မေးမြန်းခန်း

“ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ရပ်ဆိုင်းသင့်ပြီ”

ရန်ကုန် – အသက် ၆၅ နှစ်အရွယ်ရှိ ဦးခင်မောင်မြင့် ခေါ် ဦးချိုသည် ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ နာမည်ကျော် ဖားကန့်မြို့တွင် လူသိများသော နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူသည် လွန်ခဲ့သည့်လ ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ မှ ရွေးချယ်ခံရသည်။

ဖားကန့်တွင် များမကြာသေးမီက ကျောက်စိမ်းလုပ်ကွက်များအတွင်း မြေပြို၍ လူတစ်ရာကျော် သေဆုံးခြင်း၊ လက်ရှိအစိုးရသက်တမ်းမကုန်ဆုံးမီ ကုမ္ပဏီများက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း ပိုမို အရှိန်မြှင့် လုပ်ကိုင်နေခြင်း၊ စက်ယန္တရားများနှင့် ဖားကန့်ဒေသ ပြောင်းလဲမှုအနေအထား စသည့် အခြေအနေတို့နှင့် ပတ်သက်၍ Myanmar Now က ဆက်သွယ်မေးမြန်းထားသည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး –   အခု ကုမ္ပဏီတွေက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို အရှိန်မြင့် လုပ်ဆောင်နေတယ်လို့ ကြားရပါတယ်။ ဒါတွေက ဘာ့ကြောင့်ဖြစ်နေတာလဲ ခင်ဗျ။

ဖြေ –   လက်ရှိအစိုးရသက်တမ်းကလည်း ကုန်တော့မှာဆိုတော့ ဒီဇင်ဘာလဆန်းလောက်ကစပြီး ကားကြီးတွေ တက်လာတယ်။ အစိုးရသစ်တက်လာရင် ကုမ္ဗဏီတွေကို ကျောက်တူးခွင့် ကန့်သတ်တော့မယ်လို့ စိုးရိမ်ပြီး ဒီရတဲ့အချိန်လေး နှစ်လသုံးလအတွင်းမှာ အကြီးကျယ်ကို တူးနေတယ်။ အဓိကတူးနေတဲ့ ကုမ္ပဏီတွေကတော့ “ဝ”တိုင်းရင်းသားတွေရဲ့ ကုမ္ပဏီတွေပေါ့။ Ever Winner, မြန်မာတကောင်း၊ တစ်သုံးလုံး၊ ရာဇဌာနီ နာမည်မျိုးစုံနဲ့ “ဝ” နဲ့ ပတ်သက်တဲ့ ကုမ္ပဏီ ၃ဝ လောက် ရှိမယ်။ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ဦးမထုနော်တို့ကချင်အဖွဲ့ ရှိတယ်။ ပအိုးဝ်လွတ်မြောက်ရေး PLO အဖွဲ့ပိုင်တဲ့ ကုမ္ပဏီတွေလည်း ပါတယ်။ ၂၄နာရီ အင်အားအပြည့်နဲ့ တူးနေတယ်။

မေး –   ဖားကန့်မှာရှိတဲ့ ဒေသခံတွေက ဒီလိုကျောက်တူးတဲ့လုပ်ငန်း အရှိန်မြင့်လုပ်ဆောင်တာကို စိုးရိမ်ပြီး ကားတွေကို တားဆီးကြတယ်လို့ ကြားရပါတယ်။ အာဏာပိုင်တွေကကော ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်နေသလဲ။

