သတင်း

အင်းဒင်ရွာလူသတ်မှု ကျူးလွန်ခဲ့သူ တပ်မတော်သားများ ထောင်ဒဏ်တစ်နှစ်မပြည့်ခင် ပြန်လွတ်

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ တပ်မတော်၏ စစ်ဆင်ရေးများအတွင်း အသတ်ဖြတ် ခံခဲ့ရသည့် ရိုဟင်ဂျာ ၁၀ ဦးကိစ္စတွင် ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသည့် တပ်မတော်သား ခုနစ်ဦးကို စောစီးစွာ ပြန်လွှတ်ပေးလိုက်သည်ဟု အကျဉ်းထောင်အရာရှိ နှစ်ဦး၊ ၎င်းတို့နှင့် ထောင်အတွင်း ဆုံခဲ့ဖူးသူနှစ်ဦးနှင့် အဆိုပါတပ်မတော်သားများအနက်မှ တစ်ဦးတို့က ‘ရိုက်တာ’ ကိုပြောသည်။

အဆိုပါ တပ်မတော်သားများကို ပြီးခဲ့သည့် နိုဝင်ဘာလက လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ထောင်သား ဟောင်းနှစ်ဦးက ပြောသည်။ သို့ဆိုလျှင် အင်းဒင်ရွာ၌ သတ်ဖြတ်ခဲ့မှုအတွက် ချမှတ်ခဲ့သည့် ထောင်ဒဏ် ၁၀ နှစ်အနက် ၎င်းတို့ ပြစ်ဒဏ်ကျခံခဲ့ရသည်မှာ တစ်နှစ်ပင်မရှိဟု သဘောသက်ရောက်သည်။

၎င်းတို့သည် အဆိုပါ လူသတ်မှုကို ဖော်ထုတ်ခဲ့သည့် ရိုက်တာ သတင်းထောက်နှစ်ဦးထက်ပင် ထောင်ထဲမှာ နေခဲ့ရသည့်အချိန် ပိုနည်းပါးနေသည်။ သတင်းထောက် နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် နိုင်ငံတော်လျှို့ဝှက်ချက်များ ရယူသည်ဆိုသော စွဲချက်များဖြင့် အကျဉ်းထောင်ထဲတွင် ၁၆ လကျော် နေခဲ့ရပြီး မေလ ၆ ရက်နေ့က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်လာခဲ့သည်။

စစ်တွေမြို့အကျဉ်းထောင် ထောင်မှူးကြီး ဦးဝင်းနိုင်နှင့် နေပြည်တော်ရှိ အကျဉ်းဦးစီး အဆင့်မြင့် အရာရှိကြီးတစ်ဦးတို့ကလည်း အဆိုပါတပ်မတော်သားများအနေဖြင့် ထောင်ထဲမှာမရှိတော့သည်မှာ လအနည်းငယ်ရှိပြီဟု အတည်ပြုသည်။

“သူတို့ရဲ့ပြစ်ဒဏ်တွေကို တပ်မတော်ဘက်ကနေ လျှော့ပေါ့ပေးလိုက်တာပါ” ဟု နေပြည်တော်မှ အမည်မဖော်လိုသည့် အဆိုပါအဆင့်မြင့်အရာရှိက ပြောသည်။

အကျဉ်းဦးစီးအရာရှိနှစ်ဦးစလုံးက အသေးစိတ်ကို ပြောပြဖို့ငြင်းဆိုသည်။ ပြန်လွှတ်ပေးလိုက်သည့် ရက်အတိ အကျကိုမသိဟုလည်း ဆိုသည်။ ထိုသို့ပြန်လွှတ်လိုက်ခြင်းကိုလည်း တရားဝင်ထုတ်ပြန်ခြင်းမရှိပေ။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကတော့ မှတ်ချက်ပြုဖို့ ငြင်းဆန်ကြသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာမွတ်စလင် ၇၃၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် ဘက်သို့ထွက်ပြေးခဲ့ရသည်။ အပြစ်ပေးခံခဲ့ရသည့် စစ်ဘက်ဝန်ထမ်းဆို၍ အဆိုပါတပ်မတော်သား ခုနစ်ဦးသာ ရှိသည်ဟု တပ်မတော်၏အဆိုအရ သိရသည်။ စစ်ဆင်ရေးများအတွင်း လူအများအပြားသတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်းနှင့် လုယက်ဖောက်ထွင်းခြင်းတို့ကို ကျူးလွန်ခဲ့ကြပြီး “မျိုးသုဉ်းသတ်ဖြတ်လိုသော စိတ်ဆန္ဒ” ဖြင့် ဆောင်ရွက်ခဲ့သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက ဆိုထားသည်။

