မေးမြန်းခန်း

တိုက်ပွဲများကြောင့်အထိနာခဲ့သည့် မြန်မာ – တရုတ် ကုန်သွယ်ရေး

သြဂုတ် ၁၅ ရက်က တအာင်း၊ ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင် ဖွဲ့က ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့က နေရာ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုတွင် မန္တလေးမှ မူဆယ်သို့ ဆက်သွယ်ရာ ကုန်သွယ်ရေးလမ်းကြောင်း၏ အဓိကကျသည့် ဂုတ်တွင်းတံတားကို မိုင်းခွဲခဲ့သလို ကွတ်ခိုင်နှင့် မူဆယ်ကြား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေသောကြောင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ကားစီးရေ ၃၀၀ ကျော် သောင်တင်နေခဲ့သည်။

ကုန်သွယ်မှုရပ်တန့်သွားသည့်အတွက် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၏ ဆုံးရှုံးမှုပမာဏမှာ များပြားခဲ့သည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ မူဆယ်နယ်စပ်ကုန်သွယ်ရေးအသင်း၏ တွဲဖက်အထွေထွေအတွင်းရေးမှူး() ဦးဝင်းအောင်ခန့်ကို Myanmar Now က မူဆယ်ရှိ ၎င်း၏ရုံးခန်းတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်။

မေး။ တိုက်ပွဲတွေဖြစ်တော့ နယ်စပ်ကုန်သွယ်ရေးမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေလဲ။

ဖြေ၊ ၁၅ ရက်နေ့နောက်ပိုင်း တိုက်ပွဲဖြစ်ပြီးကတည်းက ကုန်သွယ်မှုတွေက ရပ်တန့်သွားတယ်။ ဂုတ်တွင်းတံတား ဖျက်ဆီးခံရတယ်။ ၂၀၊ ၂၁ ရက်မှာ ပြန်ဖြတ်လို့ရတယ်။ ဒါပေမဲ့ တံတားပြီးသွားပေမဲ့လဲ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ ခိုမုံး အဲဒီလမ်းကြောင်းတစ်လျှောက်မှာ ဖြတ်သန်းသွားလာလို့မရဘူး။ ကွတ်ခိုင်မှာကျတော့လည်း တပ်မတော်က လုံခြုံရေးအရ ပေးမဖြတ်ဘူး။ ကားတွေကို အဲဒီမှာ တားထားတယ်။ ခိုမုံးမှာကျတော့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေက လမ်းကြောင်းဖြတ်တောက်ထားတယ်၊ သွားလို့မရဘူး။ ဆိုတော့ လက်ရှိအချိန်မှာတော့ ကုန်သွယ်ရေးက လုံးဝ ရပ်တန့်သွားပြီ။ ယခင်ကပေါ့ ပြဿနာမဖြစ်ခင် ရှေ့ပိုင်းမှာဆိုရင် ၁၀၅ မိုင်ရဲ့ စီးပွား/ကူးသန်းမှာ Trade Volume (ကုန်သွယ်မှုပမာဏ) က (တစ်ရက်ကို) အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ကျော်လောက် ရှိတာပေါ့။ ၁၅ ရက် နောက်ပိုင်းမှာတော့ ကုန်သွယ်မှုက ဒေါ်လာ သန်းတောင် မပြည့်တော့ပါဘူး။ ဆိုတော့ ကုန်သွယ်မှုက လုံးဝကို ရပ်တန့်သွားပြီ။ အဲဒီအတွက်ကြောင့် ဒီဘက်မှာက အများကြီး အခက်အခဲဖြစ်တာပေါ့။ ရက်ကြာလာတာနဲ့အမျှ မူဆယ်ဘက်မှာလည်း အခြေခံစားသောက်ကုန်လေးတွေ ကုန်ဈေးနှုန်းတက်လာမယ့် အရိပ်အယောင်တွေလည်း မြင်နေရပါတယ်။

မေး။ ယခင်ကလည်း မူဆယ်ဘက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ဖူးပေမဲ့ အခုလောက် မကြာခဲ့ဘူးပေါ့။ အခုအခြေအနေက အရင်အခေါက်တွေထက် အခြေအနေ ပိုဆိုးလာနိုင်လား။