ဖြေ –   ကျောက်စိမ်းလုပ်ကွက်လျှောက်တဲ့အခါမှာ လိုင်စင်၊ စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။ ကိုယ့်ရဲ့လုပ်ကွက်ကို လွှဲပြောင်းရောင်းချခြင်းမပြုရ၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် ဘယ်လိုဆောင်ရွက်ရမယ်၊ တူးပြီးသားမြေစာတွေကို မြေပြန်ညှိပြီး သစ်ပင်ပြန်စိုက်ရမယ် စသည်ဖြင့် ဒီစည်းမျဉ်းတွေကို ဘာလိုက်နာမှုမှ မရှိဘူး၊ ဘာတာဝန်ခံမှု တာဝန်ယူမှုမှ မရှိဘူး။ မြေစာတွေကို ဥရုချောင်းနားမှာပဲ လာပုံထားကြတယ်။ မိုးရွာရင် ချောင်းကပိတ်နေပြီ။ တစ်ခါတလေ ဆယ်ရက် တစ်ပတ်လောက်ထိကို ချောင်းပိတ်နေတယ်။ ချောင်းပိတ်လို့ ရေကြီးရင် ဒေသခံတောင်သူတွေရဲ့ သီးနှံတွေအားလုံး ပျက်စီးကြတယ်။ ခု ၂၄ နာရီ ကျောက်တူးတဲ့လုပ်ငန်းကို စက်ယန္တရားတွေနဲ့လုပ်တော့ ပတ်ဝန်းကျင် အင်မတန် ဆူညံပြီး လူတွေက ဒေါသထွက်နေကြတယ်။ ကားကြီးတွေကလည်း မိုင်ဝက်လောက်ထိ တန်းစီပြီးတော့ မောင်းနေကြတော့ ဆိုင်ကယ်တစ်စီးတောင် ကြားထဲက ဖြတ်ဖို့မလွယ်ဘူး။ ၂ဝ၁၄ ကနေပြီး စတင်ပြီး သုံးလာတဲ့ ဒီမြေတူး၊ မြေသယ်ကားကြီးတွေက ဘယ်လောက်ကြီးသလဲဆို တန် ၈၅ တန် တင်နိုင်တယ်၊ နှစ်ထပ်တိုက်လောက်ကိုရှိတယ်။ တချို့ကားတွေဆို တန် ၁ဝဝ၊ ၂ဝဝ မြေကော်နိုင်လောက်အောင်ကို ကြီးမားကြတယ်။ နေ့ချင်းညချင်း တောင်တွေ ဖြိုလို့ရတယ်၊ ဧရာမချိုင့်ကြီးတွေ တူးလိုက်လို့ရတယ်။ ဆောင်းတွင်းမှာ သိပ်ကိစ္စမရှိပေမယ့်၊ မိုးတွင်းမှာ ဆိုရင် ဧက ၅ဝ လောက်ရှိတဲ့ အိုင်ကြီးတွေဖြစ်ပေါ်ပြီး ဘေးမြေသားတွေက မခိုင်တဲ့အခြေအနေမှာ ရေတွေပေါက်ကျပြီး ဆူနာမီလိုလှိုင်းတောင် ဖြစ်တယ်။
 
မေး – မကြာသေးခင်က ထွက်လာတဲ့ Global Witness အဖွဲ့ရဲ့ အစီရင်ခံစာအရ ၂ဝ၁၄ ကျောက်စိမ်းရောင်းချငွေဟာ ဒေါ်လာ ဘီလျံ ၃ဝ ကျော်ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် တရားဝင်ရောင်းရငွေဟာ ဒေါ်လာသန်းဂဏန်းပဲရှိတယ်လို့ ပြောတယ်။ ဆိုတော့ ကျောက်စိမ်းမှောင်ခိုလုပ်ငန်းက ဘယ်လောက် ကြီးသလဲ။

ဖြေ – မှောင်ခိုကတော့ အကုန်လုံး ပေါ်တင်လုပ်နေတာပဲ။ ကျောက်စိမ်းတွေကို တရုတ်ပြည်နယ်စပ်နဲ့ထိနေတဲ့ ကချင်ပြည်နယ်က ကမ်ပိုင်တီ၊ နမ်ဆမ်ယန်ဒေသတွေကနေ ကားတွေနဲ့ တိုက်ရိုက် မှောင်ခိုတင်ပို့နေတာပဲ။ စစ်တပ်က ဗိုလ်မှူးဆိုတာတွေလည်း ကုမ္ပဏီသူဌေးတွေရဲ့လူတွေ ဖြစ်နေတယ်။ ဒီကထွက်တဲ့ ကောင်းတဲ့ ကျောက်ဆိုရင် တရုတ်ပြည် မှောင်ခိုရောက်တာပဲ။ နည်းနည်းပါးပါးလောက်ပဲ စာရင်းပြပြီး နေပြည်တော် ကျောက်မျက်ပြပွဲတင်တာလေ။ တရုတ်ပြည်က ယင်ကျန်း၊ ကွမ်းကျို့မြို့တို့ကို သွားကြည့်ရင် ဒါတွေက အဖြေပေါ်တာပဲလေ။

မေး – ကျောက်မျက်ဦးစီးဌာန အရာရှိတစ်ဦး ပြောကြားချက်အရ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေဟာ တိုင်းရင်းသားလုပ်ငန်းရှင်တွေချည်းပဲလို့ ပြောတယ်၊ နိုင်ငံခြားပိုင်ဆိုင်မှု မပါဘူးလို့ပြောတယ်။ ဒါဟာ မှန်သလားခင်ဗျ။

