သတင်း

ပြည်သူ့လွှတ်တော် ပြန်လည်စတင်၊ ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆို

နေပြည်တော် – စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ပိတ်ဆို့မှုများကို ကြုံတွေ့ခံခဲ့ရသည့် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို တနင်္လာနေ့ နံနက်ပိုင်းက ပြန်လည်စတင်ခဲ့သည်။

ကိုလိုနီခေတ် လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင်များကဲ့သို့ ပင်နီတိုက်ပုံဝတ်ဆင်ထားသော အမျိုးသားအများစုပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမဆုံးနေ့သို့ တက်ရောက်ရန် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံသို့ ဝင်လာကြသည်။

လူထုထောက်ခံမှု အများအပြားရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများစုအနိုင်ရခဲ့ပြီး ကိုယ်စားလှယ်နေရာ ၄၄ဝ သတ်မှတ်ထားသော ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေရာ ရခဲ့သည်။

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ခံရသည့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့က အခမ်းအနားသဘာပတိအဖြစ် တာဝန်ယူရသူ မွန်ပြည်နယ်မှ NLD လွှတ်တော်အမတ် ဒေါ်ခင်ဌေးကြွယ်၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုကြသည်။

တစ်နာရီခန့်ပင် မကြာမြင့်ခဲ့သည့် ပြည်သူ့လွှတ်တော် ပထမဆုံးနေ့အစီအစဉ်တွင် NLD အမတ် ဦးဝင်းမြင့်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ် ဦးတီခွန်မြတ်တို့ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအဖြစ် အတည်ပြုလိုက်သည်။

ဦးဝင်းမြင့်သည် ၁၉၉ဝ ရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂ဝ၁၅ နိုဝင်ဘာ ရွေးကောက်ပွဲများတွင် ရွေးချယ်ခံခဲ့ရသူတစ်ဦးဖြစ်သည်။ လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ ဦးဝင်းမြင့်က တိုင်းပြည်ညီညွတ်ရေးအတွက် လုပ်ဆောင်ကြရန်၊ နိုင်ငံတော်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ကြရန် လွှတ်တော်ကိုယ်စားလှယ်သစ်များကို တိုက်တွန်းခဲ့သည်။

“ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး နဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် နိုင်ငံသားတွေက လုပ်ပိုင်ခွင့်လွှဲအပ်ခံရသူတွေဖြစ်တယ်။ လွှတ်တော်အမတ်တွေဖြစ်တာနဲ့အညီ အနေအထိုင်အပြောအဆို အစစအရာရာ သတိထားလုပ်ကိုင်ကြဖို့ အရေးကြီးတယ်” ဟု လွှတ်တော်ဥက္ကဋ္ဌသစ်က ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ်ကို NLD က လျာထားကြောင်း ပြီးခဲ့သည့်သီတင်းပတ်က သတင်းထွက်ပေါ်ခဲ့ရာတွင် အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်ခဲ့သည်။

ဦးတီခွန်မြတ်သည် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားနေပြီး ဘိန်းစိုက်ပျိုးရေးလုပ်ဆောင်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းမှ အစိုးရထောက်ခံသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲဖြစ်သည်ဟု ပြောဆိုမှုများ ရှိခဲ့သည်။

ပြည်သူ့လွှတ်တော် ပြန်လည်စတင်သည့်နေ့တွင် လွှတ်တော်တွင်း၂၅ ရာခိုင်နှုန်း နေရာယူထားသည့် တပ်မတော်သားကိုယ်စားလှယ်များက သတင်းထောက်တို့၏ မေးမြန်းချက်တို့ကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းတာဝန်မှ ဖယ်ရှားခံခဲ့ရသည့် သူရဦးရွှေမန်းက လေ့လာသူတစ်ဦးနေဖြင့် တက်ရောက်ခဲ့သည်။ သူ့ကို NLD တာဝန်ရှိသူများနှင့်အတူ တွေ့ရခြင်းသည် မီဒီယာများအတွက် စိတ်ဝင်စားစရာတစ်ခုဖြစ်နေသည်။

NLD မှ လွှတ်တော်ကိုယ်စားလှယ်သစ် ဦးသောင်းထွန်းက ယခုရွေးချယ်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်အများစုသည် စစ်အစိုးရလက်ထက် ဒီမိုကရေစီလှုပ်ရှားမှုများဖြင့် ထောင်ကျခံခဲ့ရဖူးသူများဖြစ်ကြောင်း၊ ယနေ့သည် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ကြောင်း ပြောကြားသည်။

