ရန်ကုန် – သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် သောကြာနေ့က လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၂ဦး ပါဝင်ပြီး ထောင်တွေထဲမှာ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အများအပြား ကျန်နေသေးတယ်လို့ လူ့အခွင့်အရေးသမားတွေ၊ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
အများမျှော်လင့်ထားတဲ့ ထင်ရှားသူတွေ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဆိုပါတယ်။
“နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမှာကို ဘာလို့များ နည်းနည်း၊ နည်းနည်းစီ လွှတ်ပေးနေရလဲ။ သူတို့ ဘာကိုဈေးဆစ်နေတာလဲ။ တကယ်တမ်း လွှတ်ပေးလိုက်မယ်ဆိုရင် အစိုးရရဲ့ ဂုဏ်သိက္ခာလည်း မြင့်တက်လာမှာဖြစ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း အများကြီး အထောက်အကူဖြစ်စေမှာပါ” လို့ သူက ပြောပါတယ်။
ထောင်ကလွှတ်ပေးရာမှာ ပါဝင်တဲ့ နိုင်ကျဉ်းအရေအတွက်ကို အစိုးရက တရားဝင်ထုတ်ပြန်ခြင်းမရှိတဲ့ အတွက်လည်း နိုင်ကျဉ်းအရေးလုပ်ဆောင်သူတွေ အခက်တွေ့နေတယ်လို့ သူက ပြောပါတယ်။
အကျဉ်းသားတွေ လွတ်လာတဲ့ မနက်ပိုင်းမှာပဲ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားပေါင်း ၁ဝ၂ ဦး ရှိတယ်၊ သေဒဏ်ကျအကျဉ်းသား ၇၇ ဦးရဲ့ ပြစ်ဒဏ်ကို ထောင်ဒဏ်တွေအဖြစ် ပြောင်းလိုက်တယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးပါတယ်။ လွှတ်လိုက်တဲ့ထဲ နိုင်ငံခြားသားတစ်ဦး ပါဝင်တယ်လို့ ဆိုပြီး အသေးစိတ်အချက်အလက်တွေ ဖော်ပြခြင်း မရှိပါဘူး။
ပြန်လွတ်လာတဲ့ထဲ သတင်းသမားတွေ မပါဝင်
ဒေါ်နော်အုံးလှ၊ ဦးထင်ကျော်၊ ဦးထင်လင်းဦး အစရှိတဲ့ ထင်ရှားသူတွေ ဆက်လက် ထိန်းသိမ်းခံနေရပေမဲ့ လွတ်မြောက်လာတဲ့ နိုင်ကျဉ်း ၅၂ဦး ထဲမှာ တက်ကြွလှုပ်ရှားသူ ဦးဘမြင့်၊ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေ အစရှိတဲ့ အထင်ကရတွေ ပါဝင်ပါတယ်။
သာသနာညှိုးနွမ်းစေမှုနဲ့ ပြီးခဲ့တဲ့ဇွန်လမှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသူ ဦးထင်လင်းဦး လွတ်ငြိမ်းသက်သာခွင့်ထဲ ပါဝင်ခြင်း မရှိဘူးလို့ သူ့ရဲ့ဇနီးဖြစ်သူက ပြောပါတယ်။
“ကျွန်မအမျိုးသားကို သူတို့ဖမ်းချင်လို့ မဟုတ်တဲ့အမှုကိုတောင် အမှုလုပ်ပြီး ထောင်ထဲ ထည့်ထားတာပါ” လို့ ဒေါ်စောစန္ဒာက ပြောပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် စာပေဟောပြောပွဲတစ်ခုမှာ ဦးထင်လင်းဦးက ဗုဒ္ဓဘာသာကို ထိခိုက်ပြောကြားခဲ့တယ်ဆိုပြီး အစိုးရက သူ့ကို တရားစွဲခဲ့တာပါ။
AAPP က မှတ်တမ်းတင်ထားတဲ့ နိုင်ကျဉ်း ၆၂၉ ဦးထဲမှာ သတင်းမီဒီယာသမားတွေလည်း ပါဝင်ပါတယ်။
လက်နက်စက်ရုံအကြောင်းရေးသားဖော်ပြမှုကြောင့် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခြင်းခံခဲ့ရသူ ယူနတီဂျာနယ်က ဝိုင်းတော်သား ၅ ဦး ပြန်လွတ်မလာသေးပါဘူး။
