သီရိလင်္ကာနိုင်ငံတွင် ပြီးခဲ့သည့်ဧပြီက ဖြစ်ပွားခဲ့သည့် အသေခံအကြမ်းဖက် ဗုံးခွဲမှုများနှင့် ဆက်စပ်နေသည်ဟု မြန်မာအာဏာပိုင်များက သံသယရှိနေပြီး ခေါ်ယူ စစ်ဆေးခံနေရသည့် အသက် ၃၉ နှစ်အရွယ် သီရိလင်္ကာနိုင်ငံသားက သူ့ကိုယ်သူ ကျောက်ကုန်သည်အဖြစ် ရဲထံထွက်ဆိုခဲ့သည်ဟု အစိုးရ ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။
Abdul Salam Irshad Mohmood (အဗ္ဗဒူ ဆာလမ် အာရှက်မိုမွဒ်) အမည်ရှိ အဆိုပါအမျိုးသားသည် ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်ရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲထံ ထွက်ဆိုခဲ့ကြောင်း ယနေ့ညနေပိုင်းက ပြုလုပ်သည့် သမ္မတရုံး၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောခြင်းဖြစ်သည်။
“အဓိကက ကျောက်မျက် ဝယ်ယူရေးဆိုင်ရာ ကိစ္စတွေ လုပ်တယ်လိုတော့ လောလောဆယ် အကြမ်းဖျင်း ထွက်ဆိုထားတာ ရှိတယ်။ လောလောဆယ်တော့ စိစစ်ဆဲ ရှိပါသေးတယ်” ဟု ၎င်းက ပြောသည်။
ဧပြီလ ၂၁ ရက်နေ့က ခရစ်ယာန်တို့၏ အီစတာပွဲတော် ကျင်းပနေစဉ်အတွင်း သီရိလင်္ကာနိုင်ငံရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း သုံးကျောင်းနှင့်ဟိုတယ် သုံးလုံးတို့တွင် လူ ၂၅၈ ဦး သေဆုံးခဲ့ရသည့် အသေခံဗုံးခွဲမှုများနှင့် ဆက်စပ်သည်ဟု သံသယရှိပြီး မြန်မာအာဏာပိုင်များက အဆိုပါအမျိုးသားကို ခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည်။
၎င်းသည် သီရိလင်္ကာအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်နေသည်ဟု သီရိလင်္ကာအာဏာပိုင်များဘက်က သတင်းပေးထားသူတစ်ဦးနှင့်အတူတူ ဗီဇာယူကာ မြန်မာနိုင်ငံသို့ လေယာဉ်တစ်စီးတည်း လာရောက်ခဲ့ခြင်းကြောင့် ၎င်းကို စုံစမ်း မေးမြန်းရခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။
Abdul Salam Irshad Mohmood နှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည့် သီရိလင်္ကာနိုင်ငံသား သံသယတရားခံ၏ အမည်ကိုတော့ ဦးဇော်ဌေးက ထုတ်ဖော် ပြောခြင်းမရှိပေ။
အဆိုပါ သီရိလင်္ကာအမျိုးသားသည် ပန်းဘဲတန်းမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် နေထိုင်နေကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ ၎င်းကို စုံစမ်းဖော်ထုတ်ပေးရန် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)က ဟိုတယ်/တည်းခိုရိပ်သာများသို့ ထုတ်ပြန်သည့် ညွှန်ကြားချက်စာရွက်တစ်ရွက် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်ကို သိရှိရာမှ အာဏာပိုင်များထံ ယမန်နေ့ညနေက လာရောက် အစစ်အဆေးခံကြောင်း အဆိုပါရဲအရာရှိက ဆက်ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် အဆိုပါ ဟိုတယ်နှင့်ခရီး၏ ထုတ်ပြန်ချက်အရ ၎င်းသည် မြန်မာနိုင်ငံထဲသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ကမ္ဘာလှည့်ခရီးသည်ဗီဇာဖြင့် ရန်ကုန်လေဆိပ်သို့ Jet Star လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်ဖြင့် ဝင်ရောက်ခဲ့ပြီး ပြန်လည်ထွက်မှု မရှိဟု စစ်ဆေးတွေ့ရှိရကာ ဗီဇာသက်တမ်း တစ်နှစ်နှင့် နှစ်လ ကျော်လွန် နေထိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
၎င်းကို မရမ်းကုန်းမြို့နယ်ရှိ အောင်သပြေစစ်ကြောရေးစခန်းသို့ ရဲက ယမန်နေ့ညပင် ပို့ဆောင်စစ်ဆေးခဲ့သည်။
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး ကျောက်မျက်ရတနာလောကမှာတော့ ၎င်းကို နီလာ ရောင်းဝယ်သူ ကျောက်ကုန်သည် တစ်ဦးအဖြစ်သာ သိထားကြကြောင်း၊ ၎င်းကို “သီရိလင်္ကာ ကုလား” ဟု အမည်ပြောင် ခေါ်ကြကြောင်း ၎င်းအကြောင်းကိုသိသည့် ဗိုလ်ချုပ်ဈေးမှ မြန်မာကျောက်ကုန်သည် တစ်ဦးက Myanmar Now ကို ပြောသည်။
Abdul Salam Irshad Mohmood ၏ ထွက်ဆိုချက်များကို ရဲတပ်ဖွဲ့က စိစစ်နေဆဲဖြစ်သဖြင့် အသေးစိတ်အချက်အလက်များကို မထုတ်ပြန်နိုင်သေးကြောင်း ဦးဇော်ဌေးက သတင်းထောက်များကို ပြောသည်။