“လက်ရှိ ပြည်သူမှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေမရဘူး။ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနစ်နာခဲ့တယ်။ ဒါတွေကို ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်မယ်” ဟု ကဗျာဆရာ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသောင်းထွန်းက ဆိုသည်။

“တိုင်းပြည်က စစ်အာဏာရှင်အောက်မှာ နှစ်ပေါင်းများစွာ ကျရောက်ခဲ့တာ၊ ပြည်တွင်းစစ် နှစ် ၆၀ လောက်ကြုံနေရတာ၊ ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီးနောက်ကျခဲ့တယ်။ အဲဒီအတွက် ပြည်သူတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်တွေကို စောင့်ရှောက်နိုင်ဖို့ရယ်၊ နိုင်ငံနဲ့ နိုင်ငံသားတွေ တိုးတက်ဖွံ့ဖြိုးမှုတွေကို မြင့်မားရရှိလာဖို့ ကျွန်တော်တို့ ကြိုးစားမယ်”

ပြီးခဲ့သည့်လအထိ ပြည့်သူ့လွှတ်တော်တွင် ၄ နှစ်နီးပါး တက်ရောက်ခဲ့သော်လည်း ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခြင်း မရှိခဲ့သည့် NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ၇၅ နှစ်အရွယ် ဦးဝင်းထိန်က “ကျွန်တော်တို့ သိပ်ကိုစိတ်လှုပ်ရှားတာပေါ့။ ဒါတွေဟာ ကျွန်တော်တို့ ကြိုးပမ်းသမျှ အကောင်အထည်ပေါ်လာတာ၊ ဒေါ်စုရဲ့ ဦးဆောင်မှုကြောင့် အကောင်အထည်ပေါ်လာတာပေါ့” ဟု ပြောသည်။

“ထောင်ကျနေတုန်းက တစ်နေ့ကျရင် လွှတ်တော်ထဲရောက်ပြီး ခုလို အရေးကြီးတဲ့ကိစ္စရပ်တွေ လုပ်ဆောင်ရမယ်ဆိုတာ တစ်ခါမှမတွေးမိဘူး”

မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သည့် စစ်တပ်က ၁၉၆၂ ခုနှစ်တွင် ဒီမိုကရေစီစနစ်ဖြင့် ရွေးချယ်ခဲ့သည့် လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း စစ်အစိုးရအဆက်ဆက်က မှားယွင်းသည့် စီမံခန့်ခွဲမှုများ၊ နိုင်ငံသားတို့အပေါ် ဖိနှိပ်မှုများ လုပ်ဆောင်ခဲ့သည်။

လွတ်လပ်မျှတမှုမရှိဟု ဝေဖန်ခံခဲ့ရသည့်၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် စစ်တပ်က ထောက်ခံပံ့ပိုးထားသည့် ပါတီအနိုင်ရခဲ့ကာ အရပ်သားတစ်ပိုင်းအစိုးရအဖွဲ့ သမ္မတဦးသိန်းစိန်က စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကြီးကို ကျင်းပပေးနိုင်ခဲ့သည်။

အတိုက်အခံ NLD ပါတီက ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသားအနိုင်ရမှုကို အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် စစ်တပ်တို့က လက်ခံခဲ့သည်။ ယင်းအခြေအနေသည် မြန်မာနိုင်ငံ၏ မပြီးဆုံးသေးသော ပြည်တွင်းစစ်၊ ဆန္ဒပြမှုများနှင့် အင်အားသုံးဖြိုခွဲမှုများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးစာမျက်နှာသစ်တစ်ရပ်အတွက် အလားအလာကောင်းများဖြစ်ကြောင်း အပြုသဘောမြင်သူများက သုံးသပ်ကြသည်။

NLD သည် လွှတ်တော်နှစ်ရပ်တွင် အစိုးရတစ်ရပ်ကို ဖွဲ့နိုင်သည့် အရေအတွက်အထိ ရွေးကောက်ပွဲရလဒ်ကောင်းများ ထွက်ပေါ်ခဲ့သည်။ အာဏာရပြည်ခိုင်ဖြိုးပါတီကမူ ပြည်သူ့လွှတ်တော်တွင် နေရာ ၃ဝ၊ အမျိုးသားလွှတ်တော်တွင် ၁၁ နေရာသာ အနိုင်ရခဲ့သည်။

Show More

Related Articles

Back to top button