ယူနတီ သတင်းသမားတစ်ယောက်ဖြစ်တဲ့ ကိုလူမော်နိုင်ရဲ့ ဇနီးသည်ကတော့ အစိုးရအနေနဲ့ အာဃာတတွေကို ဖယ်ရှားပြီး ပြည်သူတွေရဲ့ နား၊ မျက်စိ ဖြစ်တဲ့ စာနယ်ဇင်းသမားတွေကို လွှတ်ပေးသင့်ပါတယ်လို့ မှတ်ချက်ပြုပါတယ်။
“ငါးနှစ်မပြည့်သေးတဲ့သမီးလေးက သူ့အဖေ ဘယ်တော့ပြန်လာမလဲလို့ မေးလိုက်တဲ့ အခါတိုင်း ကျမမှာ မျက်ရည်ကျနေရတယ်။ သားသမီးချင်း ကိုယ်ချင်းစာစေချင်ပါတယ်” လို့ မလွင်လွင်မာက ပြောပါတယ်။
“လွှတ်ပေးမယ်၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးတော့မယ်ဆိုတဲ့ အသံကြားတိုင်း စိတ်လှုပ်ရှားခဲ့ရတာ။ တကယ်တမ်းလည်း လွှတ်ပေးရော သူတို့မပါတော့ စိတ်ပျက်လက်ပျက်ဖြစ်ရတယ်”
လတ်တလော ထိန်းသိမ်းခြင်း၊ စီရင်ချက်ချခြင်း
AAPP ရဲ့စာရင်းတွေအရဆိုရင်တော့ နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ ၄ဝဝ ကျော် အမှုရင်ဆိုင်နေရပါတယ်။ အဲဒီထဲမှာ ပညာရေးဥပဒေဆန္ဒပြသူများ၊ လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းကို ဆန့်ကျင်သူများ ပါဝင်ပါတယ်။
လွတ်ငြိမ်းသက်သာခွင့်မကြေညာမီ တစ်ရက်အလိုမှာ အထိန်းသိမ်းခံလိုက်ရသူကတော့ ရွှေဝါရောင် အရေးအခင်းကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးဂမ္ဘီရ(ခေါ်) ကိုညီညီလွင်ပါပဲ။ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ငြိစွန်းတယ်ဆိုတဲ့ စွဲချက်နဲ့ အာဏာပိုင်တွေက သူ့ကို မန္တလေးမြို့မှာ ဖမ်းလိုက်တာပါ။
လွတ်ငြိမ်းခွင့်ကြေညာတဲ့နေ့မှာပဲ ထောင်ဒဏ် ၆ လ ချမှတ်ခံရသူကတော့ ကာကွယ်ရေးဦးစီးချုပ်ပုံကို Facebook မှာ ဖော်ပြပြီး သိက္ခာကျအောင် ပြုလုပ်တယ်လို့ စွပ်စွဲခံရတဲ့ ကချင်တိုင်းရင်းသား ဦးပက်ထရစ်ခွန်ဂျာလီ ဖြစ်ပါတယ်။ သူ အထိန်းသိမ်းခံနေရတာ ၃ လ ရှိပါပြီ။ သူ့ရဲ့ဇနီးသည် ဒေါ်မေစံပယ်ဖြူကတော့ စီရင်ချက်ဟာ ၂ဝဝ၈ အခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်သွားတာဖြစ်တယ်၊ ကျန်းမာရေးအခြေအနေကြောင့် ထောင်ထဲမှာ ကာလကြာရှည်နေထိုင်ဖို့ မသင့်တော်ဘူးလို့ တရားရုံးကအထွက်မှာ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီဝင်တစ်ယောက်ဖြစ်တဲ့ ဦးရဲအောင်က နိုင်ကျဉ်းအရေအတွက် အနည်းငယ်ပဲ လွှတ်ပေးတဲ့အတွက် စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေအပေါ် သူ့တို့ရဲ့သဘောထားဟာပြောင်းလဲမှုမရှိသေးဘူး ဆိုတာ ဒါကို ကြည့်ပြီး ခန့်မှန်းလို့ရပါတယ်” လို့ သူကပြောပါတယ်။
အကျဉ်းသားလွှတ်ပေးခြင်းဟာ ဒီကနေ့ စတင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဗုဒ္ဓဘာသာ ညီလာခံ၊ မကြာသေးမီက ပြီးစီးသွားတဲ့ နေပြည်တော် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်း အစရှိတဲ့ အထိမ်းအမှတ်တွေနဲ့ သက်ဆိုင်တယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူးက ပြောပါတယ်။ ။