
မြေမြှုပ်မိုင်းနင်းမိသဖြင့် ကျောက်မဲဒေသခံသုံးဦး ဒဏ်ရာအပြင်းအထန်ရကာ ဆေးရုံရောက်နေသည်ဟု ဒေသခံ လူမှုကူညီရေးအသင်းတစ်ခုက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှ မိုင် ၃၀ ခန့်အကွာ အာဗြောင်ကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု အိုမ်တမာဝ် လူမှုကူညီရေးအသင်း၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မိုင်းဆမ်ရှိန်းက Myanmar Now ကိုပြောသည်။
အာဗြောင်ကျေးရွာဒေသခံများဖြစ်သည့် မိုင်းမင်းနိုင် (၃၀ နှစ်)၊ မိုင်းကျော်ရွှင် (၂၇ နှစ်) နှင့် မိုင်းကျော်လင်း (၂၈ နှစ်) တို့သည် ဇန်နဝါရီလ ၂၃ ရက်၊ ညနေပိုင်းက ထင်းရှာရန် ဆိုင်ကယ်ဖြင့်အသွား အာဗြောင်ရွာနှင့် တစ်မိုင်ခန့်အကွာ၊ ကျောက်မဲမြို့သို့သွားသည့် လမ်းပေါ်တွင် မိုင်းထိမိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
ကျောက်မဲမြို့နယ် ဒေသတစ်ဝိုက်တွင် မြန်မာ့တပ်မတော်၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် သျှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA) တို့ လှုပ်ရှားနေသော နေရာဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ သို့သော် ယခု ပေါက်ကွဲသည့် မြေမြှုပ်မိုင်းကို မည်သူက ထောင်ထားမှန်း လတ်တလော မသိရသေးပါ။

မိုင်းထိမိခြင်းကြောင့် မိုင်းမင်းနိုင်မှာ ညာဘက်ခြေသလုံး၊ လက်နှစ်ချောင်းနှင့် ပါးပြင်၊ မိုင်းကျော်ရွှင်မှာ ခြေထောက်နှစ်ဖက်နှင့် လက်တစ်ဖက်၊ မိုင်းကျော်လင်းမှာ ဝမ်းဗိုက်တွင် အသီးသီးဒဏ်ရာရရှိခဲ့သည်ဟု မိုင်းဆမ်ရှိန်းက ပြောသည်။
“တစ်ယောက်ကတော့ လက်သူကြွယ်၊ လက်ခလယ် ကြေမွသွားတယ်။ တစ်ယောက်က ခြေထောက်နှစ်ဖက်စလုံးကြေပြီး အသားတွေ မရှိတော့ဘူး။ အသားတွေ လုံးဝပဲ့ထွက်သွားတာ။ ဘယ်လက်ဆိုလည်း လုံးဝ မိုင်းအစတွေ ဝင်နေတာ။ တစ်ယောက်က ဗိုက်ကို ထိထားတာ” ဟု ၎င်းကပြောသည်။
မြေမြှုပ်မိုင်းထိသည့် သုံးဦးကို ကျောက်မဲပြည်သူ့ဆေးရုံသို့ ည ၁၀ နာရီခန့်တွင် ပို့ဆောင်ပေးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
ဒဏ်ရာရရှိသူ သုံးဦးအနက် မိုင်းကျော်လင်း၏ ဝမ်းဗိုက်ဒဏ်ရာမှာ ကလီစာများ ထိခိုက်သဖြင့် ခွဲစိတ်ရန် မန္တလေးပြည်သူ့ဆေးရုံသို့ ညတွင်းချင်း ဆက်လက်ပို့ဆောင်ပေးခဲ့သည်ဟု ကျောက်မဲဆေးရုံမှ ဒေါက်တာ ရဲလွင်အောင်က Myanmar Now ကို ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲနှင့် နမ့်ဆန်မြို့နယ်တို့တွင် ယခုဖြစ်စဉ်အပါအဝင် ဇန်နဝါရီလအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ တစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးအထိ ရှိလာပြီဖြစ်သည်ဟု အိုမ်တမာဝ် လူမှုကူညီရေးအသင်း၏ အဆိုအရ သိရသည်။