သတင်း

ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်အဖွဲ့ မောင်တောဒေသခံများနှင့် တွေ့ဆုံ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာဘာဂီနာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့ အထွေထွေအုပ်ချုပ်ရေးရုံးတွင် ယနေ့ နံနက်ပိုင်းက ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကို တွေ့ဆုံခဲ့သည်။

ကုလအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်အဖွဲ့သည် မောင်တောမြို့အနီးရှိ ရွှေဇားကျေးရွာတွင် နေထိုင်ကြသည့် အဆိုပါဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး ၂၀၁၇ ခုနှစ် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကျေးရွာအတွင်း ဘာသာမတူသူ၊ လူမျိုးမတူသူများ အတူယှဉ်တွဲနေထိုင်ရာတွင် အဆင်ပြေမှု ရှိ၊မရှိ မေးမြန်းခဲ့သည်ဟု မောင်တာခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများနှင့်လည်း​ သီးသန့်တွေ့ဆုံခဲ့သည်ဟု ၎င်းက ပြောသည်။

“ပြန်ဝင်လာတဲ့အဖွဲ့တွေနဲ့ မေးတော့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြန်လည်ဝင်ရောက်ရေးအတွက် အလုပ်မလုပ်ဘူးပေါ့ ဆိုပြီးတော့ ဝိုင်းတင်ပြကြတာပဲလေ။ ပြန်လည်ဝင်ရောက်မယ့် လူတွေအတွက်တော့ ဘင်္ဂလားဒေ့ရှ်ကိုတော့ တွန်းအားပေးနိုင်မယ့်လို့။ နှစ်နိုင်ငံ သဘောတူညီရေးအတွက် ဆောင်ရွက်ဖို့ဆိုပြီး ပြောလိမ့်မယ်လို့တော့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

အသက် ၃၅ နှစ်အရွယ်ရှိ မာမွတ်ရှော်ဘီက အစိုးရက ခေါ်သဖြင့် ကိုယ်စားလှယ်အဖွဲ့ဖြင့် လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၎င်းအပါအဝင် အစ္စလာမ်ဘာသာဝင် အမျိုးသား ၁၀ဦး၊ အမျိုးသမီး ၁၀ ဦး သွားရောက်တွေ့ဆုံခဲ့သည်ဟု ပြောသည်။

၎င်းတို့မှာ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ပဋိပက္ခတွင် မောင်တောမြို့အနီးရှိ ဥဒေါင်းကျေးရွာ ဖျက်ဆီးခံခဲ့ရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံခဲ့ရာ ယခုနှစ် စက်တင်ဘာလတွင် ပြန်လည်ရောက်ရှိလာသူများ ဖြစ်သည်။

၎င်းမှာ ယခင်က ဥဒေါင်းကျေးရွာ၏ ကျေးရွာလူကြီးလည်းဖြစ်ပြီး ထိုအချက်ကြောင့်ပင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင် ခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ၎င်းက ပြောသည်။

ကျွန်တော်တို့က ဒီမှာ အုပ်ချုပ်တဲ့သူတွေ ဖြစ်နေတာဆိုတော့ အမျိုးမျိုးကို နှိပ်စက်ခံခဲ့ရတယ်ဆိုတော့ ကျွန်တော်တို့လည်း ကိုယ့်ဟာကိုယ်စိုးရိမ်ပြီးတော့ ဒီကိုရောက်လာတာပါ။ ကလေးတွေရဲ့ပညာရေး အမျိုးမျိုးစဉ်းစားပြီးတော့ ကျွန်တော်တို့ ပြန်ဝင်လာကြတာပါ” ဟု ၎င်းက ပြောသည်။

၂၀၁၇ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် မောင်မော်အေးတို့မိသားစု မူလနေထိုင်ရာ ဘူးသီးတောင်မြို့နယ်ရှိ တောင်ပဇားကျေးရွာ ဖျက်ဆီးခံခဲ့ရပြီး ရွှေဇားကျေးရွာအုပ်စု၊ အောင်ဗလကျေးရွာသို့ အစိုးရက ပြောင်းရွှေ့နေရာချပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ရခိုင်ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူ ရခိုင်ဒေသနေ အစ္စလာမ်ဘာသာဝင် ၄၀၀ နီးပါး မြန်မာပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

ထိုသို့ပြန်လည်ဝင်ရောက်လာသူများမှာ ကိုယ့်သဘောနှင့်ကိုယ် ပြန်ဝင်လာသူများဖြစ်၍ ပြန်လည်လက်ခံရေးစခန်းတွင် မထားရှိဘဲ သွားလိုသည့် နီးစပ်ရာဆွေမျိုးများထံသို့ ပို့ဆောင်ပေးသည်ဟု ယခုလဆန်းပိုင်း BBC သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယင်းအပြင် ကုလအထွေထွေ အတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်အဖွဲ့မှာ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သလို နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံခဲ့သည်။

“ရိုဟင်ဂျာ” ဆိုသော အမည်ကို အသိအမှတ်ပြုခံရရေး တောင်းဆိုနေကြသည့် ရခိုင်မြောက်ပိုင်းရှိ အစ္စလာမ်ဘာသာဝင်အများအပြား ၂၀၁၇ ခုနှစ်က တပ်မတော်၏နယ်မြေရှင်းလင်းရေးအတွင်း သိန်းနှင့်ချီကာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်အပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် နိုင်ငံတကာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက စွပ်စွဲထားပြီး အာဖရိကတိုက်မှ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး၌ နိုဝင်ဘာလ ၁၁ ရက်နေ့က အမှုဖွင့်ရာ တရားရုံးက လက်ခံထားသည်။

အလားတူ အာဂျင်တီးနားနိုင်ငံတရားရုံး၌လည်း မြန်မာအစိုးရခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များကို နိုဝင်ဘာလ ၁၃ ရက်နေ့က အမှုဖွင့်ထားသည်။

Show More

Related Articles

Back to top button