မြန်မာဘက်ကမူ အဆိုပါပြစ်မှုများ မကျူးလွန်ကြောင်း ငြင်းဆိုထားပြီး အင်းဒင်ရွာဖြစ်ရပ်တွင် အဆိုပါ တပ်မတော်သား ခုနစ်ဦးကို ထောင်ဒဏ်အပြစ်ပေးခဲ့ခြင်းအားဖြင့် မြန်မာ့တပ်မတော်သည် ပြစ်မှုကျူးလွန်မှု များကို မျက်ကွယ်ပြုထားခြင်းမဟုတ်ကြောင်း သက်သေပြခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ စုံစမ်းဖော်ထုတ်လို့ရနိုင်သမျှ ပြစ်မှုတိုင်းအတွက် အရေးယူခဲ့တယ်လို့ ပြောချင် ပါတယ်” ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အဆင့်မြင့်အရာရှိများကို ပြီးခဲ့သည့်နှစ် ဧပြီလက ပြောကြားသည်ဟု ၎င်း၏ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထို့ပြင် တပ်ချုပ်သည် အင်းဒင်ကိစ္စကို တသီးတခြားထုတ်ပြပြီး ဥပမာပေးခဲ့သည်။ “နောက်ဆုံး ကျူးလွန်တဲ့ ပြစ်မှုကတော့ လူသတ်မှုဖြစ်ပါတယ်။ ကျူးလွန်တဲ့သူ ခုနစ်ဦးကို ထောင်ဒဏ်ဆယ်နှစ်စီ ချမှတ်ခဲ့ပါတယ်။ ဘယ်သူမဆို ရာဇဝတ်မှုကျူးလွန်ရင် ကျွန်တော်တို့ ခွင့်မလွှတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ဇင်ပိုင်ဖြိုးအမည်ရှိ အမျိုးသားတစ်ဦးနှင့် တယ်လီဖုန်းရခဲ့ပြီး ၎င်းသည် ကျူးလွန်ခဲ့သည့် တပ်မတော်သား ခုနစ်ဦးအနက် တစ်ဦးဖြစ်ကြောင်းနှင့် သူ ယခု ထောင်မှ လွတ်လာပြီ ဖြစ်ကြောင်းပြောသည်။ သို့သော် ထပ်မံပြီးပြောဆိုဖို့ကိုတော့ ငြင်းဆိုသည်။ “ကျွန်တော်တို့ကို ဘာမှ ပြောခွင့်မပေးထားပါဘူး” ဟု ဆိုသည်။

ပြန်လွှတ်ပေးလိုက်သည့် တပ်မတော်သား ခုနစ်ဦးနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဆက်သွယ်သော်လည်း ဖုန်းဖြေကြားခြင်းမရှိပါ။

အဆိုပါ အပြစ်ပေးခံ တပ်မတော်သား ခုနစ်ဦးသည် အကျဉ်းသားများအကြားတွင် ထင်ရှားကြသည်ဟု စစ်တွေအကျဉ်းထောင်မှာ မကြာသေးမီက ကျခံခဲ့သည့် အမျိုးသားနှစ်ဦးက ‘ရိုက်တာ’ ကိုပြောသည်။

