သတင်း

ဒီကေဘီအေသို့ ကူးပြောင်းခဲ့သူ ဗိုလ်ကြီးဟောင်းကို စစ်ဘက်တရားရုံး အမိန့်ချ


တပ်မတော်မှ ထွက်ပြေးသွားပြီးနောက် ကရင်လက်နက်ကိုင်တပ် ဒီကေဘီအေ(ခွဲထွက်) အဖွဲ့သို့ ဝင်ရောက် ဆောင်ရွက်ခဲ့သူ ဗိုလ်ကြီးဟောင်း စောရဲထက်ကို သေဒဏ် အထိ ချမှတ်နိုင်သည့် တပ်မတော် အက်ဥပဒေများဖြင့် အမိန့်ချပြီး အရပ်ဘက်ထောင်ကို လွှဲပြောင်းထားသည်ဟု တပ်မတော်က မတ် ၂၈ ရက်နေ့တွင် အတည်ပြုသည်။

၁၉၅၉ တပ်မတော် အက်ဥပဒေ ပုဒ်မ ၃၂(ဃ)၊ ပုဒ်မ ၃၇ တို့ဖြင့် အမိန့်ချလိုက်ခြင်း ဖြစ်သည်ဟု  အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မောင်မောင်လတ်က  Myanmar Now ကို ပြောသည်။

“စစ်ဘက်တရားရုံးကနေပြီးတော့ ချမှတ်လိုက်တာ။ စစ်ဘက်ဥပဒေ စာအုပ်ကို ပြန်ကြည့်တဲ့ အခါမှာတော့ ဒီပုဒ်မ နှစ်ခုလုံးက သေဒဏ်ချလို့ ရနိုင်တယ်ခင်ဗျ” ဟု ၎င်းက ပြောသည်။

စီရင်ချက်အကြောင်း အသေးစိတ်မေးမြန်းရာတွင် အရပ်ဘက်အကျဉ်းထောင်ကို မေးမြန်းရန်သာ ၎င်းက ပြန်လည်ဖြေကြားသည်။

မွန်ပြည်နယ်အကျဉ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က ဗိုလ်ကြီးဟောင်း စောရဲထက်ကို မော်လမြိုင်အကျဉ်းထောင်သို့ လွှဲပြောင်းထားရှိကြောင်း အတည်ပြုပြောကြားသည်။ အသေးစိတ်အချက်အလက်များ သိလိုပါက ကိုယ်တိုင်လာရောက် မေးမြန်းရမည်ဟု ဆိုသည်။

သေဒဏ် စီရင်ချက် ချမှတ်ခံထားရကြောင်း၊ အယူခံဝင်မည်ဖြစ်ကြောင်း မော်လမြိုင်သို့ ထောင်ဝင်စာတွေ့ခဲ့သူ ဇနီး ဒေါ်ထွေးထွေးခိုင်က ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားဇာတိ၊ ရှမ်းနီတိုင်းရင်းသား ဗိုလ်ကြီးဟောင်း စောရဲထက်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၅၀ ဆင်း ဖြစ်သည်။  ပြင်ဦးလွင်မြို့ရှိ တပ်မတော်ရာထူးတိုးသင်တန်းတွင် တက်ရောက်နေစဉ် အတန်းကြီး ကျောင်းသားတစ်ဦး၏ ရိုက်နှက်မှုကြောင့် ခါးတွင် ဒဏ်ရာရပြီး ကုသမှုခံယူနေချိန် ၂၀၁၀ ပြည့်နှစ်တွင် ထွက်ပြေးခြင်းဖြစ်သည်ဟု ဇနီးသည် ဒေါ်ထွေးထွေးခိုင်က ပြောသည်။

ထို့နောက် ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေပြီး ၂၀၁၂ခုနှစ်တွင် ကရင့်လက်နက်ကိုင်တပ် ဒီကေဘီအေ အဖွဲ့သို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ ၂၀၁၄ ခုနှစ်တွင် ဒီကေဘီအေမှ ဗိုလ်မှူးကြီး စောဆန်းအောင် ခွဲထွက်သွားချိန်တွင် ပါဝင်သွားခဲ့ပြီး ဗိုလ်မှူးကြီး စောဆန်းအောင်၏ ကိုယ်ရေး အရာရှိ၊ ပြန်ကြားရေး တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

  ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် မြဝတီမြို့အနီးရှိ လေးကစ်ကော်မြို့တွင် ဇနီးမောင်နှံ ဆိုင်ကယ်ဖြင့် သွားလာနေစဉ် အရပ်ဝတ်တချို့က ခင်ပွန်းသည်ကို ဖမ်းဆီး ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မတ်လ ၂၂ ရက်နေ့တွင် အာဏာပိုင်တို့က ခင်ပွန်းသည် မော်လမြိုင် အကျဉ်းထောင်တွင် ရှိနေကြောင်း ဆက်သွယ် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

မတ်လ ၂၃ ရက်နေ့က မော်လမြိုင်အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ ကျန်းမာရေး ကောင်းမွန်ကြောင်း ပြောသည်။
“တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ကျွန်မက ဘာမှလည်း နားမလည်ဘူး” ဟု ၎င်းက ပြောသည်။

ဝမ်းရေးအတွက် ရုန်းကန်ကာ ၂ နှစ် အရွယ် ကလေးငယ်ကို ပြုစုပျိုးထောင်နေရသဖြင့် ထောင်ဝင်စာ သွားရောက် တွေ့ဆုံရန်ပင် အခက်အခဲရှိနေသည်ဟု ပြောသည်။

 

Show More

Related Articles

Back to top button