
တစ်နှစ်ကျော် ရပ်ဆိုင်းနေခဲ့သည့် တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လာမည့် ဇန်နဝါရီလမှစ၍ ပြန်လည်စတင်နိုင်တော့မည်ဖြစ်သည်။
ဇန်နဝါရီလ ၈ ရက်နေ့တွင် JICM (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး) ကို ပြန်လည်ကျင်းပ နိုင်တော့မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ပြောဆိုသည်။
NCA လမ်းကြောင်းအရ JICM ဆွေးနွေးပွဲပြီးလျှင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် သဘောထားညှိနှိုင်းကာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ဆက်လက်ဆွေးနွေးရန်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေး ဗဟိုဌာန) ၌ အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် ၁၀ ဖွဲ့ ကိုယ်စားလှယ်များ အကြိုညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ယင်းသို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် လာမည့် ၂၀၂၀ နှစ်လယ်မတိုင်မီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေးအပါအဝင် သဘောတူညီချက် ၈ ချက်ကို ရရှိခဲ့ကြသည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက ပြောသည်။
JICM အစည်းအဝေးကျင်းပနေစဉ် တစ်ပြိုင်နက်တည်းမှာပင် နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှု ဆွေးနွေးမည့်အဖွဲ့များကလည်း အချင်းချင်းညှိနှိုင်းတွေ့ဆုံကြမည်ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်၌ တစ်ကြိမ်၊ NLD အစိုးရလက်ထက် ၂၀၁၆၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့တွင် သုံးကြိမ် ကျင်းပထားပြီး ပြည်ထောင်စုသဘောတူညီချက် ၅၁ ချက် ရရှိထားသည်။
NCA လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် တရားဝင်ဆွေးနွေးပွဲများမှ ရပ်ဆိုင်းလိုက်သည့်အတွက် UPDJC, JICM နှင့် JMC တို့၏ တရားဝင် အစည်းအဝေးများလည်း ရပ်ဆိုင်းခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ မကျင်းပနိုင်သည်မှာ ၁ နှစ်ခွဲနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။
အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ဖြစ်သည်။