သတင်း

ဘူးသီးတောင် NLD ဥက္ကဋ္ဌ AA လက်ထဲတွင် သေဆုံး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းသည် ဖမ်းဆီးထားစဉ် ‘လက်နက်ကြီးကျည်ထိမှန်၍’ သေဆုံးသွားသည်ဟု ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်လိုက်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၂၅) ညက ထုတ်ပြန်ချက်အရ ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ရွာတွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် “သေဆုံးသူထဲတွင် ဘူးသီးတောင်၊ NLD ဥက္ကဋ္ဌ ဦးရဲသိန်းမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်” ဟု ဖော်ပြထားသည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ထုတ်ပြန်ချက်အရပဲ (ဦးရဲသိန်း) သေတယ်ဆိုတာကို လက်ခံထားပါတယ်” ဟု Myanmar Now ကို ပြောသည်။

သေဆုံးသူ မြို့နယ်ဥက္ကဋ္ဌ၏ မိသားစုက ပါတီ၏ခရိုင်ရုံးနှင့်မြို့နယ်ရုံးများသို့ ဆက်သွယ်ခဲ့ပြီး ပါတီကလည်း အကူအညီအထောက်အပံ့များ ပေးထားသည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။ ထို့ပြင် ယခုကိစ္စနှင့်ပတ်သက်၍ ပါတီအနေနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဆွေးနွေးသွားမည်ဟု သိရသည်။

AA ၏ ထုတ်ပြန်ချက်တွင် “မိမိတို့ဖမ်းဆီးထိန်းသိမ်းထားသူများထဲမှ သေဆုံးသူနှင့် ဒဏ်ရာရသူအချို့ရှိခဲ့သည်” ဟု ပါရှိပြီး ဦးရဲသိန်းမှာ “ဒီဇင်ဘာ (၁၁) ရက်က ခေါ်ယူစစ်ဆေးရန် ခေတ္တခေါ်ယူထားသူဖြစ်သည်” ဟု တွေ့ရသည်။

NLD ပါတီ၊ စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော်က “ဖမ်းသွားတာကို သတင်းတွေမှာ တွေ့လို့ သိရတယ်၊ သေတယ်ဆိုတာကို ကျွန်တော်တို့ မသိသေးဘူး” ဟု ဆိုသည်။ ဦးရဲသိန်းသည် ယခင်က ပါတီမြို့နယ်အဆင့်တွင် ဒုဥက္ကဋ္ဌအနေနှင့် တာဝန်ယူခဲ့ပြီး ဥက္ကဋ္ဌအဖြစ် လွန်ခဲ့သည့် ၃ နှစ်ခန့်ကမှစ၍ တာဝန်ထမ်းဆောင်ခဲ့သည်ဟု ဦးသင်္ခါကျော်က ဆိုသည်။

ထို့ပြင် “ရွာနာမည်တော့ မသိဘူး၊ အဲ့ရွာကို အိုင်စီဂျေကိစ္စနဲ့ သွားတယ်၊ ဖမ်း မခံရခင်တစ်ရက်က။ အဲ့ရွာမှာ ဖမ်းခံရတယ်လို့ သိထားပါတယ်” ဟု ခရိုင်ဥက္ကဋ္ဌက ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်က ဒေါ်အောင်ဆန်းစုကြည်၊ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ရှိ ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲ သို့ လာရောက်ခဲ့သေးသည်။

ယင်းရက်များမတိုင်မီ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခြင်းအပေါ် “ထောက်ခံပွဲ” တစ်ခုကို မာန်အောင်မြို့နှင့် အနီးဆုံး ကျွန်းမြို့ဖြစ်သည့် ရမ်းဗြဲမြို့တွင် ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သည်။ ထောက်ခံပွဲကို ပါတီဝင် ၈၀ ကျော်သာ တက်ရောက်ခဲ့သည်။

အမျိုးသားရေးဦးစားပေးပါတီများကို အားပေးမှုကြီးမားသည့် ရခိုင်ပြည်သူများအကြား အဆိုပါ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲကို ပြင်းပြင်းထန်ထန်ဝေဖန်မှုများ ရှိခဲ့သည်။

ယင်းနောက် ရခိုင်ပြည်နယ်ရှိ ပါတီရုံးစိုက်ရာ မြို့နယ်များတွင် “ထောက်ခံပွဲ” များ ဆက်လက်ကျင်းပရန် NLD ပါတီက ပြင်ဆင်ခဲ့ရာ ဘူးသီးတောင်မြို့နယ်လည်း ပါဝင်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်သည် AA နှင့် တပ်မတော်တို့ အဓိက တိုက်ပွဲဖြစ်ပွားနေသည့် နေရာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာကလည်း NLD ပါတီမြို့နယ် ရုံးအနီးတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့သေးသည်။

ဦးရဲသိန်းအပြင် NLD ပါတီဝင် ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၁)၊ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို နိုဝင်ဘာ ၃ ရက်က AA က ဖမ်းဆီးထားခဲ့ပြီး ယခုအချိန်ထိ ၎င်းတို့ ‘ဖမ်းဆီးထားဆဲဖြစ်မည်’ ဟု ယူဆရသည်။

Show More

Related Articles

Back to top button