင်းသာ ဆက်သွားမည်
တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ အထက်ပါပြင်ဆင်လိုချက်များကို ပြည်ထောင်စုလွှတ်တော်အတွင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်နိုင်သည့် ပုဒ်မများ၊ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် မပြီးဘဲ လူထုဆန္ဒခံယူပွဲပါ ကျင်းပအတည်ပြုရန် လိုအပ်သည့် ပုဒ်မများဟူ၍ သီးခြားစီခွဲထုတ်ကာ ဥပဒေကြမ်းနှစ်ရပ်အဖြစ် လွှတ်တော်သို့ တင်သွင်းဆွေးနွေးဆုံးဖြတ်ရန်ရှိသည်။
ထိုသို့မပြုလုပ်ဘဲ ဥပဒေကြမ်းတစ်ခုစီ သီးခြားတင်သွင်းဆွေးနွေးခွင့်ပြုရန် တပ်မတော်က တောင်းဆိုသော်လည်း တင်သွင်းလာသည့် ဥပဒေကြမ်းများအားလုံးကို လေ့လာစိစစ်သည့် ပူးပေါင်းကော်မတီ၏ အထက်ပါအစီအမံအတိုင်းသာ ဆက်လက်ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် အသိပေးထားသည်။
လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်၌ ကိုယ်စားလှယ်စုစုပေါင်း ၆၅၅ ရှိသည်။ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်လိုချက် တစ်ခုချင်းစီအလိုက် မဲခွဲဆုံးဖြတ်သည့်အခါ ၄၉၁ ဦးထက်ပိုမိုသော ထောက်ခံမဲရမှသာ အတည်ပြုခြင်း၊ ဆန္ဒခံယူပွဲဆက်လက်ကျင်းပခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် NLD က ၃၈၄ ဦးသာရှိသဖြင့် ၎င်းတို့၏ ပြင်ဆင်ချက်တစ်ခုအတည်ဖြစ်နိုင်ရန် အခြားအင်အားစုများထဲမှ ၁၀၇ ဦးကျော်က ထောက်ခံမဲပေးရန် လိုအပ်နေသည်။
အဆိုပါအခြေအနေတွင် တပ်မတော်က ၁၆၆ ဦးဖြင့် ဒုတိယအင်အားအများဆုံးအဖြစ် ရပ်တည်နေကာ ပြည်ခိုင်ဖြိုးက ၄၀ အထိရှိသည်။ တိုင်းရင်းသား၊ အခြားပါတီနှင့် တစ်သီးပုဂ္ဂလများမှာမူ စုစုပေါင်း ၆၅ ဦးသာ ပြည်ထောင်စုလွှတ်တော်၌ ရှိနေသည်။
အခြေခံဥပဒေပြင်ဆင်ရေး အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲလက်မှတ်အသုံးပြု၍ လျှို့ဝှက်မဲပေးသည့်နည်းလမ်း အသုံးပြုရန် ဥပဒေကြမ်းအားလုံးကို လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက အကြံပြုထားသည်။