
ရန်ကုန် – ရိုဟင်ဂျာမွတ်စလင်များသည် မြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားများဖြစ်ကြောင်း ဖော်ပြထားသည့် ပြက္ခဒိန်ပုံနှိပ်ရာတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသူ ငါးဦးကို အင်္ဂါနေ့( ဒီဇင်ဘာ ၁ ရက်) က ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ရုံးထုတ်၍ အမှုကို စစ်ဆေးခဲ့သည်။
ယခုအမှုတွင် ဖမ်းဆီးခံထားရသည့် ရန်ကုန်မြို့နေ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသားနှစ်ဦးနှင့် မွတ်စလင်အမျိုးသား သုံးဦးတို့ကို ၂၀၁၄ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာဥပဒေအား ချိုးဖောက်မှုဖြင့် ပုဇွန်တောင်မြို့နယ်တရားရုံးက နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဒဏ်ငွေ ၁၀ သိန်းစီ ကနဦးချမှတ်ခဲ့သည်။ ထိုဥပဒေအရ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး၊ တိုင်းရင်းသားလူမျိုးများအကြား စိတ်ဝမ်းကွဲစေရန် ပုံနှိပ်ထုတ်ဝေခြင်းကို ပြုလုပ်ပါက ဒဏ်ငွေ ကျပ် ၁၀ သိန်းမှ သိန်း ၃၀ အထိ ချမှတ်နိုင်သည်။ ၎င်းတို့က ဒဏ်ကြေးများကို ဆောင်၍ အိမ်ပြန်သွားကြသော်လည်း နောက်တစ်နေ့တွင် ၎င်းတို့ သုံးဦးအား ပုဒ်မ ၅၀၅ (ခ) ကျူးလွန်သည်ဆိုသည့် စွဲချက်ဖြင့် ဖမ်းဆီးကာ အင်းစိန်ထောင်အချုပ်သို့ ပို့ဆောင်ခဲ့သည်။
ပုဒ်မ ၅၀၅ (ခ) အရ အများပြည်သူအား စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် အချက်အလက်များကို ပုံနှိပ်ဖြန့်ဝေခြင်းနှင့် နိုင်ငံတော်အား ဆန့်ကျင်ခြင်းနှင့် အများပြည်သူတည်ငြိမ်မှုကို ပျက်ပြားစေသည့် ဒုစရိုက်မှုများ ဖြစ်ပွားစေရန် လှုံ့ဆော်မှုများ ဖြစ်စေနိုင်ပါက ထောင်ဒဏ်ချမှတ်သည်။
၂၀၁၁ ခုနှစ်တွင် စတင်တာဝန်ယူခဲ့သည့် ယခုအစိုးရလက်ထက်တွင် နိုင်ငံရေးအတိုက်အခံများအား တရားစွဲဆိုရန် အာမခံပေး၍မရသော အဆိုပါ ပုဒ်မ ၅၀၅ (ခ) ကို မကြာခဏ အသုံးပြုခဲ့သည်။
အင်္ဂါနေ့ပြုလုပ်သည့် စစ်ဆေးကြားနာမှုတွင် တရားလိုအဖြစ် ပါဝင်ရသည့် ရဲအရာရှိက မိမိတို့အနေဖြင့် အဆိုပါပြက္ခဒိန်အား ပုံနှိပ်ရန် အလုပ်အပ်ခဲ့သည်ဆိုသော မွတ်စလင်တစ်ဦးဖြစ်သူ ဦးအောင်ခင်အား ရှာဖွေနေဆဲဖြစ်ကြောင်း ပြောကြားသည်။ တရားသူကြီး ဦးနေအောင်မြင်က ဒီဇင်ဘာ ၉ ရက်တွင် နောက်ထပ်ရုံးချိန်းအား ရွှေ့ဆိုင်းလိုက်ပြီးနောက်တွင် တရားစွဲခံရသူများအား အင်းစိန်အကျဉ်းထောင်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
ပုံနှိပ်တိုက်ပိုင်ရှင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ ဦးဟုတ်ရွှေ (ခေါ်) ကိုကျော်ကျော်က ၎င်းအား လက်ထိတ်ဖြင့် တရားရုံးမှ ခေါ်ဆောင်သွားခဲ့စဉ် အမှုနှင့်ပတ်သက်၍ မည်ကဲ့သို့ ထင်မြင်ယူဆကြောင်း မေးမြန်းရာတွင်မူ ၎င်းက “ ဘာမှ မသိဘူး၊ ဘာမှ မသိဘူး” ဟုသာ ပြောခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင်ဘာသာဝင်အများအပြားမှာ ၎င်းတို့ကိုယ်၎င်းတို့ ရိုဟင်ဂျာလူမျိုးဟု ခေါ်ဝေါ်နေသော်လည်း အစိုးရက ၎င်းတို့အား တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာခဲ့သော ဘင်္ဂါလီများဟုသာ သတ်မှတ်ထားသည်။