သတင်း

ရသေ့တောင်မြို့တွင် ဖမ်းဆီးခံထားရသည့် ပညာရေးဝန်ထမ်းနှစ်ဦး အဆက်အသွယ်မရသေး

ရသေ့တောင်မြို့နယ် အလယ်တန်းကျောင်းတစ်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းနှစ်ဦး ဒီဇင်ဘာ ၃ ရက်က အာဏာပိုင်များက ဖမ်းဆီးခံခဲ့ရပြီး ယခုအချိန်ထိ အဆက်အသွယ်မရသေးဟု မိသားစုဝင်များက Myanmar Now ကိုပြောသည်။

ပြီးခဲ့သည့် သြဂုတ်လကလည်း ပညာရေးဝန်ထမ်း (၂) ဦး ဖမ်းဆီးခံခဲ့ရသည့်အတွက် ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။

အလယ်တန်းပြဆရာ ကိုကျော်ဆန်းနိုင်နှင့် ကျောင်းစာရေး ကိုနေဇော်ထွန်းတို့ကို အငူမော်ရဲကင်းစခန်းတွင် ဖမ်းဆီးထားခဲ့ပြီး မောင်တောမြို့ပေါ်ရှိ ရဲစခန်းသို့ ပြောင်းရွှေ့ချုပ်ထားသည်ဟု သိရသဖြင့် တွေ့ခွင့်ရရန် ကြိုးစားနေသည်ဟု ကျောင်းဆရာကိုကျော်ဆန်းနိုင်၏ အစ်ကို ကိုအောင်နိုင်က ပြောသည်။

“ထူးခြားမှုတော့ မရှိဘူး၊ မနေ့ညက အင်းဒင် (ရဲစခန်း) မှာဆိုပြီး လိုက်လာတယ်။ အဲ့ဒီမှာလည်း မတွေ့ရဘူး။ အင်းဒင်ကနေ မောင်တောလို့ပြောလို့ လိုက်လာတယ်၊ ခုထိ မတွေ့ရသေးဘူး” ကိုအောင်နိုင်က ဆိုသည်။

ကုန်တန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဌေး၏ အဆိုအရ အငူမော်ကုန်တန်းကျေးရွာအတွင်းသို့ ရဲတပ်ဖွဲ့နှင့်အတူ တပ်မတော်၊ လဝက ပူးပေါင်းအဖွဲ့များ ရောက်လာခဲ့ပြီး တစ်ရွာလုံးရှိ လူများအားလုံးကို ကျေးရွာဘုန်းကြီးကျောင်းသို့ ခေါ်ကာ အိမ်ထောင်စု စာရင်းများ စစ်ဆေးခဲ့သည်ဟု ဆိုသည်။ ထို့နောက် ကျောင်းဆရာနှစ်ဦး၏ ဖုန်းများကို စခန်းမှူးက စစ်ဆေးခဲ့ပြီး ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဖမ်းတာကတော့ ဖုန်းကိုစစ်ဆေးပြီး ဖမ်းသွားတာ။ ဘာကြောင့် ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး။ အခုက မောင်တော့ရဲစခန်းကို ရောက်နေတယ်။ ရဲသားကိုမေးတော့ ခဏလောက် တွေ့လို့ရမလားဆိုတော့ မရဘူးတဲ့” ဟု အုပ်ချုပ်ရေးမှူး ဦးအောင်မင်းဌေးက ပြောသည်။

ပညာရေးဝန်ထမ်းများဖြစ်သည့်အတွက် ပညာရေးဌာနထံ သတင်းပို့ရန်လိုပြီး ခေတ္တထိန်းသိမ်းခံရလျှင်လည်း သတင်းပို့ရန်လိုသည်ဟု မြို့နယ်ပညာရေးမှူးဦးကျော်မြက ဆိုသည်။

“ပညာရေးဝန်ထမ်းမှ မဟုတ်ဘူး၊ နိုင်ငံ့ဝန်ထမ်းဥပဒေမှာတော့ ဝန်ထမ်းတစ်ယောက် ဌာနမှာမရှိဘူးဆိုရင်၊ တရားစွဲဆိုခံရတယ်ဆိုရင် အဲ့ဒီနေ့ကစပြီး ကျွန်တော်တို့က သူ့ကို လစာထက်ဝက်ပဲ ပေးရမယ်။ တစ်နှစ်ကျော်လာရင် လစာရဲ့ ငါးပုံတစ်ပုံပဲ ပေးရမယ်။ ခုတော့ ဖမ်းတယ်လို့လည်း သတင်းမရဘူး။ လူပျောက်လို ဖြစ်နေတယ်လေ” ဟု မြို့နယ်ပညာရေးမှူး ဦးကျော်မြက ဆိုသည်။

အ-လ-က အငူမော်ကုန်တန်းစာသင်ကျောင်းမှ ဝန်ထမ်းနှစ်ဦး ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူးကို ဒီဇင်ဘာ ၄ ရက်တွင် တင်ပြထားသော်လည်း ယနေ့အချိန်ထိ တုံ့ပြန်မှုတစ်စုံတစ်ရာ မကြားသိရသေးကြောင်း ဦးကျော်မြက ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး အငူမော်ရဲစခန်းမှူးထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဝန်ထမ်းဖြစ်၍ အထက်ခွင့်ပြုချက်မရလျှင် ဖြေကြားခွင့်မရှိဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်က ဘူးသီးတောင်မြို့နယ်ရှိ ကြာညိုပြင်ကျေးရွာနှင့် ကျောက်ရံကျေးရွာမှ ကျောင်းဆရာနှစ်ဦးကို AA နှင့်အဆက်အသွယ်ရှိသည်ဟု ဆိုပြီး အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည်။ အချုပ်ဖြင့် ၄ လကြာ တရားရင်ဆိုင်ပြီးနောက် မှားယွင်းစွာတရားစွဲဆိုမှုဟုဆိုကာ ဒီဇင်ဘာ ၃ ရက်တွင် ကျောင်းဆရာတစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့သည်။

Show More

Related Articles

Back to top button