အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသော ရခိုင်အသင်း (စင်ကာပူ) မှ ကိုအောင်မြတ်ကျော်ပါ ၈ ဦးအမှုတွင် စွပ်စွဲခံရသူများဘက်မှ သက်သေအဖြစ် တင်သွင်းခဲ့သည့် “မြောက်ဦးစစ်တမ်း” စာအုပ်ကို တရားရုံးက သက်သေအဖြစ် လက်ခံ၊ မခံ အောက်တိုဘာလကုန်တွင် အမိန့်ချမည်ဟု အနောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုခံထားရသည့် ကိုအောင်မြတ်ကျော်ပါ ၈ ဦးအမှုကို အနောက်ပိုင်းခရိုင်တရားရုံးတွင် ယနေ့စစ်ဆေးရာ စွပ်စွဲခံရသူများဘက်မှ ရှေ့နေဦးအောင်ကျော်စိန်က သက်သေ ၄ ခု တင်သွင်းခဲ့ပြီး တစ်ခုမှာ မြောက်ဦးစစ်တမ်းစာအုပ် ဖြစ်သည်။
တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုး ရေးသားသည့် မြောက်ဦးစစ်တမ်းစာအုပ်မှာ ရခိုင်အမျိုးသားအစည်းအရုံး/ရက္ခိုင့်တပ်တော် (ULA/AA) ဖြစ်ပေါ်လာပုံသမိုင်းများပါဝင်ပြီး အမျိုးသားစာပေဆုကို နိုင်ငံရေးစာပေဆုကဏ္ဍအတွက် ရထားသည့် စာအုပ်ဖြစ်သောကြောင့် အမှုအတွက် အရေးကြီးသည်ဟု ယူဆသည့်အတွက် တင်သွင်းခြင်းဖြစ်ကြောင်း ကိုအောင်မြတ်ကျော်၏ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။
ထို့အပြင် သက်သေခံဥပဒေ ၅၇ တွင် အများပြည်သူနှင့် သက်ဆိုင်သည့် စာအုပ်စာတမ်းများကို တရားရုံးက ကိုးကားကြည့်ရှု့နိုင်ရန်အတွက် သက်သေခံတင်သွင်းနိုင်ကြောင်း ဖော်ပြထားသည့်အတွက် သက်သေခံဥပဒေနှင့်လည်း ကိုက်ညီသည်ဟု ၎င်းက ဆက်လက်ပြောသည်။
သို့သော်လည်း မြောက်ဦးစစ်တမ်းစာအုပ်မှာ ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် မပါရှိဟုဆိုကာ တရားလိုဘက်မှ ကန့်ကွက်ခဲ့သည်။
“သူက သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ဝေတယ်ဆိုတဲ့ အထောက်အထားမရှိဘူး” ဟု
တရားလိုဘက်မှ ဥပဒေအရာရှိ ဦးဝင်းထွဋ်က ယနေ့ ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောသည်။
ရက္ခိုင့်တပ်တော်AA ကို ရန်ပုံငွေ ရှာဖွေပေးနေသည်ဟုဆိုကာ ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ရခိုင်အသင်း(စင်ကာပူ) အဖွဲ့ဝင်များဖြစ်သူ ကိုအောင်မြတ်ကျော်ပါ ၈ ဦးတို့ကို စင်ကာပူရှိ ၎င်းတို့၏ နေအိမ်အသီးသီးတွင် စင်ကာပူ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲများက ဝင်ရောက်ဖမ်းဆီးလိုက်ပြီး ပြည်နှင်ဒဏ်ပေးလိုက်သည်။
ရန်ကုန်ပြန်ရောက်လာသည့် ၎င်းတို့ကို မြန်မာရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးလိုက်ပြီး ရန်ကုန်တိုင်းသတင်းရဲတပ်ဖွဲ့မှ ရဲမှူးတင့်ရွှေက တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က) တို့ဖြင့် တရားစွဲဆိုခဲ့သည်။
ထို့အပြင် ဖမ်းဆီးခံထားရသူများကို စစ်မေးပြီးနောက် အောင်မျိုးဝင်း အမည်ရှိသူတစ်ဦးကို ထပ်မံဖမ်းဆီးလိုက်ပြီး တရားလိုအဖြစ် ရဲမှူးတင့်ရွှေကပင် ၎င်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် သီးခြား ထပ်မံတရားစွဲဆိုခဲ့သည်။
ကိုအောင်မျိုးဝင်း၏ အမှုအတွက် အနောက်ပိုင်းခရိုင်တရားရုံး၌ ယမန်နေ့ အောက်တိုဘာ ၂၄ ရက် ရုံးချိန်းတွင် စွပ်စွဲခံရသူဘက်မှ မြောက်ဦးစစ်တမ်းစာအုပ်ကိုပင် သက်သေအဖြစ် တင်သွင်းခဲ့ရာတွင်လည်း တရားလိုဘက်က ကန့်ကွက်ခဲ့သည်။
မြောက်ဦးစစ်တမ်းစာအုပ်ကို ရေးသားသူ ဦးမောင်မောင်စိုးက ယင်းစာအုပ်သည် ရခိုင်ပြည်နယ်၏ မြို့ပေါ်နိုင်ငံရေးလှုပ်ရှားမှုနှင့် လက်နက်ကိုင်နိုင်ငံရေးလှုပ်ရှားမှုများအကြောင်းကို ယနေ့နောက်ဆုံးအခြေအနေအထိ ရေးသားထားသော စာအုပ်ဖြစ်ပြီး သက်ဆိုင်ရာက အသိအမှတ်ပြုထားသည့် စာအုပ်ဖြစ်ကြောင်း ဆိုသည်။
“အဲဒီစာအုပ်က ပြန်ကြားရေးဝန်ကြီးဌာနက အမျိုးသားစာပေဆုနဲ့ နိုင်ငံရေးစာပေဆု ပေးထားတဲ့ စာအုပ်ပါ။ တရားမဝင်ထုတ်ထားတဲ့ စာအုပ် မဟုတ်ပါဘူး” ဟု ဦးမောင်မောင်စိုး ပြောသည်။
တရားရုံးတွင် သက်သေအဖြစ် တင်သွင်းမှုကိုတော့ တစ်စုံတစ်ရာ မှတ်ချက်မပေးလိုကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကိုအောင်မြတ်ကျော်ပါ ၈ ဦးအမှုနှင့် ပတ်သက်ပြီး ၁၁ ကြိမ်မြောက် ယနေ့ရုံးချိန်းတွင် တရားလို ရဲမှူးတင့်ရွှေကို နှစ်ဖက်ရှေ့နေများက အပြန်အလှန်စစ်မေးခဲ့ကြပြီး နောက်တစ်ကြိမ်ရုံးချိန်းကို နိုဝင်ဘာ ၁ ရက်နေ့သို့ ချိန်းဆိုထားသည်။