
ကမ္ဘာ့ဘဏ်၏အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (International Finance Corporation) ၏ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်နေသည့် မှော်ဘီမြို့နယ်မှ မြန်မာ့ဩဘာလုပ်ငန်းစုပိုင် စိုက်ပျိုးရေးသွင်းအားစုစက်ရုံ ပြောင်းရွှေ့ပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။
မြန်မာ့သြဘာလုပ်ငန်းစု၏ မှော်ဘီစိုက်ပျိုးရေးသွင်းအားစု ထုတ်လုပ်ရေးစက်ရုံသည် မြန်မာနိုင်ငံ၏အကြီးဆုံး စိုက်ပျိုးရေးသွင်းအားစုလုပ်ငန်းဖြစ်သည်ဟု ကြော်ငြာထားပြီး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အပင်ဟော်မုန်းဆေး၊ ဓာတ်မြေသြဇာအပါအဝင် ဆေးအမျိုးပေါင်း ၂၀၀ ကျော်ကို ထုတ်လုပ်လျက်ရှိသည်။
မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာအနီးရှိ မြေ ၁၂၆ ဧကပေါ်တွင် ဆောက်လုပ်ထားသည့် အဆိုပါစက်ရုံမှ စွန့်ပစ်ရေများကြောင့် စက်ရုံအနီးရှိ စပါးကြီးချောင်းနှင့် အနီးပတ်ဝန်းကျင်မှ တွင်းရေများသည် ရေအရောင်ပြောင်းခြင်း၊ အနံ့ထွက်ခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်ဟု ဝါးနက်ချောင်းကျေးရွာမှ ဦးမြင့်သိန်းက ပြောသည်။
“စပါးကြီးချောင်းက ဘယ်လောက်တောင်ဆိုးသလဲဆိုရင် အဲဒီကရေကို ကျွဲ၊ နွားတောင် မသောက်တော့ဘူး၊ အပင်တွေ လောင်းရင်လည်း အပင်တွေသေတာမျိုးဖြစ်တယ်” ဟု
ရန်ကုန်မြို့တွင် ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောသည်။
ပိုးသတ်ဆေးစက်ရုံ၏ ငါးမိုင်ပတ်လည်အတွင်းတွင် ကျေးရွာပေါင်း ၁၁ ရွာရှိပြီး လူဦးရေ နှစ်သောင်းကျော် နေထိုင်သည့်အတွက် အဆိုပါစွန့်ပစ်ရေများကြောင့် ထိခိုက်မည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ပြောဆိုသည်။
မြန်မာ့သြဘာလုပ်ငန်းစုဘက်ကမူ ထိုစွပ်စွဲချက်များကို ပယ်ချလိုက်ပြီး ကုမ္ပဏီအနေဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နေသည်ဟု Myanmar Now ကို ပြောသည်။
“သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် မထိခိုက်အောင်လို့၊ အစိုးရက ချမှတ်ထားတဲ့ guideline (လမ်းညွှန်ချက်)တွေနဲ့ ဝင်အောင်လို့၊ ရေဆိုးသန့်စင်တဲ့ စက်ရုံတွေထားပြီး စနစ်တကျ လုပ်နေပါတယ်။ ဒေသခံတွေနဲ့ပတ်သက်ပြီးတော့ စိတ်ပူတာမျိုးမရှိအောင် နှစ်စဉ် အဆက်မပြတ် ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်မှုတွေရှိတယ်” ဟု
အဆိုပါလုပ်ငန်းစု၏ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဒါရိုက်တာ ဦးညီညီကျော်လွင်ဦးက တုံ့ပြန်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဒေသခံများက အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့ (IFC) ၏ တိုင်ကြားရေးယန္တရားဖြစ်သည့် လိုက်နာရေးအကြံပေးအရာရှိထံ ၂၀၁၇ တွင် တိုင်ကြားခဲ့သလို သက်ဆိုင်ရာအစိုးရဌာနများသို့ နှစ်နှစ်အတွင်း ခြောက်ကြိမ် တိုင်ကြားခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း ရွာသားများက ပြောသည်။
ယင်းစက်ရုံတွင် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းက အမေရိကန်ဒေါ်လာ ၁၀ သန်း ထောက်ပံ့ထားသည်။
အဆိုပါ အငြင်းပွားမှုဖြစ်စဉ်ပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ Myanmar Now သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုချက်များ မရသေးပါ။ သို့သော် အသေးစိတ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ပြီး ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များနှင့်အတူ အပြည့်အစုံကို ဆက်လက်ဖော်ပြသွားပါမည်။
ပြင်ဆင်ချက်
ကနဦးသတင်းတွင် စက်ရုံတွင် “….. ရေဆိုးသန့်စင်တဲ့ စက်ရုံတွေထားဖို့ စနစ်တကျ လုပ်နေပါတယ်…” ဟု ရေးသားထားခဲ့ပါသည်။ သို့သော်စက်ရုံဘက်က ရေဆိုးသန့်စင်စက်ရုံများ စနစ်တကျလုပ်ဆောင်ထားသည်ဟု ပြောဆိုခဲ့သည့်အတွက် “….. ရေဆိုးသန့်စင်တဲ့ စက်ရုံတွေထားပြီး စနစ်တကျ လုပ်နေပါတယ်…” ဟု ပြန်လည်ပြင်ဆင်ထားပါသည်။