ဖြေ –   နိုင်ငံခြားသားတော့မပါဘူး၊ နိုင်ငံခြားငွေပါတာချည်းကိုဗျ။ တချို့ကတော့ မူးယစ်ဆေးဝါးက ရတဲ့ငွေတွေနဲ့ ဒီမှာလာလုပ်ပြီး ငွေမည်းကို ငွေဖြူဖြစ်အောင် လုပ်တာပေါ့။ နောက်တစ်မျိုးကတော့ တရုတ်ပြည် အာဏာပိုင်အဖွဲ့အစည်းက သူတို့သားသမီးတွေက Ever Winner ကုမ္ပဏီတို့၊ ဝ ကုမ္ပဏီတွေဆီမှာ ရှယ်ယာတွေဝင်ပြီး ဒီကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေကြတာပဲလေ။ မြန်မာပြည်အတွက်တော့ ရင်နာစရာကောင်းတာပေါ့လေ။ အစိုးရကနေပြီး ကိုယ့်ပြည်သူတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ကာကွယ် တားဆီးရမယ့်အစား တိုင်းပြည်ကိုဖျက်ဆီးတဲ့သူတွေနဲ့ ပေါင်းစားနေတယ်။

မေး – ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှာ မြေစာပုံပိလို့ ရာနဲ့ချီသေတာတွေ၊ ကားကြီးတွေတိုက်လို့သေတာမျိုး ဆက်တိုက်ဆိုသလိုပဲ ကြားနေရတယ်။  လုပ်ငန်းခွင်တွေမှာ ဘာဖြစ်လို့ ဒီလောက် အန္တရာယ်များနေရတာလဲ။

ဖြေ –   လုပ်ငန်းခွင်တွေမှာ စက်ယန္တရားတွေ အဆမတန် သုံးစွဲနေတယ်၊ နောက်ပြီး ကျောက်စိမ်းတုံး လိုက်ရှာကောက်နေတဲ့သူတွေဟာလည်း စားဝတ်နေရေး အင်မတန်ကျပ်တည်းတော့ ကားကြီးလာလည်း မြင်ချင်မှမြင်မယ်။ လုပ်ငန်းခွင်မှာ ဖုံမထအောင် ရေဖျန်းထားတော့ ကျောက်လာရှာတဲ့သူတွေ။ ဆိုင်ကယ်တွေနဲ့ ဥဒဟိုသွားလာနေတဲ့သူတွေဟာ အခန့်မသင့်ရင် ကားကြီးတွေအောက်ရောက်ပြီး အကြိတ်ခံရတော့တာပဲလေ။ တချို့ ကျောက်ရှာတဲ့သူတွေကလည်း မူးယစ်ဆေးဝါးတွေ သုံးထားတော့ ရူးကြောင်မူးကြောင်နဲ့ လျှောက်သွားနေရင်း ကားတိုက်သေတာပေါ့လေ။ ကားကြီးတွေက အနံက ၂၅ ပေရှိတယ်၊ ဆိုတော့ ကားမောင်းတဲ့သူက ဘေးဆုံးထိ ပြည့်ပြည့်ဝဝ မမြင်နိုင်ဘူးလေ။ ကားဘီးတွေကလည်း အမြင့် ၈ ပေလောက် ရှိတော့ လူတစ်ယောက်ကို ကြိတ်သွားပြီဆိုရင် အဝတ်စကို မြေပေါ်မှာချထားသလို ပြားပြားဝပ်ဝပ်သွားတာပဲ။

မေး – လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ဖားကန့်အခြေအနေနဲ့ လက်ရှိအနေအထား ဘယ်လောက်တောင် တောတောင်ရေမြေ ပြောင်းလဲသွားပြီလဲဗျ။

