သတင်း

KIA ကို တပ်မတော်က အမြစ်ပြတ်ချေမှုန်းပေးရန် တောင်းဆိုမှု KIAနှင့် ကချင်ပါတီတို့ကန့်ကွက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ဇွန်လ ၃ ရက် (တနင်္လာနေ့) မနက်ပိုင်းက လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)က ဦးဆောင်ပြီး ကချင်အမျိုးသား လွတ်မြောက်ရေးတပ် KIA/KIO အဖွဲ့ကို ဆန္ဒဖော်ထုတ်ရာတွင် အသုံးပြုခဲ့သည့် ကြွေးကြော်သံတစ်ချက်မှာ ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖည်နေသည်ဟုဆိုကာ KIA နှင့် နိုင်ငံရေးပါတီတစ်ခုတို့က ယနေ့ကန့်ကွက်လိုက်သည်။

ဆန္ဒပြရာတွင် “KIA/KIO သောင်းကျန်းသူအား တပ်မတော်မှ အမြစ်ပြတ်ချေမှုန်းပေး” ဆိုသည့် အချက်လည်း ပါဝင်နေပြီး အဆိုပါအချက်မှာ ပြင်းထန်သည့် အသုံးအနှုန်းဖြစ်ကြောင်း KIA/KIO အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကိုပြောသည်။

KIA/KIO အဖွဲ့က လီဆူလူမျိုးများအား ဖမ်းဆီး၊ သတ်ဖြတ်မှု နောက်ထပ်မပြုလုပ်ရန်၊ ပြုလုပ်ခဲ့သည့် ကိစ္စများအား ပြန်လည်တောင်းပန်ရန်၊ ဖမ်းဆီးသတ်ဖြတ်ခံရသူများအတွက် နစ်နာကြေးများပေးရန်နှင့် လီဆူလူမျိုးများကို လူသစ်စုဆောင်းမှုမပြုလုပ်နိုင်ရန်စသည့် အချက်များကိုလည်း ဇွန်လ ၃ ရက်နေ့ မနက် အစောပိုင်းက လီဆူလူမျိုးအများစုပါဝင်သည့် လူအင်အား ၁၀၀၀ ခန့်က ကချင်ပြည်နယ် မြို့တော်၌  ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

“သုံးနှုန်းတဲ့ ဝေါဟာရတွေက ငြိမ်းရေးဘက်ကို ဦးမတည်ဘဲနဲ့ ပြည်တွင်းစစ်ကို ဦးတည်စေချင်ရင်တော့ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့အပြင် အဆိုပါ တောင်းဆိုချက်မှာ ကချင်တိုင်းရင်းသားမျိုးနွယ်စု ၆ စု၏ တည်ငြိမ်မှုကို ပျက်ပြားစေနိုင်သည့်အတွက် ကန့်ကွက်ရှုတ်ချကြောင်း ကချင်အမျိုးသား ကွန်ဂယက်ပါတီ (KNC) ကလည်း သဘောထားတစ်စောင်ကို ယနေ့ထုတ်ပြန်လိုက်သည်။

ထို့အပြင် ဒူးလေးပါတီအနေဖြင့် အဆိုပါတောင်းဆိုချက်နှင့်ပတ်သက်၍ ကချင်ယဉ်ကျေးမှု ဗဟိုကော်မတီ သို့မဟုတ် ကချင်နိုင်ငံရေးအစုအဖွဲ့များအကြား အဆိုပါဆန္ဒပြပွဲနှင့်ပတ်သက်၍ ဆွေးနွေးပေးရန် တောင်းဆိုထားသည်။

အဆိုပါဆွေးနွေးပွဲကို တက်ရောက်ရန်အတွက် လတ်တလော အစီအစဉ်မရှိသေးကြောင်း ဒူးလေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။

တနင်္လာနေ့ မနက်ဆန္ဒပြပွဲတွင် လီဆူလူမျိုးများအပြင် ရှမ်းလူမျိုးများလည်း ဝင်ရောက်ပူးပေါင်းခဲ့ကြပြီး အဆိုပါ တောင်းဆိုချက် ဆိုင်းဘုတ်မှာ ရှမ်းလူမျိုးများ၏ ဆိုင်းဘုတ်ဖြစ်ကာ အဆိုပါဆိုင်းဘုတ်ကို လီဆူလူမျိုးများက ကိုင်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဦးရွှေမင်းက Myanmar Now ကိုပြောသည်။

“ကျွန်တော်တို့က ငြိမ်းစုစီတင်ထားတာဆိုတော့ ကျွန်တော်တို့ကတော့ တာဝန်ခံရမှာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

မတ်လ အစောပိုင်းက ဖားကန့်မြို့နယ် ဘန်ကောက်ကျေးရွာအနီးရှိ ရွှေမှော်တစ်ခုတွင်ရွှေတူးဖော်နေသည့် လီဆူတိုင်းရင်းသား လေးဦးကို KIA က ဖမ်းဆီးသွားပြီးနောက်တွင် လီဆူတိုင်းရင်းသား သုံးဦး သတ်ဖြတ်ခံခဲ့ရကြောင်းနှင့် ကျန်တစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ဒေသခံ လီဆူများက စွပ်စွဲထားသည်။

အဆိုပါဖြစ်စဉ်အတွက် KIA မှ စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားပြီး စစ်ဆေးချက်ရလဒ်များအရ ကျူးလွန်သူများကို အပြစ်ပေးအရေးယူမှုများဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KIA/KIO ဘက်ကပြောသည်။

၂၀၁၁ ခုနှစ် ဇွန်လတွင် တပ်မတော်နှင့် KIA တို့ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒေသခံ တိုင်းရင်းသား အတော်များများမှာ KIA တပ်သားသစ်များအဖြစ် စုဆောင်းခံခဲ့ရသည်။ အဆိုပါ တပ်သားသစ် စုဆောင်းမှုများနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်ရှိ လီဆူလူမျိုးများနှင့် ရှမ်းလူမျိုးများက မကြာခဏ ဆန္ဒ ဖော်ထုတ်လေ့ရှိသည်။

Show More

Related Articles

Back to top button