ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်တွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)တို့၏ တိုက်ပွဲများ ရပ်သွားပြီဖြစ်၍ စစ်ရှောင်များ နေရပ်ပြန်နေကြပြီ ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ထွန်းက ဆိုသည်။
“အခုက အိမ်ထောင်ဦးစီးတွေ စပြန်နေပြီ။ မနက်ဖြန်လောက်ဆို အားလုံး ပြီးသွားမယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် တပ်မတော်နှင့် TNLA တို့ ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများကြောင့် ကျေးရွာ ၈ ရွာခန့်မှ ဒေသခံ ၂၀၀၀ ကျော်မှာ နမ့်ဆန်မြို့ ဇယန်းကြီး၊ ကရားကြီး၊ နောက်ကင်းနှင့် ကရားလမ်းကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းများသို့ တိမ်းရှောင်ခဲ့ရသည်။
နောက်ဆုံးစာရင်းအရ စစ်ဘေးရှောင်ဦးရေမှာ ယနေ့အထိ ၂၁၇၉ ဦး ရှိပြီဖြစ်ပြီး ဇယန်းကြီးကျောင်းတွင် ၁၁၂၈ ဦး၊ ကရားကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၂၂၇ ဦး၊ ပန်စရီကျောင်းတွင် ၁၅၉ ဦး၊ ပန်စမိန်း အ.မ.က ကျောင်းတွင် ၃၅၇ ဦး နှင့် ကရားလမ်းကျေးရွာ ၇၄ မိုင် တွင် ၃၀၈ ဦး တို့ဖြစ်ကြောင်း တိုက်ပွဲရှောင်များ နေရာချထားရေးကော်မတီ အတွင်းရေးမှူး ဦးစောလွင်က ဆိုသည်။
“မနေ့က ဒေသဦးစီး ဥက္ကဋ္ဌက ဒီနေ့တော့ အေးချမ်းသွားပြီလို့ လာပြောတယ်။ အဲ့ဒါနဲ့ ဒီထဲက(စစ်ရှောင်) တချို့တစ်ဝက်က သူတို့အိမ်ပြန်ပြီး အိမ်အခြေအနေ သွားလေ့လာကြတယ်။ ဒီနေ့တော့ အေးအေးချမ်းချမ်း ရှိသွားတဲ့အခါကျတော့ မနက်ဖြန်မနက် သူတို့ပြန်ကြမယ်။ စခန်းလည်းသိမ်းမယ်” ဟု ယနေ့ နေ့လယ်က ပြောသည်။
လက်ရှိထောက်ပံ့ပေးနေသည့် လူမှုရေးအသင်းများနှင့် နာရေးကူညီမှုအသင်းမှ ကားများဖြင့် နေရပ်ပြန်သူများကို ကူညီပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၄င်းကပြောသည်။
နမ့်ဆန်မြို့ရှိ တောင်ရိုးစေတီကုန်းပေါ်တွင် TNLA တပ်များက လာရောက်တပ်စွဲနေခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း တပ်မတော်က မီဒီယာများကို ပြောကြားထားသလို တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် ပြန်လည်ခုခံရခြင်းဖြစ်ကြောင်းလည်း TNLA က ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖြစ်သော TNLA၊ AA နှင့် MNDAA တို့က ပြင်ဦးလွင်နှင့် နောင်ချိုမြို့တို့ရှိ နေရာငါးနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားခဲ့သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်နှင့် မြောက်ပိုင်းလေးဖွဲ့ဖြစ်သော ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ ယခုလ ၁၇ ရက်နေ့တွင် ကျိုင်းတုံမြို့၌ ထပ်မံ တွေ့ဆုံခဲ့ကြသည်။