ဖြေ –   လွန်ခဲ့တဲ့ နှစ်ပေါင်းအစိတ်လောက်ကဆိုရင် အားလုံးက လက်နဲ့တူးကြတယ်။ ခုခေတ်လို စက်တွေ ရောက်မလာသေးဘူး။ အဲဒီတုန်းကဆိုရင် အားလုံး စိမ်းစိမ်းလန်းလန်းနဲ့ ဒီဥရုချောင်းကြီးမှာ ရေသောက်ခဲ့ကြတယ်၊ အဲဒီချောင်းရေနဲ့ပဲ ထမင်းချက်စားခဲ့ကြတယ်၊ ဖားကန့်မြို့က အပြင် နည်းနည်း ထွက်လိုက်တယ်ဆိုရင် သဘာဝအလျောက် ပေါက်နေတဲ့ အပင်တွေထဲကနေပြီး စားဖို့သောက်ဖို့ အသီးအနှံတွေ ခူးလို့ရတယ်။ အခုတော့ ဘာမှမရှိတော့ဘူး။ ထင်းဆိုက်ဖို့တောင်မှ သစ်၊ ဝါး မရှိတော့ဘူး။ တောတောင်အလုံးပေါင်း မြောက်မြားစွာ ပျောက်ကွယ်ခဲ့ပြီ။ မြေစာပုံတွေဟာ တောင်ကြီးတွေ ပြန်ဖြစ်သွားတယ်။ တောင်ကြီးတွေ မိုင်းခွဲတော့လည်း …ဥပမာ လော်စစ်ဟန်သား ထွန်းမြင့်နိုင်ပိုင်တဲ့ ရတနာတောင်တန်းကုမ္ပဏီဆိုရင် တောင်ကိုထွင်းပြီး မိုင်းထည့်ခွဲတယ်၊ ဒီလိုခွဲလိုက်တဲ့အချိန်မှာ တောင်ကြီးတွေဟာ ၉/၁၁ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီး ပြိုကျသလို ပြိုကျတယ်။ ဖုန်လုံးကြီးတွေ အကြီးအကျယ် လွင့်စဉ်ထွက်လာတယ်။ ဒီလိုနဲ့ တောင်တွေဟာ နှစ်မိနစ်၊ သုံးမိနစ်အတွင်းမှာပဲ ပြိုကျကုန်တယ်။ ပြိုကျလာတဲ့ မြေစာတွေကို စက်ကြီး၊ ကားကြီးတွေနဲ့ သယ်သွားလိုက်ကြတာ ပေ ၅ဝဝ ၊ ပေ ၁,ဝဝဝ မြင့်တဲ့တောင်တွေဟာ သုံးလေးရက်ဆိုရင် ပြောင်သွားပြီ။ နောက်ဆုံး တူးလိုက်တဲ့ မြေစာတွေဟာ ဘာဖြစ်သွားလဲဆိုတော့ ချင်းတွင်းမြစ်ထဲ သွားတယ်။ မိုးတွင်းကာလမှာ ကလေးမြို့နားတဝိုက်မှာဆိုရင် နုန်းမြေတွေ ၁၄ ပေ၊ ၁၅ ပေ ချင်းတွင်းမြစ်မှာ သောင်ထွန်းနေတယ်။ ဒီနုန်းမြေတွေဟာ လယ်ယာစပါးခင်းတွေကို အကုန်လွှမ်းမိုးသွားလို့ ကျောက်စိမ်းတူးတာကရတဲ့ ပိုက်ဆံနဲ့ ဒါရဲ့ နောက်ဆက်တွဲ ရင်ဆိုင်ရတဲ့ သဘာဝဘေးဒဏ်တွေ ပြန်ယှဉ်ကြည့်မယ်ဆိုရင် ဘာမှ သိပ်အကျိုးမရှိတဲ့အတွက် ဒီကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ရပ်ဆိုင်းသင့်ပြီလို့ ထင်တယ်။

မေး –   ဦးခင်မောင်မြင့်က ဖားကန့်ဒေသ ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်အဖြစ် အရွေးခံထားရပြီဆိုတော့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဘယ်ဥပဒေတွေ တင်သွင်းပြီး အကြံပြုချင်လဲဗျ။

ဖြေ – အဓိကကတော့ ပွင့်လင်းမြင်သာမှု ရှိရမယ်။ လုပ်ကွက်တွေဟာ တရားဝင်လိုင်စင်နဲ့ တူးနေတာလား၊ အငှားတူးနေတာလား၊ နောက် ဒီမှာသုံးစွဲနေတဲ့ ငွေတွေဟာ ငွေဖြူတွေလား၊ မူးယစ်ဆေးဝါး ရောင်းတာကနေရတဲ့ ငွေတွေလား ဆိုတာလည်း စစ်ဆေးရမယ်။ အားလုံး စည်းကမ်းနဲ့အညီ ကိုင်တွယ်နိုင်မှသာလျှင် အခြေအနေကို ထိန်းချုပ်နိုင်မယ်။ အကယ်၍ ပိတ်သင့်ရင်လည်း အကုန်လုံးပိတ်ပေါ့ဗျာ။ ဒီကျောက်စိမ်းဆိုတာလည်း တခြားနိုင်ငံတွေမှာ မထွက်တော့ ကျွန်တော်တို့ဆီက လိုချင်တဲ့အချိန် ထုတ်ရောင်းရတာပဲ။ ကြိုက်တဲ့အချိန်မှာ ထရောင်းလို့ရတယ်။ အခုလို ကန်စွန်းရွက်ဟင်းရွက်လို ဗုံးပေါလအော ရောင်းတော့ ဈေးနှိမ်ခံရတာပေါ့။ ။

Show More

Related Articles

Back to top button