သတင်း

AAဖမ်းသွားသည့် ရဲမိသားစုများ ပြန်လွတ်

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့နံနက် အစောပိုင်းက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အမှတ်(၃၁) ရဲတပ်ဖွဲ့ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဖမ်းဆီးသွားသည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအား ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ယမန်နေ့ ညပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်။

အသက် ၁နှစ် မှ ၅၆ နှစ်အရွယ်အတွင်းရှိ ရဲမိသားစုများအား AA တပ်သားများက မြောက်ဦးမြို့နယ် ထံမရိတ်ရွာအနီးအနားအထိ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိန်းသိမ်းထားစဉ်ကာလတွင်လည်း ကောင်းမွန်စွာ စောင့်ရှောက်ခဲ့ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။

တပ်မတော်မှ စွပ်စွဲထားသလို ရဲတပ်ဖွဲ့မိသားစုဝင်များကို ဖမ်းဆီးသွားခြင်းမဟုတ်ဘဲ တိုက်ပွဲကြားတွင် ၎င်းတို့ သေဆုံးသွားနိုင်သောကြောင့် ကယ်ထုတ်သွားခြင်းသည်ဟုလည်း ခိုင်သုခက အကြောင်းပြသည်။

၎င်းတို့ ပြန်လွတ်လာသည့်သတင်းကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းကလည်း အတည်ပြုသည်။

ပြန်လည်လွတ်မြောက်လာသူများအား မြောက်ဦးမြို့နယ်ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးပြီးနောက် ၎င်းတို့မိသားစုများက လာရောက်ခေါ်ဆောင်သွားကြောင်း၊ လွတ်မြောက်လာသူအားလုံး ကျန်းကျန်းမာမာ ရှိနေကြောင်း မြောက်ဦးမြို့နယ် ဆေးရုံအုပ်ကြီးအား ကိုးကားပြီး ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောသည်။

AA သည် ပလက်ဝမြို့နယ်အတွင်း လမ်းဖောက်နေသည့် ဆုထူးပန်ကုမ္ပဏီမှ ဝန်ထမ်း ၈ဦး အားလည်း မတ်လ ၃၀ ကတည်းက ဖမ်းဆီးထားပြီး ၎င်းတို့အား စစ်ဆေးနေသည်ဟုဆိုကာ ယနေ့အထိ ပြန်မလွှတ်ဘဲ ထိန်းသိမ်းထားသည်။

Show More

Related Articles

Back to top button