“ကျွန်တော်တို့က (အဲဒီစစ်သားခုနစ်ယောက်နဲ့) တိုက်တစ်တိုက်တည်းပဲ၊ အခန်းတော့မတူဘူး” ဟု ထိုနှစ်ဦးအနက်မှ တစ်ဦးဖြစ်သည့် ကိုအောင်သန်းဝေက ပြောသည်။ ၎င်းသည် စစ်တွေမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်ပြီး အစိုးရအရာရှိ တစ်ဦးကို ဝေဖန်ခဲ့သူဖြစ်သည်။ ၎င်းသည် ထိုအရာရှိ၏ပုံကို အွန်လိုင်းမှာ တင်လိုက်ပြီးနောက် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်ဥပဒေအရ တရားစွဲခံရကာ စစ်တွေထောင်၌ ခြောက်လနီးပါး ကျခံခဲ့ရသည်။

ကိုအောင်သန်းဝေသည် ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်တွေထောင်မှ ပြန်လွတ်လာခဲ့သည်။ အင်းဒင်လူသတ်မှုနှင့် ပတ်သက်ပြီး အလားတူ ထောင်ဒဏ်ချခံခဲ့ရသည့် ရခိုင်ရွာသားတစ်ဦးမှာမူ ထောင်မှပြန်မလွတ်သေးသဖြင့် အဆိုပါတပ်မတော်သားခုနစ်ဦး စောစီးစွာ ပြန်လွတ်လာသည့်ကိစ္စကို လူသိရှင်ကြား ပြောရန်ဆန္ဒရှိခဲ့သည်ဟု ဆိုသည်။ ပြန်မလွတ်သေးသည့် အဆိုပါ ရွာသားမှာ ကျောင်းဆရာ ကိုထွန်းအေး ဆိုသူဖြစ်ပြီး လူသတ်မှုဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရကာ ဘူးသီးထောင် အကျဉ်းထောင်တွင် ကျခံနေရသည်ဟု ၎င်း၏ရှေ့နေ ဦးခင်ဝင်းက ပြောသည်။

စစ်တွေထောင်၌ ပြစ်ဒဏ်ကျခံခဲ့ရသည့် အဆိုပါတပ်မတော်သားများသည် အခြားအကျဉ်းသားမရသည့် အခွင့်အရေးများဖြစ်သည့် ဘီယာ၊ စီးကရက် စသည်တို့ကို သောက်သုံးခွင့်ရသည်ဟု ကိုအောင်သန်းဝေက ပြောသည်။

ထို့ပြင် အဆိုပါတပ်မတော်သားများ ထောင်မှာရှိနေစဉ်အတွင်း တပ်ဘက်မှအရာရှိကြီးများက လာရောက် တွေ့ဆုံကြသည်ဟု စစ်တွေထောင်မှ ပြန်လွတ်လာခဲ့သူ နောက်တစ်ဦးက ပြောသည်။ ၎င်းက ၎င်းအမည်ကို မထုတ်ဖော်ဖို့ မေတ္တာရပ်ခံသည်။ ပြီးခဲ့သည့်နိုဝင်ဘာလမှာတော့ အဆိုပါတပ်မတော်သား ခုနစ်ဦးကို စစ်ယာဉ် တစ်စီးဖြင့် ခေါ်ဆောင်သွားသည်ဟု ၎င်းက ပြောသည်။

ထိုလထဲမှာပင် အဆိုပါတပ်မတော်သား ခုနစ်ဦးအနက်မှ တစ်ဦးဖြစ်သည့် ဇင်ပိုင်စိုးက facebook account အသစ် တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ ၎င်း၏ ကိုယ်ရေးအကျဉ်းထဲတွင် ၎င်းသည် တပ်မတော် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်ဟု ရေးသားထားသည်။

၎င်း၏ အကောင့်တွင် ပထမဆုံးရေးသည့် ပို့စ်တစ်ခုတွင် ထောင်ထဲမှာသာ နေခဲ့ရသည့် နှစ်တစ်နှစ်ကို ကုန်ဆုံးစေချင်လှပြီဟု ဆိုထားသည်။

(Reuters သတင်းဌာန၏ ဝက်ဘ်ဆိုက်တွင် မေလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည့် Exclusive: Myanmar soldiers jailed for Rohingya killings freed after less than a year ကို မူရင်းအတိုင်း ပြန်ဆိုထားပါသည်။)

Show More

Related Articles

Back to top button