ဖြေ။ ပြောရခက်တယ်ဗျာ။ ၂၀၁၆ တုန်းကလည်း ၁၀၅ မိုင်ကိုဝင်ပြီးတော့ ပစ်တာပဲ၊ မကြာဘူး နာရီပိုင်းပဲ။ ပစ်ခတ်ပြီးတော့ ဆုတ်ခွာသွားကြတဲ့အတွက် အခြေအနေက ဒီလောက်ဆိုးဆိုးဝါးဝါး မဖြစ်ဘူးပေါ့။ ဒါပေမယ့် ၂၀၁၆ တုန်းကလည်း ကားတွေ မီးရှို့ခံရတာရှိပါတယ်။ ၂၀၁၈ တုန်းကတော့ မူဆယ်မြို့ထဲမှာ မန်ဝိန်းဘက်မှာ ပစ်ခတ်မှု ဖြစ်သွားပါတယ်။ အဲဒါလည်း နာရီပိုင်းပါပဲ။ ပစ်ခတ်ပြီးတော့ သူတို့ဆုတ်သွားတယ်။ နောက်ပိုင်းမှာလည်း အခြေအနေက ဒီလိုဆိုးဆိုးဝါးဝါး မဖြစ်ဘူး။ အခုဖြစ်သွားတဲ့ ၁၅ ရက်နေ့ ဖြစ်စဉ်ကတော့ တော်တော်ဆိုးတယ်ဗျ။ ၁၅ ရက်နေ့ကနေ ဒီနေ့အထိ ၁၁ ရက်လောက်ရှိပြီ။ ဆိုတော့ ကျွန်တော်တို့ ဖြတ်သန်းသွားလာလို့လည်း မရဘူး။ ပြီးတော့ ကုန်သွယ်မှုလည်း လုံးဝလုပ်လို့မရဘူး။ ပုပ်သိုးလွယ်တဲ့ ပစ္စည်းတွေပေါ့၊ ဥပမာ ဂဏန်း၊ ငရှဉ့်ဆိုရင် လုံးဝပျက်စီးသွားပြီ။ နောက် ဒီဘက်ကနေသွားတဲ့အထဲမှာ သစ်သီးတွေလည်းရှိတယ်။ ဒါတွေလည်း မန္တလေးရောက်ရင် ပျက်စီးမယ့်အလားအလာ အများကြီးရှိတယ်။ နောက်ပြီးတော့ အရေးပေါ်ကိစ္စတွေမှာ လူနာတွေ သွားသယ်တာတွေဘာတွေလည်း လုပ်လို့မရဘူး။ ဆိုတော့ ဒီတစ်ခေါက်ကတော့ တော်တော်ဆိုးတယ်။ နောက်ဒါမျိုးဖြစ်နိုင်လားဆိုတာတော့ ကျွန်တော် မပြောနိုင်ဘူး။ တရားဥပဒေဆိုးမိုးမှုအပေါ်မှာပဲ မူတည်တယ်။

မေး။ တရုတ်ကုန်သည်တွေဘက်က ဒီဘက်ကို လှမ်းဆက်သွယ်တာတွေ၊ တောင်းဆိုတာတွေရှိလား။

ဖြေ။ ကျွန်တော် သိရသလောက်ဆိုရင်တော့ တရုတ်ကုန်သည်တွေဘက်က ဒီဘက်ကို လှမ်းဆက်သွယ်ပေးတာတော့ မရှိသေးပါဘူး။ သူတို့လည်း အခက်အခဲဖြစ်နေတယ်။ သူတို့ပစ္စည်းတွေ မပို့ရတဲ့အတွက် ဒီဖြစ်စဉ်ကြောင့် သူတို့လည်း အခက်အခဲ အများကြီး ဖြစ်တယ်။

မေး။ အဓိက ဘယ်သူတွေနဲ့ ဘယ်ကုန်ပစ္စည်းတွေကို ထိခိုက်တာလဲ။

ဖြေ။ အကုန်ထိခိုက်တာ။ ဒီလမ်းကြောင်းကြီး ပိတ်သွားပြီးကတည်းက ဒီလမ်းကြောင်းနဲ့ ပတ်သက်၊ ဆက်စပ်သူမှန်သမျှ အကုန်ထိခိုက်တာ။ နောက်ဆုံး ဘယ်လောက်အထိ ထိခိုက်သလဲဆိုရင် နေ့စား ကုန်တင်၊ကုန်ချလုပ်တဲ့ အလုပ်သမားတွေကအစ စားဝတ်နေရေး အများကြီး ထိခိုက်တယ်။ သူတို့ ကုန်တင်ကုန်ချအလုပ် မရှိတော့ဘူးလေ။ နေ့စား အခြေခံလူထုကအစ အများကြီး ထိခိုက်ပါတယ်။ တစ်ဦးတစ်ယောက်တည်းရယ်လို့ မဟုတ်ပါဘူး။ အများကြီး ထိခိုက်ပါတယ်။

မေး။ ဖြည့်စွက်ပြောချင်တာ ရှိပါသေးလား။

ဖြေ။ ကျွန်တော်တို့က သာမန်ပြည်သူတွေဖြစ်တဲ့အတွက် ဒီလိုဖြစ်စဉ်မျိုးကလည်း ကျွန်တော်တို့က မလိုလားဘူး။ နောက်လည်း မဖြစ်စေချင်ပါဘူး။ နှစ်ဖက်တိုက်ပွဲဖြစ်တဲ့အတွက် တပ်မတော်ဘက်က ကျဆုံးလည်း ကိုယ့်နိုင်ငံသားပါပဲ။ ကိုယ့်တိုင်းရင်းသားပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်ဘက်က ကျဆုံးလည်း ကိုယ့်နိုင်ငံသား၊ ကိုယ့်တိုင်းရင်းသားပါပဲ။ ဆိုတော့ ကျွန်တော်တို့ ကိုယ့်အချင်းချင်း ဖြစ်နေတာဖြစ်တဲ့အတွက် ဒီလိုဖြစ်စဉ်မျိုးကို မဖြစ်စေချင်ပါဘူး။ ပြည်ထောင်စုလမ်းမကြီး ဒီလိုမျိုး ရက်ကြာအောင်ပိတ်ထားခံရတဲ့ အနေအထားမျိုးကိုလည်း နောက်မဖြစ်စေချင်ပါဘူး။

Show More

Related Articles

Back to top button